ဧရာဝတီရဲ့ ပဲ့တင်သံများ...

ဧရာဝတီရဲ့ ပဲ့တင်သံများ...

ဧရာဝတီရဲ့ ပဲ့တင်သံများ
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ၂၃.၉.၂၀၁၁ (သောကြာနေ့) နံနက် (၁၀း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအချိန်ထိ ဧရာဝတီနှင့်ပတ်သက်၍ “လူငယ်များရဲ့ ဧရာဝတီ” ဟူသော ဧရာဝတီ မြစ်ဆုံ စီမံကိန်းအား ဆန့်ကျင် ကန့်ကွက်မှုအတွက် တတ်သိပညာရှင်များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ ပညာရှင်များ၊ တိုင်းရင်းသားပေါင်းစုံတို့၏ ကိုယ်စားပြုလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ အခြေခံလူတန်းစားများ၊ ဧရာဝတီကို ချစ်မြတ်နိုး ကြသော လူမျိုးဘာသာ ဆင်းရဲချမ်းသာ မြန်မာပြည်တွင် နေထိုင်ကြသော ဧရာဝတီကို စိတ်ပါဝင်စား သူများနှင့် စည်ကားသိုက်မြိုက် စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အပါအ၀င် ကဗျာဆရာ (၁၅) ဦးမှ ကဗျာများ ရွတ်ဆိုခဲ့ကာ ကိုရဲလွင်၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်၊ ရသ၊ တို့မှ ဧရာဝတီလှုံ့ဆော်မှု သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ဒေါ်ဒေ၀ီသန့်စင်၊ ဦးအုန်း၊ ဦးအောင်ကြည်ညွန့်တို့မှလည်း ဧရာဝတီမြစ်ဆုံ စီမံကိန်းအား ကန့်ကွက် ကြောင်း ဟောပြောခဲ့သည်။ ကိုယ်တိုင် မတက်ရောက်နိုင်သော စာရေးဆရာများ၊ တတ်သိပညာရှင် များ၏ စာတန်းများ၊ အက်ဆေးများကို လူငယ်များမှ ဖတ်ကြားရွတ်ဆိုခဲ့သည်။ ဗွီဒီယိုပြကွက်များ အဖြစ် ဘဘဦးဝင်းတင်၊ လူထုဦးစိန်ဝင်း၊ ဆရာအောင်သင်းတို့ရဲ့ ဧရာဝတီနဲ့ပတ်သတ်သည့် လူငယ်တွေအပေါ် မှာကြားချက်တွေကိုလည်း ပြသခဲ့သည်။ ထို့နောက် လူငယ်များရဲ့ ဧရာဝတီ ဆွေးနွေးပွဲအား တတ်ရောက်လာကြသော လူထုပရိသတ်ထဲမှ ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး သည့်နောက် အခမ်းအနားရုပ်သိမ်းချိန်တွင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) တို့ဦးဆောင်၍ ထူးအိမ်သင် ရေးစပ်သီဆိုထားသည့် “ရာဇ၀င်များရဲ့ သတို့သမီး” သီချင်းအား တက်ရောက်လာကြသော ဧရာဝတီ ကို ချစ်မြတ်နိုးသော လူမျိုးဘာသာပေါင်းစုံတို့က ၀ိုင်းဝန်းကြွေးကြော် တက်ကြွစွာဖြင့် သီဆိုကြကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတော့သည်။
ယခု လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံ ပွဲသည် ယခင့် ယခင်များက ကျင်းပခဲ့သော ပွဲများနှင့်မတူ ထူးခြားလှစွာဖြင့် တက်ရောက်ကြသော ဧရာဝတီအား စိတ်ပါဝင်စားသော ဧည့်ပရိတ်သတ်များသည် လူဦးရေအားဖြင့် (၅၀၀) ကျော်တို့ တက်ရောက်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အစည်းအဝေးကျင်းပရာ ခန်းမဆောင်တစ်ခု ထဲဖြင့် မလုံလောက်သဖြင့် စာသင်ခန်း တစ်ခန်းကိုပါ ပရိုဂျက်တာထိုး၍ ပြသကာ အမေးအဖြေကဏ္ဍ အတွက်ပါ မိုက်ကရိုဖုန်းများပါ ဆင့်ပွားထားရှိ ကျင်းပပေးခဲ့ရသည်။

လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံပြပွဲ၌ ခံစားမှုများ ဖော်ထုတ်ကြသော ရင်ခုန်သံစကားများ ထဲမှ ကောက်နှုတ်ချက်များ -

“မေခနဲ့မလိခ ပေါင်းစည်းမှ အရှိန်အဟုန်ကြီးမားတဲ့ ဧရာဝတီပေါ်ပေါက်လာတာ။ ကျွန်တော်တို့က မေခဆိုရင် အစိုးရက မလိခ။ အစိုးရက မလိခဆိုရင် ကျွန်တော်တို့က မေခ။ ဒါကြောင့် မြစ်ဆုံကိစ္စကို ဆုံးဖြတ်ချက်ချမယ့် လွှတ်တော်အနေနဲ့ မှန်ကန်တည့်မတ်စွာ ဆုံးဖြတ်သင့်တယ်။ တိမ်းစောင်းပြီး ဇောက်ထိုးဆုံးဖြတ်လိုက်ရင် ပြည်သူနဲ့ အစိုးရ တစ်ကွဲစီဖြစ်သွားမယ်။ မြန်မာပြည်ကြီးကို ဇောက်ထိုး တော့ မကြည့်သင့်။” (ကျော်သူ)

“ဧရာဝတီကို ပိတ်ဆို့တားဆီးတာဟာ အနုပညာကို ပိတ်ဆို့ထားသလို ခံစားရတယ်။” (ကိုရဲလွင် - မဇ္စျိမလှိုင်း)

“ဧရာဝတီပေါ်မှာ ရုပ်ရှင်ရိုက်ခဲ့ဖူးတယ်။ အခုလို ပိတ်ဆို့တားဆီးတာမျိုး မဖြစ်သင့်။” (ရဲတိုက်)

“တမျိုးသားလုံးနှင့် သက်ဆိုင်သော ဧရာဝတီမြစ်ဆုံစီမံကိန်း ရုပ်သိမ်းပေးမှုကိစ္စရပ်အား ထပ်မံ၍ အရှိန်အဟုန်မြင့်ကာ လုပ်ဆောင်ကြဖို့လိုကြောင်း” (ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်)

“အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာမှာ ပြုပြင်ပြောင်းလဲမှုကို လိုတယ်လို့ ပြောထားသလို ဧရာဝတီနဲ့ ပတ်သက်ပြီး မြစ်ကောရန် အရင်မလုပ်ကြပါနဲ့ စစ်ကောရန်သာ အရင်လုပ် ကြပါ” (ဒေါ်ဒေ၀ီသန့်စင်)

“သမိုင်းတရားခံ မဖြစ်ပါစေနဲ့၊ မင်းတို့နားထောင် ပြည်သူတွေနဲ့ ဧရာဝတီရုပ်ရှင်မှာ မင်းတို့ဗီလိန် မဖြစ်စေနဲ့ လူ့အခွင့်အရေးဟာ အရေးကြီးသလို မြစ်အခွင့်အရေးဟာလည်း အရေးကြီးတယ်။” (ဦးကောဝိသ - မန္တလေး)

“သို့ ဧရာဝတီ,
ထီးနန်းမပြုတ် ဆုတ်ခွာစေ၊
လာမဲ့ဘေး ဝေးပါစေ၊
ရေစီးရေလာ ကောင်းပါစေ”
(ကဗျာဆရာ မောင်ပိုင်စိုး)
“ကျွန်တော် ပြည်ဘက်ကို သွားတဲ့အချိန်မှာ ဧရာဝတီမြစ်ဟာ အလယ်မှာ သောင်ထွန်းနေတယ်။ ၁၉၈၉ ခုနှစ်လောက်က အခုတော့ အဲဒီသောင်ပြင်ဟာ သောင်မဟုတ်တော့ပါဘူး လူတွေတောင် တက် နေနေကြပါပြီ။ သဘာဝပတ်ဝန်းကျင်ဟာ ပြောင်းလဲလာ ပြောင်းလဲလာ ဒီဆည်မဆောက်ခင် ကလည်း ပြောင်းလဲတာပါ။ ကျွန်တော်တို့ အခွင့်အရေးကို ကျွန်တော်တို့ ကာကွယ်ဖို့ပါပဲ။ ကျွန်တော်တို့ က ဧရာဝတီအကြောင်း သီချင်းလေး မဆိုပါဘူး။ ကျွန်တော်တို့ သီချင်းလေးပဲ ကျွန်တော်တို့ ဆိုပါမယ်။ ကျွန်တော်တို့သီချင်းက စစချင်းရောက်လာတော့ အကုန်လုံးထကြ အကုန်လုံးထကဆိုတော့ ကျွန်တော်တို့ဗမာပြည်က ရှိတဲ့လူတွေ အကုန်လုံးကို လှုပ်နိုးဖို့ပဲ ကျွန်တော်တို့ လာတာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရိုးရိုးတန်းတန်း လမ်းမပေါ်က လူတွေကို ရှေ့ဆက်လျှောက်ဖို့ အတွက်ပါ။” (အနဂ္ဂ)

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြစ်ကြီးတွေအများကြီး ရှိပါတယ်။ အဲဒီမြစ်ကြီးတွေထဲမှာမှ ဧရာဝတီမြစ် ကြီးဟာ မိုင်ပေါင်း ၁၅၀၀ ကျော်ရှည်လျားပြီးတော့ ကျွန်တော်တို့ မြန်မာ့ရာဇ၀င်နှင့် အတူတူ ရှင်သန် လာခဲ့တဲ့ ပါရမီဖြည့်ဘက်ကြီးတစ်ပါးလို့ ပြောလို့ရပါတယ်။ ဒီ ပါရမီဖြည့်ဘက်ကြီးဟာ ကျွန်တော်တို့ ခေတ်ရောက်တော့မှ အသက်လည်း အိုမင်းလာပြီ။ သူ့ကို ဘေးကနေပြီးတော့ စောင့်ရှောက်မယ့်သူ မရှိတော့ဘူးဆိုရင် သူ့မှာ သေဆုံးရမယ့်အချိန် သူ့မှာရှိပါတယ်။ ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ တရားပါ။ ဒီတော့ ဧရာဝတီ မြစ်ကြီးကိုလည်း ကျွန်တော်ချစ်ပါတယ်။” (ရသ)

“အန်ကယ်က အခုအသက် (၈၅)နှစ် ရှိပြီ။ အန်ကယ်တို့ ဧရာဝတီမြစ်ဆုံကို (၃) ခေါက်ရောက်တယ်။ ၁၉၈၅ ခုနှစ်က ရောက်တာ ရေကလည်း ကြည်တယ်။ ငါးတွေက အများကြီးပဲရှိတယ်။ အရမ်းကို ကျက်သရေရှိတယ်။ နောက်တစ်ခေါက်ရောက်တာက ၂၀၀၇ ခုနှစ်ရောက်တော့ အခြေအနေ တော်တော်ဆိုးတယ်။ တတိယအကြိမ်ရောက်တော့ ၂၀၀၉ တော်တော်လေးကို ဆိုးသွားပြီ။ မေခဟာ အင်မတန် ရေစီးကြမ်းပါတယ်။ မလိခဟာ အင်မတန်နူးညံ့ပါတယ်။ အဲဒီလောက် အဖိုးတန်တဲ့ ဒီ ဧရာဝတီကို ဘယ်အချိန်ကမှ ဆည်ဆောက်တာကို သဘောမတူဘူး။ ကန့်ကွက်ခဲ့ကြတယ်။ သို့သော်လည်း နိုင်ငံရဲ့အကျိုး ဖွံ့ဖြိုးမှု ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နိုင်ငံတော်ရဲ့ လုပ်ရမယ့်တာဝန်ပါ။ သို့သော်ဖွံ့ဖြိုးတိုးတက်မှု လုပ်တိုင်းလဲ အကောင်းတွေပဲ မဟုတ်ဘူး။ အကောင်းအဆိုးဆိုတာ ရှိတယ်။ ဧရာဝတီမြစ်ဆုံကို (၂)နှစ်လောက် လေ့လာပြီးတော့ လုပ်မယ်ပြုမယ်ဆိုရင် ကမ္ဘာအရပ်ရပ်က ဆည်တွေတောင် (၁၀)နှစ်လောက် အချိန်ယူပြီးတော့ ပြင်ဆင်ရတယ်။ အဲဒီတော့ ဧရာဝတီကို ဗမာပြည်မှာစပြီးတော့ စီးဆင်းတဲ့အခါ ဗမာ့အသက်သွေးကြော ဧရာဝတီမြစ်ဟာ တကယ်တော့ ဗမာလို့ပြောတာတောင်မှ လုံလောက်ပါတယ်။ ကမ္ဘာမြစ်ကြီး (၁၃) သွယ်မှာ ဧရာဝတီမြစ်ကြီးပါတယ်။ အဲလောက် ထင်ရှားပြီးတော့ ကောတော့မယ်။ အဲဒါကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းရမယ်။ ပြုပြင်ရမယ်။” (ဦးအုန်း)
ပြည်တွင်းမှ ကြည့်ရန်... https://picasaweb.google.com/109255525006943086316/20110925

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ ကျင်းပပြုလုပ်မည့် ရွှေဝါရောင်လေးနှစ်ပြည့် အခမ်းအနား ဖိတ်ကြားစာ (ပြည်တွင်း)

11:43 PM | Posted by Anonymous

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ ကျင်းပပြုလုပ်မည့် ရွှေဝါရောင်လေးနှစ်ပြည့် အခမ်းအနား ဖိတ်ကြားစာ (ပြည်တွင်း)

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် နှင့် အခြားသော ဒီမိုကရေစီအင်အားစုများ ပူးပေါင်းစီစဉ်ပြုလုပ်သော ရွှေဝါရောင်လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်ကို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အား လေးစား အလေးထားသော ပြည်သူလူထုကြီးအား လေးစားစွာဖြင့် အသိပေး ဖိတ်ကြားအပ်ပါသည်။

ရည်ရွယ်ချက်
- ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး အကျဉ်းချထားခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာစေရန်။

- ပြည်တွင်းစစ်ရပ်စဲပြီး လွတ်လပ်၍တန်းတူ တွေ့ဆုံဆွေးနွေးသော နည်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန်။

- ပြည်သူလူထုဆန္ဒကိုလေးစားအသိအမှတ်ပြုသောအားဖြင့် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းအား လုံးဝဖျက်သိမ်းစေရန်။

- ရွှေဝါရောင်အား (လူထုသင်္ကေတ) အရောင်အဖြစ် သဘောထား၍ လူထုတစ်ရပ်လုံး ပါဝင်သော လွှတ်တော်ပြင်ပ လူထုအခြေခံနိုင်ငံရေး အားကောင်းစေရန်။

အစီအစဉ် ၁။ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
နေ့စွဲ - ၂၆.၉.၂၀၁၁ ( တနင်္လာ)
အချိန် - ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ
နေရာ - မကွေးပရိယတ္တိစာသင်တိုက်၊ (၁) ရပ်ကွက်၊ အနော်ရထာလမ်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ် (၅၀) ကွေ့အနီး။ ဇေယျာမင်း-၆၇/ ၆၁ အနီ / ၃၆BM ကားများစီးပါ။

အစီအစဉ် ၂။ ရွှေဝါရောင် (လူထုကိုယ်စားပြုအရောင်)
လှုပ်ရှားမှုအစီအစဉ်
နေ့စွဲ - ၂၆.၉.၂၀၁၁ (တနင်္လာ)
အချိန် - ၁း၀၀ နာရီ မှ ၂း၀၀ နာရီအထိ
နေရာ - ရွှေဝါရောင်အင်္ကျီများ ၀တ်ဆင်၍ ဆူးလေဘုရားမှတ်တိုင်(၄၅ ကားဂိတ်၊ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့နှင့် ဆူးလေဘုရား၌ ဆုတောင်းခြင်း အစီအစဉ်။


သတင်းနှင့်ပြန်ကြားရေးရာ ဆပ်ကော်မတီ

တရုတ် (CPI) ကုမ္ပဏီ၏ အစီအစဉ်ဖြင့် မြန်မာရေအား လျှပ်စစ်ဝန်ထမ်း (၂၀)ဦး ကူမင်းမြို့သို့ သင်တန်းတက်ရန်ရောက်ရှိ...

9:29 PM | Posted by Anonymous

တရုတ် (CPI) ကုမ္ပဏီ၏ အစီအစဉ်ဖြင့် မြန်မာရေအား လျှပ်စစ်ဝန်ထမ်း (၂၀)ဦး ကူမင်းမြို့သို့ သင်တန်းတက်ရန်ရောက်ရှိ...

စက်တင်ဘာလ ၁၉ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိလာတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနမှ ပထမအသုတ် သင်တန်းသား(၂၀) ဦးအား ကြိုဆိုသူများနှင့် အတူတွေ့ရစဉ်

မြန်နိုင်ငံ လျှပ်စစ်ဝန်ကြီးဋ္ဌာနနှင့် တရုတ်China Power Investment Corporation (CPI) ကုမ္ပဏီတို့၏ နှစ်ဘက်သဘောတူ အစီအစဉ်ဖြင့် သင်တန်းသား (၂၀)ဦးပါ အဖွဲ့ဟာ စက်တင်ဘာလ ၁၉ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိလာပါတယ်..။ မြန်မာနိုင်ငံမှ လျှပ်စစ်ဝန်ထမ်း (၆၀)ဦးအား ရေအားလျှပ်စစ်၊ နည်းပညာဆိုင်ရာနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းများပေးရန် ခေါ်ယူမှာ ဖြစ်ပြီး ပထမအသုတ်အနေနဲ့ သင်တန်းသား (၂၀)ဦးအား စတင်ခေါ်ယူတာ ဖြစ်ပါတယ်...။

သင်တန်းကာလ ရက်(၁၀၀) ကြာမြင့်မယ့် အဆိုပါ သင်တန်းအတွင်း အသေးစား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာနဲ့ ပြုပြင်ထိန်းသိမ်းရေးတို့ အတွက်ဖြစ်ပြီး သီအိုရီနဲ့ လက်တွေ့ သင်ခန်းစာများအား ပေါင်းစပ် သင်ကြားပေးမှာ ဖြစ်ပါတယ်...။

သတင်း http://finance.sina.com.cn/roll/20110921/095910515787.shtmlအား
ကိုးကား တင်ပြပါသည်...။
မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းအား တရုတ် CPI ကုမ္ပဏီ၊ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနနဲ့ အေရှဝေါလ် ကုမ္ပဏီတို့မှ လက်ရှိပူပေါင်း ဆောက်လုပ်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့က တရားဝင်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်...။ မေခ၊ မလိခနဲ့ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းများအနက် မေခမြစ်ပေါ်မှ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းမှာ ၉၇ရာခိုင်နှုန်းကျော် ပြီးစီးလျှက်ရှိပြီး မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ ၁၀ရာခိုင်နှုန်းကျော်အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်..။ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီးအား ဆည်ပိတ် ဆောက်လုပ်မည့် မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်သည့် အဆိုပါ မြစ်ဆုံရေကာတာ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ ဧရာဝတီကို ထာဝရရှင်သန်လိုသူများမှ အမျိုးသားရေး တရပ်အနေနဲ့ ကန့်ကွက် လုပ်ဆာင်လျှက် ရှိပါတယ်...။
မြစ်ဆုံဆည် စီမံကိန်းအတွင်းမှာ အသုံးပြုနေတဲ့ တရုတ် CPI ကုမ္ပဏီပိုင် အသေးစား ရှပ်ပြေးယာဉ်
(ဓာတ်ပုံပေးပို့လာသူ ZSO အားကျေးဇူးတင်ပါသည်...)

အဆိုပါစီမံကိန်းတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာ မြန်မာအစိုးရ တာဝန်ရှိသူများမှ မြန်မာပညာရှင်များ၊ ထင်ပေါ် ကျော်ကြားတဲ့ ပုဂ္ဂိုလ်များနဲ့ ပြည်သူလူထုမှ ကန့်ကွက်နေသည့် ကြားမှ လျှပ်စစ်ဝန်ကြီးဆိုသူမှ မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း ရင့်ရင့်သီးသီး လေသံပစ်ပြစ်ခဲ့ပြီး ကန့်ကွက်နေသည့် ပြည်သူများအားလည်း ဧရာဝတီရောဂါနဲ့ အမှီလိုက်နေသူများဟု စော်ကား ပြောဆိုခဲ့ပါတယ်...။

ထိုကဲ့သို့ ပြောဆိုပြီး မကြာမှီမှာပဲ အစိုးရ၏ ထောက်ခံမဲ အများစု ရရှိနိုင်မည့် လွှတ်တော်၏ အဆုံးအဖြတ် ခံယူမည်ဟု ပြန်လည် ပြင်ဆင်ပြောဆိုကာ အချိန်ဆွဲရန် ကြံစည်လျှက်ရှိကြောင်း သတင်းရရှိပါသည်...။ ပြည်တွင်းမှ ဂျာနယ်ပိုင်ရှင်တဦးမှ သုံးသပ် ပြောဆိုရာမှာတော့ ဗိုလ်မှုးအောင်လင်းထွဋ်ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၅)ရက်နေ့က ဧရာဝတီ သတင်းဋ္ဌာနမှာ ဖော်ပြပါရှိခဲ့တဲ့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ ခရစ္စတီးကျွန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဆောင်းပါးပါ အချက်အလက်များဟာ ထိုစဉ်က စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ အရှိုက်အား ထိုးနှက်စေခဲ့တဲ့အတွက် ပြန်လည်ခေါင်းလျှိုသွားတာ ဖြစ်ကြောင်း ၎င်း၏ ထင်မြင်ချက်အား ပြောဆိုသွားပါတယ်...။

ယခုကဲ့သို့ အများပြည်သူ ကန့်ကွက်နေသည့် ကြားမှ လျှပ်စစ်ဝန်ကြီးဋ္ဌာနအနေဖြင့် မြစ်ဆုံဆည်စီမံကိန်း၏ အဓိက ရင်းနှီးမြုပ်နှံသူ (CPI) ကုမ္ပဏီ အစီအစဉ်ဖြင့် သင်တန်းသားများ လျှို့ဝှက်၊ စေလွှတ် နေခြင်းဟာလည်း သံသယပွားဖွယ် ဖြစ်နေကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်..။

ဒီမိုဝေယံ
မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ ပြန်ကြည့်လိုပါက
ပို့စ်အောက်ရှိ Labels မြစ်ဆုံဆည်သတင်းများမှ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်...။

Credit: Demowaiyan

ပြည်တွင်းမှာ ဖြန့်ဝေနေတဲ့ မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး လှုံ့ဆော်စာများ

Friday, September 23, 2011 10:48 PM | Posted by Anonymous
Leaflet 1

ပြည်တွင်းမှာ ဖြန့်ဝေနေတဲ့ မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး လှုံ့ဆော်စာများ

10:43 PM | Posted by Anonymous

Bi+Weekly++4-25

10:29 PM | Posted by Anonymous
Bi+Weekly++4-25

ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ



ကြံ့ဖွတ်အစိုးရရဲ့ ကမ်းလှမ်းချက်အရ ပြည်တော်ပြန်မယ်ဆိုရင် ဒီအချက်အလက်တွေကို လက်ခံနိုင်၊ မနိုင် အရင်စဉ်းစားရအောင်လို့ မြန်မာသံရုံးတခုက ရတဲ့အချက်တွေကို တင်ပြပေးလိုက်ပါတယ်။ အားလုံး ဝေဖန်ပိုင်းခြားပြီးတော့ ဆုံးဖြတ်နိုင်ကြပါစေ။


Dear Mr. President of Myanmar

"ဧရာဝတီ မြစ်ပေါ် မြစ်ဆုံမှာ ရေကာတာဆောက်ရင် တို့တာဝန်အရေးသုံးပါးကို ထိခိုက်မယ်" (အဓိပတိကြီး)

3:27 AM | Posted by Anonymous
"ဧရာဝတီ မြစ်ပေါ် မြစ်ဆုံမှာ ရေကာတာဆောက်ရင် တို့တာဝန်အရေးသုံးပါးကို ထိခိုက်မယ်" (အဓိပတိကြီး)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်

2:16 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်

2011-09-22

ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

Chatham House

ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု ဖြစ်ပါသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေး အတွက် အကြမ်းမဖက် လမ်းစဉ်နဲ့ တစိုက်မတ်မတ် ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမှာ ဒီမိုကရေစီနဲ့ တာဝန်သိတဲ့ အစိုးရတွေ ပေါ်ပေါက်ဖို့ လှုပ်ရှားနေကြသူတွေ အတွက် သြဇာ ကြီးမားတဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ Chatham House ညွန်ကြားရေးမှုး Robin Niblett က ပြောပါတယ်။ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ ဇွဲ၊ ကိုယ်ကျိုးစွန့်မှု၊ ညီညွတ်ရေး ကြိုးပမ်းမှုတွေဟာ မြန်မာပြည်သူတွေ တင်မက ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားထဲအထိ စွဲဝင်နေကြတယ် ဆိုတာ အခုလို ဆုတွေ ချီးမြှင့်နေတာက သက်သေပြနေတာမို့ မြန်မာပြည်သူ တစ်ယောက် အနေနဲ့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီဆုကို လက်ခံရရှိတဲ့ အတွက် နိုင်ငံတနိုင်ငံရဲ့ အရေးကိစ္စဟာ နိုင်ငံတကာနဲ့ပါ သက်ဆိုင်နေတယ် ဆိုတဲ့ ပေါင်းကူး ဆက်စပ်မှုကို သတိပေးလိုက်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာရဲ့ အရေးစိုက်ခံရတာက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကူညီအားပေးရာ ရောက်သလို ဒီလှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေး အတွက် လူသားအားလုံးရဲ့ ဆန္ဒကို အထောက်အကူ ဖြစ်စေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကြောင်း Chatham House ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်မယ့် အခမ်းအနားကို လာမယ့် ဒီဇင်ဘာလ (၁) ရက်မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Madeleine Albright က လက်ခံရယူမှာ ဖြစ်ပါတယ်။ ဒီဆုကို မနှစ်က တူရကီ သမ္မတကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

(ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ ဆိုတဲ့THE SKETCH OF A RIVER THE AYEYARWADY ပြပွဲ...

Thursday, September 22, 2011 8:28 PM | Posted by Anonymous

(ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ ဆိုတဲ့THE SKETCH OF A RIVER THE AYEYARWADY ပြပွဲ...

အမေစုမှတ်တမ်း ရေးခဲ့တဲ့ (ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်း ညီညွတ်ရေးအတွက် အစဉ် တည်ရှိနိုင်ပါစေတဲ့.. ကျေးဇူးပါအမေ...

ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြပွဲအား၂၀၁၁ ခု စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၆၅) ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ရှိ GALLERY 65 တွင် ဖွင့်လှစ်ကျင်းပ ခဲ့ပါသည်။ အဆိုပါပြပွဲသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဌ ဘဘဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဘဘဦးဝင်းတင်တို့ လာရောက် အားပေး ကြည့်ရှုခဲ့ပါသည်။

(ဧရာဝတီကို ပြည်ထောင်စု သားသမီးများမှ အစဉ်ကာကွယ်သွားနိုင်ပါစေ)ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသွားခဲ့ပါသည်။ ဧရာဝတီပြပွဲအား စိုးဝင်းငြိမ်းမှ ဦးစီးအကောင်ထည်ဖော်ခဲ့ပြီး ကာတွန်းပညာရှင် အော်ပီကျယ် အပါအ၀င်ကာတွန်း၊ ဓါတ်ပုံ၊ ပန်းချီနှင့် ကဗျာ၊ အနုပညာရှင်ပေါင်းများစွာ၏ လက်ရာများကို ဖော်ထုတ် ပြသထားပါသည်။ အဆိုပါပြပွဲအား စက်တင်ဘာ ၂၂ ရက်နေ့မှ ၂၅ရက်နေ့အထိ ၄ ရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ခင်းကျင်း ပြသသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

NO DAMS - IN IRRAWADDY- MYANMAR HERITAGE

8:12 PM | Posted by Anonymous

ဘ နဖူး

7:58 PM | Posted by Anonymous

Tin Maung Oo a Forgotten Hero of Asia

4:00 PM | Posted by Anonymous
Tin Maung Oo a Forgotten Hero of Asia by Aung Burmese

ဧရာဝတီ ကြေငြာစာတမ်း

3:41 PM | Posted by Anonymous

ဧရာဝတီ ကြေငြာစာတမ်း


ချစ်ရွှင်သနား

တည်ကြားကြမ်းကြုတ်

ဆက်ဆုပ်ကြောက်ရွံ့

ရဲဝံ့အံ့ဩ

နောအရသာ ကျမ်းခံလာ

ရဿ ၉ပါး ခံစားမှုစည်းစိမ် သိုဝှက်လို့

ဣနြေ္ဒ ကြီးမားလွန်းတဲ့

ရာဇဝင်များရဲ့ သူတိုးသမီး

သူတိုးရဲ့မိခင်

အို ဧရာဝတီ။

လောဘသားကောင် တသိုက်

မြစ်ညာမှာ ကျိန်စာတိုက်

ဧရာဝတီကို ဗြောစည်တီး၍လှူလိုက်သတဲ့။

မြန်ပြည်တလွှား လူထုများသည်

ပူဆွေးသောက ဒေါမန်ထပြီ

ကန့်ကွက် ရှုံ့ချ ဆန့်ကျင်ကြပြီ

"ဧရာဝတီ ကို ကာကွယ်မည်"ဟု

လူထုမျက်နှာ မသာယာကို

ငါလည်းမြင်မိ မခံချိ။

မကောင်းအစ နောင်မလှ

မကောင်းမင်းအိမ် ကောင်းမင်းအိမ်တည့်

မင်းအိမ် ရွှဲစို အမိုးယိုသော်

မငြိုသင့်ပါ မင်း တက်ဖာပေါ့

အကာ အခင်း ပျက်ပြိုယွင်းသော်

မငြင်းစေချင် မင်းဆက်ပြင်ပေါ့

အခွင် အနဲ့ အရွဲ့အစောင်း

မကောင်း မပြေ ဟောင်းထွေထွေကို

ပြင်ရန်အသင့် ကူကောင်းသင့်၏။

တို့ပြည်လွတ်လပ် ဘဝမြတ်၏

တိုင်းတပါးကျွန် စစ်တပ်ကျွန်

ကျွန်နှစ်ကျွန်ဘဝ တို့ဘဝ

ဘယ်မှာဘဝမြတ်မည်နည်း။

သခင်မျိုးဟေ့ တို့ဗမာ

ငြိမ်းချမ်းရေး အတွက် စစ်တိုက်စို့

ဧရာဝတီကို ကာကွယ်စို့။

(သစ်ရွက်)

စက်တင်ဘာ ၁၅ ၂၀၁၁။

(ဆရာဇော်ဂျီ ရဲ့ စာသားတွေ နဲ့ ပူးဝင်ခံစားထားပါတယ်)

Save Irrawaddy

© John Mitchell - http://www.redbubble.com/people/darius4522

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)


Daw Mon Mon Yin, Photo Credit to 7 Days Journal

ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး

-ဒေါ်အောင်ဆန်းစုကြည်

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။

သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။

“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။

ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။

“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့်စကား ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း(စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက်အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။

စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

မြန်မာ ဒုက္ခသည်တွေကို အမေရိကန် ဆက်လက်ကူညီမည်

9:40 PM | Posted by Anonymous

မြန်မာ ဒုက္ခသည်တွေကို အမေရိကန် ဆက်လက်ကူညီမည်

2011-09-21

ထိုင်း မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေ အတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်သလို၊ ဒီနှစ် တတိယနိုင်ငံရွှေ့ပြောင်း အခြေချရေး အစီအစဉ် အတွက်လည်း ဒုက္ခသည် တစ်သောင်း ခေါ်ယူမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Kristie Kenney က မနေ့က ပြောကြားလိုက်ပါတယ်။

(Photo: Courtesy of Free Burma Rangers)

စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

အမေရိကန် သံအမတ်ကြီး Ms. Kenney ဟာ မနေ့က ထန်ဟင်း ဒုက္ခသည် စခန်းကို သွားရောက် ကြည့်ရှုပြီး၊ အဲဒီစခန်းမှာ ကူညီ ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ ကူညီရေးလုပ်သားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ထန်ဟင်း စခန်းမှာ ဒုက္ခသည်ပေါင်း (၈) ထောင်လောက်ရှိပြီး ကြပ်ကြပ်သိပ်သိပ် နေထိုင် နေကြရပါတယ်။ ပြည်တွင်း စစ်ဘေးကြောင့် ပြေးလာခဲ့ကြရတဲ့  ဒုက္ခသည် အများစုက ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြောင်း ပြောဆိုကြတယ်လို့ Ms. Kenney က ဆိုပါတယ်။ ထိုင်းအစိုးရမှာ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်ရှိပေမဲ့ ဒါဟာ ပြန်လိုသူတွေ အတွက်သာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက မိမိကို အကြိမ်ကြိမ် ရှင်းလင်း ပြောဆိုခဲ့ကြောင်း၊ ဒါပေမဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ အမျိုးသား ရင်ကြားစေ့ဖို့ ဦးဆုံးလိုအပ်နေပြီး မြေမြှုပ်မိုင်းပြဿနာ၊ အိုးအိမ်တွေ ပြန်လည် ထူထောင်ပေးရေး ကိစ္စ စတဲ့ ဆောင်ရွက်စရာတွေ အများအပြား ရှိနေတဲ့အပြင်၊ မြန်မာအာဏာပိုင်တွေရဲ့ အာမခံချက် ကတိက၀တ်တွေလည်း လိုအပ်ကြောင်း၊ ဒါပေမဲ့ အခုချိန်ထိတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဘာအရိပ်လက္ခဏာမှ မပြသေးကြောင်း သံအမတ်ကြီး Ms. Kenney က ပြောပါတယ်။ မြန်မာနဲ့ နယ်စပ်က ထိုင်း ခရိုင် (၄) ခု မှာ ဒုက္ခသည် စခန်းပေါင်း (၉) ခုရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်းလောက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် (၆) သောင်း ခေါ်ယူခဲ့ပါတယ်။

Credit to Radio Free Asia: http://www.rfa.org/burmese/news/refugee-09212011213116.html

U Win Tin's book ဘာလဲဟဲ့ လူ့ငရဲ

8:15 PM | Posted by Anonymous

လူရှင်သင်္ချိုင်း

6:02 PM | Posted by Anonymous
Lu Shin Thin Chaing - Nay-Lin လူရှင်သင်္ချိုင်း

Ayeyarwady Workshop Papers 17th Sept 2011

5:59 PM | Posted by Anonymous
Ayeyarwady Workshop Papers 17Sept11

Bi Weekly Eleven 4/24

5:56 PM | Posted by Anonymous
Bi+Weekly+Eleven+4 24

Envoy Vol 2/ No 12

5:52 PM | Posted by Anonymous
Envoyvol2No-21

The Myanmar Post (3/36)

5:50 PM | Posted by Anonymous
The+Myanmar+Post+3 36

7 Day News Journal 10-27

5:43 PM | Posted by Anonymous
7daynewsjournal10-27

“မြစ်ပျောက်ရင် တိုင်းပြည် ပျောက်မယ်”

Monday, September 19, 2011 11:13 PM | Posted by Anonymous

ဧရာဝတီ Thursday, 15 September 2011 12:42 အင်တာဗျူး

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်၏ အစ မေခနှင့် မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရနှင့် တရုပ်အစိုးရပိုင် CPI ကုမ္ပဏီတို့ ပူးပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်း တည်ဆောက်နေသည်။ အဆိုပါ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ဧရာဝတီမြစ် တိမ်ကော ပပျောက်နိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်းကို ထင်ရှားသူများက ပြောဆိုနေကြရာ ပြည်သူအများ စိတ်ဝင်စားမှု များပြားလျှက်ရှိသည်။

Sayar-Mg-Sein-Win-Pateekoneဧရာဝတီအကြောင်း ကဗျာနှင့် စာပေဟောပြောမှုများ၊ လှုံ့ဆော်မှုများမှာ အင်တာနက် လူမှုကွန်ယက်များတွင် ပြန့်နှံ့လျှက်ရှိရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာများ၊ ဟောပြောချက်များကိုလည်း လူအများ စိတ်ဝင်စားလျှက်ရှိသည်။ ထို့ကြောင့် မောင်စိန်ဝင်း (ပုတီးကုန်း) အား ဧရာတီမြစ်နှင့် ပတ်သက်သည့် ၎င်း၏ ထင်မြင်ချက်၊ ခံယူချက်များကို ဧရာဝတီမဂ္ဂဇင်း သတင်းထောက် လင်းသန့်က မေးမြန်းထားပါသည်။

မေး။ ။ ဧရာဝတီမြစ်အရေး ဆရာ့ရဲ့ခံစားမှုနဲ့ အမြင်ကို ပြောပြပေးပါလား။

ဖြေ။ ။ ကျနော်ခံစားရတာက ပြည်သူပြည်သား အများနည်းတူ ခံစားရတာပါ။ ကျနော်က အဲဒီ ဧရာဝတီနဲ့ ပတ်သက်လို့ ဟိုးအရင် စာပေဟောပြောပွဲတွေကတည်းက ဟောပြောဖြစ်တယ်။ ကျနော် အဓိက ပြောတာကတော့ ကျနော်တို့ ရသ စာပေသမားက ကဗျာရေးတဲ့အချိန်မှာ ပတ်ဝန်းကျင် အခြေအနေ ပြောင်းသွားရင် ကဗျာဟာ ပြောင်းလဲသွားတယ် ဆိုတာကို သက်သေပြချင်တာ။ ဟိုး အစောပိုင်း မြစ်ဆုံကို ကျနော် ရောက်ခဲ့စဉ်က အရမ်းလှတဲ့ မြစ်ဆုံကို ကြည့်ပြီး အရမ်းလှတဲ့ ကဗျာတွေ ထွက်တယ်။ မနှစ်က မြစ်ဆုံကိုရောက်တော့ မြစ်ဆုံ ပျက်စီးနေတာ တွေ့တော့ “မြစ်ကော” ဆိုတဲ့ ကဗျာမျိုး ထွက်တယ်။ အဲဒီမှာ စပြီး ကျနော် တော်တော်ပြောဖြစ်တယ်။ နောက်ပိုင်း မြစ်က တော်တော်စိုးရိမ်စရာ အခြေအနေ ရောက်လာတော့ ဂျာနယ်တွေ၊ စာစောင်တွေမှာ အဲဒီဘက်ကို အလေးပေးပြီး တော်တော် များများ ပြောဖြစ်တယ်။

မေး။ ။ မြစ်ဆုံဆည် စီမံကိန်းကိစ္စ၊ ပညာရှင်တွေရဲ့ သုတေသန စာတမ်းတွေ ပေါက်ကြားလာတော့ လူတွေ ပိုပြီး စိုးရိမ်လာတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ စိုးရိမ်မှု ဘယ်လိုရှိတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော့် ကဗျာထဲမှာ ပါတဲ့အတိုင်းပဲဗျ။ ဘာလဲ ဆိုတော့ မြစ်ပျောက်ရင် တိုင်းပြည်ပါ ပျောက်မယ်၊ လူမျိုးပါ ပျောက်မယ်။ အဲဒီလောက်ထိကို စိုးရိမ်စရာကောင်းပါတယ်။

မေး။ ။ မြစ်ဝှမ်းတွေဆိုတာ လူ့ယဉ်ကျေးမှု စတင်ပေါက်ဖွားရာ ဖြစ်နေတယ်၊ မြစ်ကြီး ပျောက်ကွယ်သွားရင် ဆရာပြောသလို လူမျိုးပါ ပျောက်ကွယ်သွားမယ်၊ ယဉ်ကျေးမှုပါ ပျောက်ကွယ်သွားမယ် ဆိုတော့ ဒီလောက် စိုးရိမ်စရာ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံသားတွေကို အသိပညာပေးမှုတွေ၊ သတင်းအချက် အလက် မျှဝေပေးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တယ် ထင်ပါသလဲ။

ဖြေ။ ။ ဒီကိစ္စ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်ဗျ။ ဘာလို့ ကျနော်ပြောနိုင်သလဲ ဆိုတော့ ပြီးခဲ့တဲ့ နှစ်ပတ် လောက်ကပဲ ဒယ်အိုးဆရာတော် ဦးစီးတဲ့ ဆီမှာ တနိုင်ငံလုံးက ပရဟိတ လုပ်နေကြတဲ့ အဖွဲ့တွေအများကြီးနဲ့ ဆုံတယ်။ အဲဒီ မှာ စကားပြောဖို့ ကျနော့်ကို မိနစ် ၂၀ လောက် အချိန်ပေးတယ်။ ကျနော်သွားပြောပါတယ်။ ပြောတဲ့အချိန်မှာလည်း အဲဒါလေးပဲ အဓိက ထားပြီးတော့၊ ပရဟိတ သမားတွေအနေနဲ့ ပိုပြီးတော့ အမျိုးသားရေး တာဝန်အနေနဲ့ တာဝန်ရှိတယ် ဆိုတဲ့ အကြောင်းလေး ကျနော် ပြောဖြစ်တယ်ဗျ။ အဲဒီမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆရာမ သန်းမြင့်အောင်တို့၊ ကိုကျော်သူ့ဇနီး မရွှေဇီးကွက်တို့ ကလည်း ရောက်နေတယ်။ သူတို့နဲ့အတူတူ လက်မှတ်ထိုးဖို့ စာရွက်တွေလည်း ပါလာတယ်ဗျ။ ကျနော်စကားပြောရင်း လက်မှတ်ထိုးဖို့ ကိစ္စလေးတွေပါ ပန်ကြားတော့ ကျနော် ပြောပြီးတာနဲ့ ဘယ်မှာထိုးရမလဲ၊ ဘယ်မှာထိုးရမလဲ ဆိုပြီး လူတွေက တော်တော်ကို စိတ်ဝင်တစား ရှိတယ်ဗျ။ တော်တော် ချစ်ဖို့ ကောင်းပါတယ်။ လေးစားဖို့လည်း ကောင်းပါတယ်။

မေး။ ။ တချို့ပြောနေတာတွေ ရှိတယ်။ စိတ်ဝင်စားတဲ့သူက ရေဒီယို နားထောင်တဲ့သူတို့၊ ဒီအကြောင်း သိတဲ့ သူတို့ပဲ၊ တော်တော်များများက မသိကြသေးဘူးလို့ ပြောနေကြတယ်။ စိုးရိမ်စရာ အခြေအနေ ရှိတယ် ဆိုတာကို တတိုင်းပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေးအတွက် ဘယ်လိုတွေ လုပ်ဆောင်နိုင်မလဲ။

ဖြေ။ ။ ကျနော့် အတွေ့အကြုံလေး တခုကို ဒီနေရာမှာ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပဲ နတ်တလင်း မှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုပြီး မိုးလေ၀သက ဒေါက်တာထွန်းလွင်တို့နဲ့ ဟောပြောပါတယ်။ ဟော ပြောတော့ ကျနော်တို့က ဧရာဝတီအရေးပဲ ဇောင်းပေးပြီး ပြောတယ်။ အဲဒီမှာ အများစု ပရိသတ်က တောရော၊ နယ်က ပါ ဖြစ်နေတယ်။ သူတို့လည်း တော်တော် စိတ်ဝင်စားပါတယ်။ သူတို့စိတ်ဝင်စားတယ် ဆိုတာ ဘာလို့သိလဲ ဆိုတော့ ကျနော်နဲ့အတူ လက်မှတ်ထိုးဖို့ စာရွက်တွေလည်း ပါသွားတော့ သူတို့ လက်မှတ်ရေးထိုးကြတယ်။ ဒါက တချက် ပေါ့ဗျာ။ ပြီးတော့ တောင်ငူအပါအ၀င် တခြားနယ်မြို့တွေမှာလည်း အဲဒီလှုပ်ရှားမှု လုပ်နေတယ် ကြားလိုက်ရတယ်။ နောက်တချက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ အစက စိတ်ဝင်စားချင်မှ စိတ်ဝင်စားကြမယ်။ ဒါပေမယ့် ဒယ်အိုးဆရာတော်ဆီ လာတဲ့ ပရဟိတ လုပ်နေတဲ့အဖွဲ့တွေက အဖွဲ့ ၉၀၀ ကျော်တယ်ဗျ။ အဲဒီအဖွဲ့တွေက မြန်မာပြည်အနှံ့က လာကြတာ။ သူတို့တွေကို ဧရာဝတီမြစ်ကိစ္စ ပြောလိုက်တော့ သူတို့ အတော်စိတ်ဝင်စားကြတာ တွေ့တယ်။

ပြီးတော့ ကျနော်က ဘာကိုမျှော်လင့်လဲဆိုတော့ အဲဒီအဖွဲ့တွေ သူတို့ အရပ်ဒေသတွေပြန်ရောက် သွားကြတဲ့အခါ သူတို့က ပရဟိတ သမားတွေဆိုတော့ ငြိမ်နေမှာ မဟုတ်ဘူးဗျ။ လှုပ်ရှားမှုကို ဆက်လုပ်မယ်လို့ ကျနော့် စိတ်ထဲမှာ ယုံနေတယ်။ ကျနော်တို့ စာရေးဆရာတွေ အနေနဲ့ တတ်နိုင်တာကတော့ ကျနော်တို့ ဟောပြောပွဲတွေ သွားနေတဲ့ အခါမှာ ထပ်တယ်ပဲ ပြောပြော၊ ဘာပြောပြော ကျနော်ကတော့ ဒီကိစ္စကို အလေးပေး ပြောတာပဲ။ ဒါက ကျနော်တို့ လုပ်နိုင်သလောက်လေးပေါ့။

မေး။ ။ ဧရာဝတီအရေးဟာ သဘာဝပတ်ဝန်းကျင်အရေးလို့ ပြောကြတယ်၊ တချို့ကျတော့ ဒါက တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စလို့ ပြောကြတယ်၊ တချို့က ဒါကို နိုင်ငံရေးလို့ ထင်နေသူတွေလည်း ရှိနေတယ်။ အဲဒီအထဲမှာ နိုင်ငံရေး နယ်ပယ်က လူတွေက လှုပ်ရှားမှုမှာ ဦးဆောင်လုပ်နေကြတော့ နိုင်ငံရေးလှုပ်ရှားတယ် ထင်ပြီး စိုးရိမ်ကြောင့် ကြနေကြတဲ့ သူတွေလည်းရှိနေတော့ အဲဒီလို လူတွေကိုရော ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်မြင်တာကတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ဒီကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စ လို့ မြင်တယ်ဗျ။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ လူတိုင်းနဲ့ ဆိုင်တယ်လို့ မြင်တယ်ဗျာ။ ပါတီနိုင်ငံရေးထက် အများကြီး မြင့်တယ်လို့ ယုံကြည်တယ်ဗျာ။ ကျနော်တော့ အဲဒီလို ခံစားရပါတယ်။ ဒါက ပိုကျယ်ပြန့်တယ်လေ။

မေး။ ။ အခုဆိုရင် ဆရာလူထု ဦးစိန်ဝင်းတို့လို၊ ဆရာတို့လို အနုပညာနယ်က၊ စာပေနယ်က လူတွေက ပြောတော့ စိတ်ဝင်စားမှု များလာတယ်။ စိုးရိမ်မှု များလာပြီး မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်။ သက်ဆိုင်ရာက ဒီစီမံကိန်းကြီး ရပ်တန့်ပေးမယ်လို့ ယူဆပါလားခင်ဗျာ။

ဖြေ။ ။ ကျနော်တို့စိတ်ထဲ ခံစားရတာတော့ဗျာ တခုခု လုပ်နေတာက ဘာမှ မလုပ်တာထက်စာရင် ပိုကောင်းတယ် ဆိုတာပါပဲ။ ငြိမ်နေတာထက် စာရင် လှုပ်နေတာက တစုံတရာ ရှေ့ကို မျှော်မှန်းလို့ ရမယ်ထင်ပါတယ်။ အဲဒီလို ကျနော့် စိတ်ထဲ ထင်ပါတယ်။

မေး။ ။ အခု ဧရာဝတီ အရေး ပြောဆိုမှုတွေ ကျယ်ပြန့်လာတယ်။ ဆရာ့အနေနဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ တခြား ထူးထူးခြားခြား ဘာများပြောချင်လဲ။

ဖြေ။ ။ ထူးထူးခြားခြားရယ်တော့ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူတိုင်းလူတိုင်း အကုန်လုံးက၊ ဗမာ အပါအ၀င် တိုင်းရင်းသားအားလုံးက ကျနော်တို့ရဲ့ အမျိုးသားရေး တာဝန်တခုအနေနဲ့ ကျနော်တို့လို အများကို ဆင့်ပွား ပြောနိုင်တဲ့ သူကလည်း ပြောပေါ့။ နီးစပ်ရာတွေက တဆင့် သူငယ်ချင်းကို ပြော၊ လက်ဘက်ရည်ဆိုင်မှာပြော၊ အဲဒီလို လက်ဆင့်ကမ်းပြီး အားလုံးက ဒီကိစ္စ တာဝန်ယူ ပြောသင့်တယ်။ ပြောတယ်ဆိုတာလည်း သက်သက်ပြောတာ မဟုတ်ဘူး။ တကယ့်ခံစားမှုကနေ ပေါက်ကွဲပြီး ပြောနေကြတာပဲ။ တတ်နိုင်သလောက်တော့ လူတိုင်းက စိတ်ဝင် တစား လှုပ်ရှားသင့်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ တချို့က ပြောနေကြတယ်၊ အရင်ကတော့ ဧရာဝတီကို ချစ်ရကောင်းမှန်း မသိကြဘူး၊ အခုမှ အသံတွေ ကျယ်လာပြီး ချစ်နေကြတယ်၊ စိုးရိမ်စရာ မှန်းသိလာကြတယ်ပေါ့။ အဲဒီအပေါ် ဘာများပြော ချင်ပါသလဲ။

ဖြေ။ ။ ဒါက အရင်ကတည်းက သိပြီး ပြောနေကြပါတယ်။ ဒါပေမယ့် လူသိများတဲ့ သူတွေက ပြောလိုက်တော့ ပိုသိ သွားတယ်၊ ပိုပြီး အသံကျယ်လောင် သွားတယ်လို့ ထင်ပါတယ်။ အရင်ကတည်းက တယောက်စီ၊ တယောက်စီ၊ လူတစုစီ၊ တစုစီ ကြားမှာ ပြောဆိုနေကြတာတွေ ရှိကြပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကျယ်ကျယ်လောင်လောင်ကြီး မဖြစ်သေးတာပဲ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။

Credit to Irrawaddy: http://www.bur.irrawaddy.org/index.php/interview/4-interview/7306-2011-09-15-05-44-25

Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)


အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchellနှင့် အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် (၈း၃၀) နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့် အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။

နာရေးကိစ္စ အ၀၀အား (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာဒါနအဖြစ် အင်္ဂလိပ်စာ သင်တန်းများ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချမှုများအား လိုက်လံကြည့်ရှု လေ့လာခဲ့ရာ အခြေခံ အင်္ဂလိပ်စာ သင်တန်းသူ ကလေးငယ်လေးမှ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး Mr. Derek Mitchell မှ “မင်္ဂလာပါ … တွေ့ရတာဝမ်းသာပါတယ်” ဟု မြန်မာလို ပြန်လည်နှုတ်ခွန်းဆက်သခဲ့ပါသည်။ ထို့နောက် သုခအလင်း စာကြည့်တိုက်သို့ ၀င်ရောက်လေ့လာကာ အင်္ဂလိပ်စာပေ စာအုပ်များအား ထပ်မံ၍ လှူဒါန်းပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။
ယင်းနောက် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ သွားရောက်လေ့လာရာ လူနာနားနေဆောင်တွင် လူနာများအား နှုတ်ဆက်စကား ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ ဆေးကုသဆောင်များနှင့် မျက်စိခွဲစိတ်ခန်းဆောင် အခန်းအား လည်း ၀င်ရောက်လေ့လာကာ ချီးမွမ်းစကားများ ပြောကြားသွားခဲ့သည်။ ထို့အပြင် နာရေးနှင့် ပတ်သက်သည့် Cool Box၊ အခေါင်းများနှင့် နိဗ္ဗာန်ယာဉ်များကို လေ့လာခဲ့ပြီးနောက် နံနက် (၉း၃၀) နာရီအချိန်တွင် နှုတ်ဆက်စကား ပြောကြားကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)