ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်မြောက် အထိမ်းအမှတ်နေ့ အမှတ်တရ

Saturday, March 10, 2012 7:29 PM | Posted by 88GenerationStudent

(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်)

သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပါတယ်။

ဆရာကြီး ဒဂုန်တာရာ က

"မှင်နဲ့ရေးတဲ့ မုသားတွေဟာ

သွေးနဲ့ရေးတဲ့သမိုင်းတွေကို ဖုန်းလွှမ်းလို့မရနိုင်"

လို့ သမိုင်းမှတ်တမ်းဝင်ကဗျာလေး နဲ့ အစပြု ဆွေးနွေးမိကြပါတယ်။ သမိုင်းကိုလိမ်ဖို့ ကြိုးစားနေသူတွေ၊ သမိုင်းဖျောက်မဲ့ ငနဲသားတွေကို သတိပေးလိုက်တဲ့ကဗျာကောင်းလေးပါ။ သမိုင်းဆိုတာ မမေ့ကောင်းဘူးလေ။

၁၉၈၈မှာ နေဝင်းရဲ့ စစ်ဝါဒီ လုံထိန်း တသိုက် နဲ့ ကျောင်းသားတွေ ထိပ်တိုက်တိုးခဲ့ကြရာမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေ ကျဆုံးခဲ့ကြရရှာတဲ့အကြောင်းတွေ ပြန်ပြောင်းပြောဖြစ်ကြပါတယ်။ ကိုဖုန်းမော်က မတ်လ ၁၃ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲမှာပဲ ကျဆုံးခဲ့ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲ ဒဏ်ရာရသွားတဲ့ ပုသိမ်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင် ကိုလည်း ရန်ကုန် ဆေးရုံမှာ ကုတင်နဲ့တွဲပြီး လက်ထိပ်ခြေထိပ်ခပ်ထားပြီး ဒီအတိုင်း ကုတင်မှာပစ်ထားတာမို့ မသေခင်မှာ "နေရတာကြပ်လိုက်တာ" ဆိုပြီးငြီးညူပြောဆိုရင်းသေဆုံးခဲ့ရတယ် လို့ ကျနော်တို့ပြန်ပြောဖြစ်ကြပါတယ်။

"မဏ္ဍာပ် မထိုးရ၊ လူ မစုရ၊ စားမြိန်ထုတ် မထည့်လိုက်ရ၊ ရေအိုး မခွဲလိုက်ရ မနက်စောစောချတဲ့ အသုဘ ကိုဖုန်းမော်ရေ အမျှ အမျှ"

အဲဒီတုန်းက ၁၉၈၈ ကာလ တုန်းက ကိုဖိုးခွါးမှတ်မိတာကို ကျနော့်ကိုဒီလိုစတင်ပြောပြတယ်။ "ကျနော်တို့တွေ လုံထိန်းတွေကို အရမ်းကာရော မုန်းနေတုန်း လူပြက်ပျက်တာလေး ကိုစပြောပြမယ်။ လူပြက်က မိန်းခလေးဘော်လီကို ပရိသတ်ကိုပြပြီး ဘာလဲလို့မေးတော့ ပရိသတ်က ဗလာစီယာ ဘော်လီပေါ့လို့ဖြေတယ်တဲ့။ လူပြက်က ဗလာစီယာ ဘော်လီ မဟုတ်ဘူး ရင်ကိုထိမ်းထားတော့ "ရင်ထိမ်း/ယဉ်ထိမ်း" လို့ပြောသတဲ့။ တခါ လူပြက်က မိန်းခလေး အောက်ခံဘောင်းဘီ ထုတ်ပြပြီး ဘာလဲလို့မေးပြန်သတဲ့။ အောက်ခံဘောင်းဘီလို့ အော်ဖြေကြသတဲ့။ ညံ့လိုက်ကြတာကွာ မှတ်ထား " အောက်ခံဘောင်းဘီ" ဟာ လုံအောင်ထိမ်းထားတော့ " လုံထိန်း" ပေါ့လို့ရှင်းပြလိုက်တော့ ပရိသတ်က သဘောပေါက်သွားပြီး ဝက်လုံးကွဲရယ်ကြတော့တယ်တဲ့။ ကောင်းလိုက်တဲ့ ပျက်လုံးဗျာ။ တကယ်မှတ်သားလိုက်ရပါတယ်။

"ချုပ်နှောင်ဖွဲ့တင်း အာဏာတွင်းမှ

နီမောင်းဝင်းလျှက် သွေးစက်စက်ဖြင့်

လွတ်မြောက်ဖို့အတွက် ရုန်းကန်လျှက်"

ဆိုတဲ့ကဗျာလေး နဲ့ သရုပ်ဖော်ပုံ ကတော့ လှောင်အိမ်ထဲက သွေးစက်တွေနဲ့ချိုးဖြူလေး ရုန်းကန်နေပုံ ဟာ တော်လှန်ရေးနမိတ် အရိပ်အယောင်ကို သူမန္တလေး ရောက်တုန်း နံရံကပ်ပိုစတာကို အထင်းသား ပြန်မြင်ယောင်လာကြောင်းပြောပြပါတယ်။

နောက် ပြီးကဗျာကောင်းလေးတပုဒ်ကတော့ "နိုင်မခံ"ဆိုတဲ့ကဗျာလေးပါ။

"လှံနဲ့ဖောက်လျှိုး ထိုးချင်ထိုးလေ၊

ဓားနဲ့မိုးအုပ်ခုတ်ချင်ခုတ်လေ၊

ကျည်နဲ့စူးနစ် ပစ်ချင်ပစ်လေ၊

စိတ်ထားညီညီ သွေးနီနီဖြင့်

လဲလည်းပြန်ထ တိုက်အုန်းမည်" တဲ့။

အခြေခံလူ့အခွင့်အရေးတွေ ရရှိဖို့ ပြန်ပြီးကြိုးစားရချိန်မှာ အားဆေးတင်တဲ့ ကဗျာလေးတပုဒ်ပါ။

ဒါနဲ့ပဲ ၈၈ အမည်မသိကဗျာလေး တပုဒ် ကို ရွတ်မိပြန်ပါတယ်။ "ပန်းကောင်းတပွင့်

လေအသင့်မှာကြွေလင့်သော်လည်း

ဝေဆာပွင့်လန်း တော်လှန်ပန်းတွေ

သိန်းသန်းမက ကျန်သေးတယ်" ။

မတ်လ ၁၃မှာ ကျဆုံးခဲ့ရရှာတဲ့ ကိုဖုန်းမော် ကို ရည်ရွယ်ဂုဏ်ပြုစပ်ဆိုထားတဲ့ကဗျာပါ။

ပြီးတော့ နောက်ကဗျာ တပုဒ်က

"သွေးဆိုတာ နီတယ်

နီတယ်ဆိုတာ ခွပ်ဒေါင်း

ခွပ်ဒေါင်းဆိုတာ အာဏာရှင်ကို တိုက်ဖို့ပဲ" တဲ့။

နောက်တပုဒ်က " အာဏာရှင်ရဲ့ အတ္တဝါဒ ကို ဈာပနအဖြစ် ပြာချပစ်မယ်" တဲ့။ အားကောင်းတဲ့ တော်လှန်ကဗျာလေးပါ။

ပြီးတော့တခါ ဆရာ တင်မိုးရဲ့ ဖုန်းမော်နေ့ ဒေါ်အောင်ဆန်စုကြည် ဂုဏ်ပြုကဗျာ လေး။ ဒေါ်စုက အကျယ်ချုပ်ကျနေချိန် ရေးစပ်တဲ့ကဗျာလေးပါ။ အခုအခါ အန်တီ အကျယ်ချုပ်က လွတ်လာပြီး ဒီမိုကရေစီရေးလှုပ်ရှားနေချိန်မှာတော့ ကျနော်တို့ချစ်တဲ့ ကဗျာဆရာကြီး ဦးတင်မိုး မရှိတော့တာကို တမ်းတမ်းတတ လွမ်းဆွတ်စွာ ပြန်တမ်းတသတိရ မိပါတယ်။

ခေါင်းစဉ်လေးက "မှတ်မိသေးရဲ့" တဲ့။

သေနပ်တွေ လှံစွတ်တွေချိန်ပြီး

ငြိမ်ဝပ်ပိပြားအောင်ချိမ်းခြောက်

လူထုကို ဟိန်းဟောက်ရဲတာ

သတ္တိမဟုတ်။

အဲ့ဒီသေနတ်ဖျား လှံစွတ်ဖျားရှေ့မှာ

အမှန်တရားကိုယုံကြည်

တည်ငြိမ်စွာရင်ဆိုင်ပြီး

ခံနိုင်ရည်ရှိရှိ

ခိုင်မြဲတဲ့ သမာဓိရှိသူကိုသာ

သတ္တိရှိသူလို့ခေါ်တယ်။

ဖုန်းမော်ရဲ့ တနှစ်ပြည့်နှစ်လည်တွင်းမှာ

သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်က

စက်မှုတက္ကသိုလ် ရင်ပြင်နီထက် ကျောင်းသားထုတစ်ခဲနက်ရှေ့မှာ

လက်နှက်လှံစွတ်တွေကြားက

မိန့်ခွန်းစကားဆိုခဲ့တယ်

- ဖုန်းမော်အမှတ်တရ-

ဆိုပြီးဆရာကြီးဦးတင်မိုး ရေးခဲ့တာပါ။ ဆရာတင်မိုး ကြည်ညို တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရဲရင့်တဲ့မိန့်ခွန်းလေးကို ဆရာက ကိုဖုန်းမော်နေ့ နဲ့ ဆက်စပ်သတိတရ ရေးထားခဲ့တဲ့ ကဗျာလေးပါ။

တခါ ကိုမိုးသီးဇွန် ရေးခဲ့တဲ့

"သမိုင်းသစ်ရေး ငါတို့သွေးကို

ထုံးဖြူဆေးသုတ်ဖြောက်ဖျက်ဖုံးလည်း

မဆုံးကမ္ဘာတည်လိမ့်မယ်"

ဆိုတဲ့ နဝတ (နဝေတိမ်တောင် အစိုးရလို့လှောင်ခေါ်ခဲ့ကြသလို နွားအဖွဲ့ လို့လည်းခေါ်ကြပါတယ်) စစ်အုပ်စုရဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်တဲ့ လူသတ်သမိုင်းတွေ ကို ဖျောက်ဖျက်ယတြာချေဖို့အတွက်၊ တနိုင်ငံလုံး ရပ်ကွက်တွေထဲ ခြံစည်းရိုးအားလုံး ထုံးမသုတ်မနေရအမိန့်ကို အာဏာဖီဆန်တဲ့ ကိုမိုးသီးဇွန်ရဲ့ သမိုင်းဝင်ကဗျာလေး ကို ပြန်ရွတ်မိကြပါတယ်)

ပြီးတော့ တိုက်လည်းတိုက်ဆိုင်ပါဘိ။ ကိုဖုန်းမော်သေတာ လုံထိမ်းတွေရဲ့ အတွင်းကျည် ၁၃ချက်နဲ့ ကျဆုံးရရှာတာထူးဆန်နေတာပါ။ ပြီးပြန်တော့ ဗိုလ်ချုပ်အောင်ဆန်း မတ်လ ၁၃ ရက် ၁၉၄၄ ကပြောတဲ့ မိန့်ခွန်း။ တိုက်တိုက်ဆိုင်ဆိုင် မတ်လ ၁၃ ရက်မှာ တပ်မတော်ကို ပြောခဲ့တာပါ။

"ဒီတပ်မတော်ဟာ လူတဦး တယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်"။.

အော် တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်ရယ်။ ကိုဖုန်းမော်ကျဆုံးတဲ့ မတ်လ ၁၃ရက်မှာ တပ်မတော်သားတွေကို မိန့်မှာ ပြောကြားခဲ့တဲ့အမှာစကားပါ။ ဖုန်းမော်နေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့မှာ တပ်မတော် ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကိုပြောခဲ့တာ။ တကယ် မှတ်သားရပါတယ်။

ဖုန်းမော်နေ့ တနှစ်ပြည့် ဦးခင်မောင်မြင့် မိန့်ခွန်းကတော့ " ကျောင်သားတွေကိုသတ် ကျောင်းသူတွေကို မုဒိမ်းကျင့်တာတွေကို ကိုကြီးတို့မသိပါဘူး ဆိုသူတွေနဲ့ မညီညွတ်နိုင်ဘူး။ ဒီမိုကရေစီနဲ့ ဒီမိုကရေစီဆန့်ကျင်သူတွေရဲ့ တိုက်ပွဲကို ကွန်မြူနစ် နဲ့ ကွန်မြူနစ်ဆန့်ကျင်သူတွေတိုက်ပွဲအဖြစ် တိုက်ပွဲလမ်းကြောင်းပြောင်းသူတွေနဲ့လည်း မညီညွတ်နိုင်ဘူး" တဲ့။ တစည နဲ့ ဗိုလ်အောင်ကြီး ကို ရည်ညွန်းပုံရပါတယ်။ ၈၈ ၈၉ နိုင်ငံရေး အရိပ်အငွေ့တွေ ပြန်ရှူကြည့်တာပါ။

ဒီနေ့ကျနော်တို့တိုင်းပြည်ဟာ အမျိုးသားချင်းတွေစစ်ခင်းလို့ သွေးမြေကျတာတွေ မရပ်သေးပါဘူး။ ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး ရင်ကြားစေ့ရေး စကားလုံးတွေ ကို လက်တွေ့ဖြစ်လာဖို့ ကျနော်တို့တွေ သမိုင်းကို မမေ့ဖျောက်သင့်ကြပါဘူး။ ကောင်းတာတွေကို ဆက်လုပ်ကြရမယ်။ မကောင်းတာတွေတွေကို သင်ခန်းစာ ယူရမယ် ပြုပြင်သွားကြရပါလိမ့်မယ်။ ကိုဖုန်းမော်ကို သတိရရုံနဲ့မပြီးဘဲ အလုပ်တွေအများကြီးလုပ်ကြရအုန်းမယ်။ ဒီထက်သန်မာတဲ့ အားကြီးတဲ့ ပုခုံး တွေနဲ့ တိုင်းပြည်တာဝန်ထမ်းပိုးကြဖို့ တိုက်တွန်းအပ်ပါတယ်။

ကိုမင်းကိုနိုင် အမှာစကားအရဆိုရင် "ရောက်တဲ့နေရာ အရေးမကြီးဘူး ကျင့်တဲ့တရားသာ အရေးကြီးတယ်လို့ဆိုပါတယ်။

ကိုဖုန်းမော် နှင့် ကျဆုံးသွားကြရရှာသော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ ကောင်းရာသုဂတိလားပါစေ။

ဒီမိုကရေစီရေးအောင်မြင်ဖို့ အတွက် ချီတက်သွားကြပါစို့၊ မမေ့မလျော့ မပေါ့ ကြပါစေလိုကြောင်း တိုက်တွန်းဆန္ဒပြုအပ်ပါတယ်။

ဇော်ဝင်း (နယူးယောက်)


(ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်မြောက် အထိမ်းအမှတ်နေ့ အမှတ်တရ အဖြစ် ပန်းချီဆွဲပေးဖို့ တိုက်တွန်းလို့ မဆိုင်းမတွ ချက်ချင်း ဆွဲပေးတဲ့ ပန်းချီ ကိုမင်းကျော်ခိုင် ကို ကျေးဇူးအထူးတင်ရှိပါတယ်)

အပစ်အခတ်ချက်ချင်းရပ်အမိန့်

Thursday, January 26, 2012 6:10 PM | Posted by 88GenerationStudent


(သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်မှ ...)

ကျောခင်းပေးတဲ့သူကို ကျိုးအောင် ကျော ဆောင့်နင်းသွားတဲ့ မျောက်ယုတ်မျိုးတွေရှိတယ် မမေ့ကြပါနဲ့

5:20 PM | Posted by 88GenerationStudent
ကျောခင်းပေးတဲ့သူကို ကျိုးအောင် ကျော ဆောင့်နင်းသွားတဲ့ မျောက်ယုတ်မျိုးတွေရှိတယ် မမေ့ကြပါနဲ့

ထိုင်ခုံ

3:43 PM | Posted by 88GenerationStudent

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ

3:31 PM | Posted by 88GenerationStudent
အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲရဲ့ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပတဲ့ သတ္ထမအကြိမ် ပထမ အထူး အစည်းဝေးပွဲကြီးက ဆုံးဖြတ် အပြီး သံဃာတော် ငါးပါးကို ဆင့်ခေါ်ခဲ့တာပါ။ ဒီဆင့်ခေါ်စာကို ဒီကနေ့ ဇန်န၀ါရီ ၂၆ ရက်မှ လက်ဝယ်ရရှိခဲ့တယ်လို့ ဦးဣဿရိယက မိန့်ပါတယ်။



(Photo Credit: Burma VJ Media Network)

၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီး စစ်အစိုးရ အာဏာပိုင်များ ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ချိပ်ပိတ် သော့ခတ်ခဲ့သည့် မဂ္ဂင်ကျောင်းတိုက်ပုံ ဖြစ်ပါသည်။

စာမှာ ပြစ်မှုကျူးလွန်တဲ့ ရဟန်းတွေလို့ သုံးနှုန်းထားပြီး သံဃာ့ နာယက အဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် လက်မှတ်ထိုးကာ မနက်ဖြန် လာပြီး ဖြေရှင်းဖို့ ပင့်ထားကြောင်း မိန့်ပါတယ်။

ဦးဂမ္ဘီရ အပါအ၀င် သံဃာငါးပါး သီတင်းသုံး နေထိုင်တဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီး ချိတ်ပိတ်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်းကို ဖွင့်ပြီး သီတင်းသုံး နေထိုင်တဲ့ ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း၊ ပြေလည်အောင် ညှိနိုင်းသွားမှာ ဖြစ်ကြောင်း ဦးဣဿရိယက မိန့်ပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော် ငါးပါးလုံးဟာ အခုလ ၁၃ ရက်က နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်တွေ ဖြစ်ပါတယ်။

Sources and Thanks to - RFA Burmese

Mizzima မဇ္ဈိမ သတင်းဌာန မြန်မာပြည်မှာ ရုံးဖွင့်တော့မည်

3:22 PM | Posted by 88GenerationStudent


Mizzima မဇ္ဈိမ သတင်းဌာန မြန်မာပြည်မှာ ရုံးဖွင့်တော့မည်

Mizzima သတင်းဌာန၏ အယ်ဒီတာချုပ် ဦးစိုးမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန်အပြင် အဆိုပါ ဝန်ကြီးဌာနမှ ပြုလုပ်သည့် မီဒီယာဖိုရမ်ကို တက်ရောက်နိုင်ရန် ဇန်န၀ါရီလ ၂၆ ရက်နေ့ ည ကိုးနာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ဦးစိုးမြင့်သည် မြန်မာနိုင်ငံတွင် ခြောက်ရက်ကြာ နေထိုင်မည် ဖြစ်ကာ Mizzima သတင်းဌာနကို ပြည်တွင်းသတင်းဌာန တစ်ခုအဖြစ်ပြောင်းလဲနိုင်ရန် အားလုံးနှင့် လက်တွဲလုပ်ဆောင်ခြင်ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောကြားခဲ့သည်။

ဒီဗွီဘီ မှထုတ်ပြန်သော ငွေကြေးအလွဲသုံးစားမှုအဖြစ် စွပ်စွဲမှုအပေါ် ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုမျိုးမင်းနိုင် (ကိုနန္ဒ -ခ- ကိုနေထွန်း) မှ တုန့်ပြန်ချက်

12:40 PM | Posted by 88GenerationStudent
ဒီဗွီဘီ သတင်းဌာန မှထုတ်ပြန်သော ငွေကြေးအလွဲသုံးစားမှုအဖြစ် စွပ်စွဲမှုအပေါ် ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုမျိုးမင်းနိုင် (ကိုနန္ဒ -ခ- ကိုနေထွန်း) မှ တုန့်ပြန်ချက်

Myo Min Naing Respond Letter to DVB

ဒီဗွီဘီ သတင်းဌာန ၏ ငွေကြေးအလွဲသုံးစားမှုအပေါ် မှားယွင်းစွာ သတင်းထုတ်ပြန်ခဲ့မှုနှင့် ပါတ်သက်၍ ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုပွကြီး မှပြန်လည်ရှင်းလင်းချက်

12:31 PM | Posted by 88GenerationStudent
ဒီဗွီဘီ သတင်းဌာန ၏ ငွေကြေးအလွဲသုံးစားမှုအပေါ် မှားယွင်းစွာ သတင်းထုတ်ပြန်ခဲ့မှုနှင့် ပါတ်သက်၍ ပြည်တွင်းနက်ဝပ် ခေါင်းဆောင်အဖြစ်တာဝန်ရှိသူ ကိုပွကြီး မှပြန်လည်ရှင်းလင်းချက်

Pwa Gyi Letter to DVB

ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်

12:28 PM | Posted by 88GenerationStudent
ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်

ဇန်န၀ါရီလ ၂၄ ရက်၊၂၀၁၂

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ဘားမားဗီဂျေမီဒီယာ အား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။ ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစားလုပ်မှုတစ်ခုဖြစ်ပြီး၊ တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။
(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။
(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန် အဖွဲ့ ဝင် များဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှ စင်ပြိုင်ထောင်ချင်း မဟုတ်ဘဲ ၊ပြည်တွင်းပြည်ပ သတင်းများကို ပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။
(၃)DVB မှစွပ်စွဲနေသောငွေကြေးအရှုပ်အရှင်းကိစ္စသည် စွပ်စွဲသူDVB နှင့်စွပ်စွဲခံရသူကိုမျိုးမင်းနိုင်၊ ကိုအောင်မျိုးကျော်တို့  နှစ်ဘက်အကြားဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စသာဖြစ်ပြီး၊ လက်ရှိ ဘားမားဗီဂျေနက်ဝက်နှင့် လုံးဝပတ်သက်ခြင်းမရှိပါ။
(၄)DVB၏သတင်းထုတ်ပြန်ချက်ထဲတွင်Burma VJ မှတ်တမ်းရှပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သောအဖွဲ့ ကို တည်ထောင်ထားသည် ဟု ရေးသားထားသည်။ ထိုရေးသားချက်လုံးဝမမှန်ပါ။Burma VJ Network မှာလက်ရှိ ဦးဆောင်နေသူ ကိုအောင်ကြီး၊ ကိုအောင်ထွန်း အပါအ၀င် အခြားအဖွဲ့ သားများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း ထောင်ကျခံ သက်စွန့် ဆံဖျား ဗီဒီယို ရိုက်ကူးခဲ့ကြသူများဖြစ်သည်။ထို ဗီဒီယိုအရုပ်များဖြင့်လည်း အော်စကာဆု ဆန်ကာတင် စာရင်းဝင် ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုသိရှိစေရန် ကူညီလုပ်ဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗီဒီယို ဂျာနယ်လစ် အဖြစ် ထဲထဲဝင်ဝင် ပါဝင်ပက်သက် သတင်းယူခဲ့သူ များ မှ ဘားမားဗီဂျေ အမည်အား အများအကျိုးအတွက် အသုံးပြုခြင်းကို ဒီဗီဘီ အနေ ဖြင့် ဝေဖန်ကန့် ကွက်ပိုင်ခွင့် မရှိပါ။

(၅) DVB နှင့်သက်ဆိုင်သည့် အသုံးပြုနိုင်သည့် မှတ်တမ်း ဗီဒီယို၊ဓါတ်ပုံနှင့် အခြားအရေးကြီး သတင်းအချက် အလက် များအား ပြန်လည် အပ်နှံထားပြီး ဖြစ်သဖြင့် ဘာမားဗီဂျေမီဒီယာ ၏ လက်ရှိ မှတ်တမ်းရုပ်ပုံများ၊သတင်းအချက်အလက်များမှာ နက်ဝက်ကိုယုံကြည်သဖြင့် ပေးပို့ လာသော သတင်းထောက် များနှင့် ပြည်သူ့ သတင်းထောက်များ၏ ထည့်ဝင်ကူညီမှုသာ ဖြစ်ပြီး ဒီဗီဘီ အနေဖြင့် သက်ဆိုင်နေသေးကြောင်း တစုံတရာ ပြောဆိုခွင့်မရှိပါ။ ဘားမားဗီဂျေ ၏ အင်တာနက် စာမျက်နှာ များတွင်လည်း ထို အရုပ်များကိုအကျိုးအမြတ် အတွက် မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။
DVB ၏စွပ်စွဲထုတ်ပြန်ချက်များသည် စွပ်စွဲခံရသူများနှင့်သာ ပြစ်မှုကျုးလွန်ခြင်းရှိ/မရှိ ဥပဒေ အ ကြောင်းအရဆောင်ရွက်ရန်သာဖြစ်သည်။ပြစ်မှုကြောင်းအရဆိုပြီး သတင်းထုတ်ပြန်ချက်ထဲတွင် ဘားမား ဗီဂျေ မီဒီယာနာမည် ကို ထည့်သွင်းပုတ်ခတ် ပြောဆိုဖို့ မသင့်ပါ။ ထိုသို့ ပြောဆိုခြင်းသည် မီဒီယာအားကိုးဖြင့် အခြား မီဒီယာတစ်ခုက အသရေဖျက်ခြင်းသာဖြစ်သည်။ပြည်သူ့ ဝန်ထမ်း တီဗီ(PBS-Public Broadcast Service)အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် ဆိုသည့် မီဒီယာကြီး တခုကို လိုသလို အသုံးချပြီး မိမိတို့ဝန်ထမ်းအချင်းချင်းပြန်လှန် မေးမြန်းကာ မီဒီယာ ငယ် တခုကို ရပ်တည်ခွင့် မရရန် ကြိုးပမ်းနေခြင်းသည် လွတ်လပ်ပွင့်လင်းလာမည့် မြန်မာ့ မီဒီယာ လောက အတွက်လည်း ရှေ့ နမိတ်မကောင်းနိုင်သလို မြန်မာစာနယ်ဇင်းလောက တွင်လည်း သမိုင်း အမည်းစက်ဖြစ်မည် ဖြစ်ပါသည်။
ထို့ ကြောင့် ဘားမားဗီဂျေမီဒီယာ နက်ဝက် ကို လည်းကောင်း၊ လက်ရှိ ဘားမားဗီဂျေ အဖွဲ့ ဝင် များကို လည်းကောင်း ထိခိုက်နစ်နာစေရန်၊ ဂုဏ်သတင်း ကျဆင်းစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် လုပ်ရပ် အားလုံးကို ချက်ချင်းရပ်တန့် ရန် ဘားမားဗီဂျေ မီဒီယာ မှအပြင်းအထန် သတိ ပေးလိုက် သည်။ ဘားမားဗီဂျေမီဒီယာ အနေဖြင့် ဒီဗီဘီ ၏ အသရေ ဖျက်မှု နှင့် မီဒီယာကျင့်ဝတ် ချိုးဖောက်မှု များအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း နှင့် နိုင်ငံတကာ မီဒီယာများ မှ တဆင့် ထုတ်ဖော် ပြောဆိုခြင်း အပါအ၀င် သင့်တော်သောနည်းလမ်းများဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ဘားမားဗီဂျေမီဒီယာနက်ဝက်(BurmaVJ Media Network)

အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုအောင်ကြီး(အင်္ဂလန်) +447760411510
ကိုအောင်ထွန်း (ထိုင်း) +66880113187

http://www.burmavjmedia.net/%E1%80%92%E1%80%AE%E1%80%97%E1%80%AE%E1%80%98%E1%80%AE-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8F-%E1%80%B1%E1%81%BE%E1%80%80%E1%81%BF%E1%80%84%E1%80%AC%E1%80%81/#.Tx0vo-y43m8.facebook