ဒုဗိုလ်ချုပ်ကြီးယွက်စစ် - ပင်လုံကို မပြန်သွားသရွေ့ ယမ်းငွေ့ ဝေနေဦးမည်

Monday, November 15, 2010 4:16 AM | Posted by Anonymous
ဒုဗိုလ်ချုပ်ကြီးယွက်စစ် - ပင်လုံကို မပြန်သွားသရွေ့ ယမ်းငွေ့ ဝေနေဦးမည်
Monday, 15 November 2010 16:31 သျှမ်းသံတော်ဆင့်


ယခုလ ၇ ရက်က တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နဲ့ နအဖစစ်တပ်အကြားတိုက်ပွဲဖြစ်ပွါး ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်း ပြည်တပ်မတော်က သဘော ထားထုတ်ပြန်ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲမှာ DKBA က နအဖအစိုးရကို ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်လိုက်တဲ့စိတ်ဓါတ် ကို အထူးလေးစာဂုဏ်ယူမိကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်တပ်ဖွဲ့ တွေအတွက် စံနမူနာထား အတုယူသင့်ကြောင်း RCSS/SSA ဗဟိုဦးစီးကော်မတီက အဓိကထား ဖော်ပြထားပါတယ်။



ဒေါ်အောင်ဆန်းစုကြည်

တိုးတက်သော ဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် DKBA နဲ့နအဖတို့ရဲ့ မြတီမြို့နဲ့ ဘုရားသုံးဆူမြို့တိုက်ပွဲအပေါ် သဘော ထားထုတ်ပြန် ကြေငြာချက်နဲ့ပါတ်သက်ပြီး သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က -

DKBA ဟာ နအဖနဲ့ ပူးပေါင်းပြီး KNU ကိုတိုက်ခိုက်လာတာ နှစ်ပေါင်းတော်တော်ကြာပါပြီ။ နအဖစစ်အုပ်စုဟာ တိုင်းရင်းသား တွေအပေါ် ရိုးသားမှုမရှိမှန်း သိလာတဲ့ခါကျတော့ DKBA အနေနဲ့ ရဲရဲရင့်ရင့် တိုက်ခိုက် တဲ့အပေါ် ကျနော်တို့ ဂုဏ်ယူတယ်။ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် နအဖစစ်အုပ်စု ဘယ်တုန်းကမှ မရိုးသားဘူးဆိုတာ သင်္ခဏ်းစာရဖို့ အချိန်ရောက်ပြီ။ ဒီတော့တိုင်းရင်းသားတွေပူးပေါင်းဖို့အချိန်တန်ပြီဆိုပြီး DKBA ကို ထောက်ခံ အားပေး တဲ့အနေနဲ့ထုတ် ပြန်လိုက်တာဖြစ်ပါတယ်။

ကြေငြာချက် အပိုဒ် ၃ မှာ စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးရန် အချိန်ကျရောက်ပြီလို့ပါရှိပါတယ်။ ဘယ်လို အနေ အထားနဲ့ ပူးပေါင်းမလဲဆိုတာလဲ သိပါရစေခင်ဗျ။

တိုင်းရင်းသားဆိုရင် ၈ ပြည်နယ်စုပေါင်းထားတဲ့ ပြည်ထောင်စုတိုင်းရင်းသားနဲ့ကျနော်တို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ သျှမ်း၊ ရခိုင် တို့စုပေါင်းဖွဲ့ထားတဲ့ ၆ နိုင်ငံစစ်ရေးမဟာမိတ်အဖွဲ့ ။ နောက်သျှမ်းပြည်တွင်းမှာ ကျန်တဲ့ အခါ၊ ၀ ၊ လားဟူ၊ ပအိုဝ်း စတဲ့ သျှမ်းပြည် တိုင်းရင်း သားတွေ နဲ့ အတူဒီကနေ့ ကျနော်တို့က သျှမ်း ပြည်ကွန်ကရက်ဆိုပြီး ထပ်မံဖွဲ့စည်း ထားပြန်တယ်။ ကျနော်တို့ သျှမ်းပြည်ကွန်ကရက်အနေနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေ ကျနော်တို့နဲ့လာရောက်ပူးပေါင်းပြီး သျှမ်းပြည်တွင်း ပြသနာ အရပ်ရပ်ကို ဖြေရှင်းဖို့ လက်ကမ်းဖိတ်ခေါ်တယ်။

မကြာသေးခင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့ ထပ်မံတွေ့ဆုံတယ်လို့ ကြားသိရပါ တယ်။ သျှမ်းပြည် တပ်မတော်ရော ပါသလားခင်ဗျ။ ဘာတွေ အဓိကထားဆွေး နွေး သွားပါသလဲ။

အဲဒီအကြောင်း ကျနော်တို့ သတင်းကြားရရုံဘဲ။ ကျနော်တို့ အာရ်စီအက်စ်အက်စ် အနေ နဲ့ မပါဝင်ခဲ့ပါဘူး။ ခုန ပြောတဲ့ ကျနော်တို့သျှမ်းပြည်ကွန်ကရက်ကနေ ဘယ်လိုလှုပ်ရှား ဆောင်ရွက်သွားမယ်ဆိုတာ ထပ်မံ ဆွေးနွေးရပါဦးမယ်။ ပြည်ပ တိုင်းရင်းသားတွေက ပြည်ထောင်စုဖွဲ့မယ်ဆိုတာတွေနဲ့ပါတ်သက်ပြီး ကျနော်တို့ရဲ့ စစ်ရေးမဟာမိတ် ၆ ဖွဲ့ အနေနဲ့ ဘယ်ဒေါင့် ကနေ ပါဝင်ထမ်းဆောင်မလဲဆိုတာလဲ ထပ်မံ ဆွေးနွေးရပါမယ်။ ဒီအချက်ကိုကျနော်အဓိကထားလုပ်ဆောင်နေပါတယ်။

ရွေးကောက်ပွဲဆန့်ကျင်တဲ့အနေနဲ့ နအဖစစ်အစိုးရကို DKBA က စစ်မျက်နှာဖွင့် တိုက် ခိုက် တယ်လို့ပြောဆိုနေတဲ့အပေါ် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျ။


ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်

ဒီစစ်ပွဲကတော့ နအဖနဲ့ဒီကေဘီအေတို့အကြား ဖြစ်တဲ့ စစ်ပွဲလို့ကျနော်မြင်တယ်။ ရွေးကောက် ပွဲကာလ နဲ့တိုက်ဆိုင် တဲ့စစ်ပွဲလဲဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြောင်းပြောမယ်ဆိုရင်တော့ မြ၀တီ မှာတင်မဟုတ်ဘူး။ တပြည်လုံးမှာ တရားမျှတမှုကင်းမဲ့တယ်။ ဥပမာ သျှမ်းပြည်မှာဘဲကြည့်လေ။ တရားဝင်ဆိုရင် ကျားဖြူ ပါတီ က အနိုင်ရတယ်။ ဒါပေမယ့် ကြံ့ဖွတ်က မသမာနည်းနဲ့မဲလိမ်တော့ ကျားဖြူက ရှုံးရတယ်။ ဒါပေမယ့် ကြံ့ဖွတ်နိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင်တောင်မှ အရင်ကနဲ့မခြားနားတဲ့ သွေးစွန်းလက် အစိုးရဘဲဖြစ်ပါတယ်။ ပြသနာလဲ အရင်အတိုင်းဘဲရှုပ်နေမှာဘဲ။ ဘာမှထူးခြားလာ မှာမဟုတ်ဘူး။

အရင်က ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မပါလို့မဖြစ်ဘူး ဆိုပြီး အက်စ်အက်စ်အေက ပြောဖူးခဲ့ တယ်ခင်ဗျ။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ် မြောက်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ။

သူမ လွှတ်မြောက်လာတာဟာ လွတ်လပ်မှုအပြည့်နဲ့ လွှတ်မြောက်ခြင်းမဟုတ်ဘူး။ စစ် အစိုးရ (နောက်ကွယ်မှာ) ကန့်သတ် ထားတဲ့စည်းကမ်း ချက် ဘောင်အတွင်းကနေ လွှတ်မြောက်လာ တာဖြစ်လို့သူမယုံကြည်မျှော်လင့်ထားတဲ့ အတိုင်း ပြည်သူတွေအတွက် လွတ် လပ် စွာလှုပ်ရှားခွင့်ရမယ်မထင်ဘူး။ သူမ စစ်အစိုးရရဲ့ မျက်စိဒေါက်ထောက်မှု အောက်မှာ လှုပ်ရှားရ မှာဖြစ်တယ်။ ဆိုတော့ တိုင်းရင်းသားတွေအတွက် သူမဘာတွေစွမ်းဆောင်ပေးမလဲ ဆိုတာလဲ ကျနော် မခန့်မှန်းနိုင်ဘူး။

ကျနော် အဓိကထားပြောချင်တာ ၂ ချက်ရှိတယ်။ ၁- အာရ်စီအက်စ်အက်စ်ရဲ့ ပေါ်လစီ မပြောင်းလဲဘူး။ အမျိုးသား စည်းလုံးညီညွတ်မှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ သျှမ်းပြည်သူလူထုရဲ့ဘ၀ မြှင့်တင်မှု၊ မူးယစ်ဆေးဝါး ကာ ကွယ်တိုက်ဖျက်မှု၊ ငြိမ်းချမ်းမှု ဆိုတဲ့ ၆ ရပ်အပေါ်မှာအမြဲတမ်း ရပ်တည်ပါတယ်။ နအဖကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို မျက်လှည့်တဲ့ ရွေးကောက်ပွဲဘဲဖြစ် တယ်။ သူတို့လုပ်ခဲ့တဲ့အပြစ်တွေကို ဆေးကြောပြတဲ့ သဘောဘဲဖြစ်တယ်။ သူတို့အစိုးရ ဖြစ်လာခဲ့သည့်တိုင်အောင် ၀တ်စုံပြောင်းပေမယ့် အတွင်းစိတ်သဏ္ဍာန်လုံးဝမပြောင်းတဲ့ အစိုးရဖြစ်တယ်။ ခုနပြောတဲ့ အတိုင်း သွေးစွန်းလက်နဲ့အစိုးရဘဲဖြစ်တယ်။ ပြည်တွင်းရေး ပြသနာ လုံးဝဖြေရှင်းနိုင်မှာ မဟုတ် ဘူး။ ပြသနာအရပ်ရပ်ကိုဖြေရှင်း ချင်တယ်ဆိုရင် ၁၉၄၇ ပင်လုံစာချုပ်ကိုပြန်ကိုင်ရမှာ (ဖေါ်ထုတ်လိုက်နာကျင့်သုံးရမှာ) ဖြစ်တယ်။

၂- သူတို့အစိုးရဖွဲ့ပြီးခဲ့ရင်လဲ ဥပဒေအရ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကို အစိုးရသစ် က သွားပြီးတွေ့ဆုံ ဆွေးနွေးရမယ်။ အတူတကွအစိုးရဖွဲ့စည်းထူထောင်ဖို့ဆွေးနွေးရမယ်။ ဒီလိုမဟုတ်ဘဲ စစ်ရေးနဲ့ပြသနာကိုဖြေရှင်း သွားမယ်ဆိုရင် လက်နက် ကိုင်တပ်ဖွဲ့ အားလုံး ပူးပေါင်းလက်တွဲခုခံဖို့ အချိန်တန်ပြီ။ နို့မဟုတ်ရင် အကုန်လုံးကို ကိုးကန့်လိုမျိုး တဖွဲ့ပြီးတဖွဲ့ သူ ရှင်းလင်းပစ်လိမ့်မယ်။ အပစ်ရပ်လာတာလဲ နှစ် ၂၀ ကျော်ပြီ။ ခုထိ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့စကားဝိုင်းဘာမှမရှိ သေးဘူး။ အခုရွေးကောက်ပွဲအတိုင်း လာမယ့်အစိုးရသစ်ကိုစောင့်နေရင် တော့ ကျနော်တို့ တိုင်းပြည်ဟာ အေးချမ်းလာမှာထက် အရင် ကထက်ပိုဆိုးတဲ့အခြေအနေ ဖြစ်လာမှာဘဲစိုးရိမ်ရတယ်။

နောက်တခု ကျနော်တို့ပြည်တွင်းရေး ပြသနာတခုဖြစ်တဲ့ မူးယစ်ဆေးဝါးကိစ္စ။ အခု လွှတ် တော်အမတ်လောင်းအချို့ဟာ ခေတ်သစ်မူးယစ်ရာဇာသတ်မှတ်ခံရသူတွေဖြစ်တယ်။ ဆိုတော့ ဒီပြသနာကိုဘယ်လိုလုပ် ဖြေရှင်းနိုင်တော့မလဲ။

၁၉၄၇ ပင်လုံကိုပြန်သွားရမယ်ဆိုတဲ့ကိစ္စ တချက်လောက်ထပ်မေးပါရစေခင်ဗျ။ ဒီကိုပြန်သွားဖို့ စစ်အစိုးရအနေနဲ့ ဘယ်လို လျှော့ပေးသင့်သလဲ၊ တိုင်းရင်းသားပြည်သူလူထုအနေနဲ့ ဘယ်လောက်အထိ ကြိုးစားသင့်သလဲ ဆိုတာ ပြောပြပေးပါဦး ခင်ဗျ။

ပြည်ထောင်စုမြန်မာနိုင်ငံဆိုရင် ပြည် နယ်က အဓိက ဖြစ်သင့်တယ်။ အစိုးရတရပ်ဖြစ်ဖို့က ဗမာအပါအ၀င် တိုင်းရင်းသား လူမျိုး တိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသင့်တယ်။ ပင်လုံစာချုပ်အချက် ၉ ချက်ထဲမှာ“ ဗမာပြည် အစိုးရဟာ တောင်တန်း ဒေသအစိုး ရထဲဝင်ရောက်စွက်ဖက်ခြယ်လှယ်မှု လုံးဝ မရှိစေရ” ဆိုတာပါတယ်။ ပင်လုံကို မပြန်သွားသေးသရွေ့ မြန်မာပြည် ယမ်းငွေ့ ဝေနေဦးမှာဘဲ။ တိုင်းရင်းသားလက်နက်ကိုင် တပ်တိုင်းမှာ သူ့ပြည်နယ်လွတ်လပ်ခွင့်အတွက် ရည်မှန်းချက် ရှိခဲ့ပြီးသားဘဲ။ ဆိုတော့ရည်မှန်း ချက်ပန်းတိုင်မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်မှာ မလွဲဘူးလေ။

Credit to သျှမ်းသံတော်ဆင့် : http://www.mongloi.org/burmese/interview/2010-03-11-09-40-23/1260-2010-11-15-09-44-56

0 Comments to ဒုဗိုလ်ချုပ်ကြီးယွက်စစ် - ပင်လုံကို မပြန်သွားသရွေ့ ယမ်းငွေ့ ဝေနေဦးမည်

Post a Comment