နိုင်ငံတကာဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် အဓိကထားမည်

Wednesday, November 10, 2010 5:54 PM | Posted by Anonymous




ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပါက နိုင်ငံတကာ ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

“နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ သူပြန်လွတ်လာတဲ့အခါ ဒေသတွင်းနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများနဲ့ သံတမန်ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်သွားမယ်လို့ သိရပါတယ်” ဟု NLD နှင့်နီးစပ်သော အမည်မဖော်လိုသူတဦးက ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သည့်ကာလတလျှောက် စစ်အစိုးရနှင့်စပ်လျဉ်းသည့် နိုင်ငံရေးပြဿနာများသည် ထင်သာမြင်သာရှိနေပြီဖြစ်ကြောင်း၊ ယခုတခေါက် ပြန်လွတ်မြောက်သည့်အခါ မြန်မာပြည်ဒီမိုကရေစီ အပြောင်းအလဲအတွက် ဆက်လက်ဆောင်ရွက်ရာတွင် နိုင်ငံ တကာအသိုင်းအ၀န်းနှင့် ပိုမိုဆက်ဆံဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အိမ်ကို နိုင်ငံရေးစုဝေးရာနေရာအဖြစ် အသုံးပြုမည်မဟုတ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေး ဘ၀ကိုလည်း ခွဲခြားထားမည်ဖြစ်ကြောင်း၊ NLD မှ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ခေါင်းဆောင်များကိုလည်း ထိုကဲ့သို့နေထိုင်ရန် အကြံပြုကြောင်းလည်း အဆိုပါ အမည်မဖော်လိုသည့် နီးစပ်သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၈ လ ကြာ နေအိမ်အကျယ်ချုပ် ချခံထားရရာမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွတ်ရက်စေ့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။

ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးလောကသို့ ၀င်ရောက်စဉ်က အသက် ၄၃ နှစ်သာ ရှိသေးသည်။ ထိုစဉ်ကတည်းက မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲအတွက် မနားမနေကြိုးပမ်းခဲ့သည်။ လွန်ခဲ့သည့် ၂၂ နှစ်တာ ကာလအတွင်း နေအိမ်တွင် ၁၅ နှစ်ကြာမျှ အကျယ်ချုပ်ဖြင့် ၃ ကြိမ် ချုပ်နှောင်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်လာပြီးနောက် ခရီးသွားလာခြင်းကို ချက်ခြင်းပြုလုပ်မည်မဟုတ်ဟုလည်း သိရ သည်။

အကယ်၍ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်အစိုးရက ခြွင်းချက်မရှိ လွှတ်ပေးခြင်းမပြုပါက လက်ခံမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကား၍ Reuters သတင်းဌာနက ယနေ့ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပြီး ပြည်သူများကိုလည်း မဲမပေးဘဲ နေနိုင်သောအခွင့်အရေးကို အသုံးချရန် တိုက်တွန်းခဲ့သည်။ NLD ကလည်း ရွေးကောက်ပွဲအကြို ကာလတလျှောက်လုံး မဲမပေးရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲတွင် မဲထွက်ပေးမှုရာခိုင်နှုန်း နည်းပါးသည်ဟု လေ့လာသူများက သုံးသပ်ကြပြီး ထိုသိုဖြစ်ရခြင်းတွင် အကြောင်းရင်း ၂ ရပ်ရှိကြောင်း၊ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲမပေးကြရန် တိုက်တွန်းချက်နှင့် စစ်အစိုးရက ရွေးကောက်ပွဲမတိုင်မီ ကြိုတင် မဲအများအပြားကို မတရား ကောက်ယူထားခြင်းတို့ကြောင့် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

Credit to Irrawaddy: http://www.irrawaddy.org/bur/index.php/news/4791-2010-11-10-10-26-33

0 Comments to နိုင်ငံတကာဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် အဓိကထားမည်

Post a Comment