ကြံ့ဖွတ်မှအပ ကျန်ရှိသည့် နိုင်ငံရေးပါတီများ အနိုင်ရရှိမှု စာရင်းများအရ ပြည်ထောင်စုလွှတ်တော်၏ ၁ဝ ပုံတပုံပင် မရှိသေး

Tuesday, November 9, 2010 9:30 AM | Posted by Anonymous

ကြံ့ဖွံ့မှအပ ၁ဝ ရာခိုင်နှုန်းပင် မပြည့်သေး ရွေးကောက်ပွဲ အနိုင်အရှုံး လက်ရှိ စာရင်းများအရ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှအပ ကျန်ရှိသည့် နိုင်ငံရေးပါတီများ အနိုင်ရရှိမှု စာရင်းများအရ ပြည်ထောင်စုလွှတ်တော်၏ ၁ဝ ပုံတပုံပင် မရှိသေးကြောင်း တွေ့ရှိရသည်။

မဇ္ဈိမသတင်းဌာန၏ စုံစမ်းမှုနှင့် အခြား ပြည်တွင်းပြည်ပ သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအရ လေ့လာတွေ့ရှိရခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်အတွက် လွှတ်တော်အမတ်ပေါင်း ၄၄ဝ ဦး သတ်မှတ်ထားရာ ၄ ပုံတပုံဖြစ်သည့် ဦးရေ ၁၁ဝ သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသော လွှတ်တော်အမတ် ဦးရေ ၃၃ဝ ကိုမူ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲက ရွေးချယ်ပေးသည်။

လတ်တလော စာရင်းအရ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် ၂၅ ဦးသာ ရှိသေးသည်။

ထို ၂၅ ဦးထဲတွင် အမတ်လောင်း ၉၈ဝ ဖြင့် ဒုတိယအများဆုံး ဝင်ပြိုင်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ၁ ဦး၊ ၁၆၃ ဦးဖြင့် တတိယအများဆုံး ဝင်ပြိုင်သည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF က ၁၁ ဦး၊ ၁၅၇ ဦးဖြင့် စတုတ္ထ အများဆုံး ဝင်ပြိုင်သည့် ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ၈ ဦး ပါဝင်နေသည်။

အမျိုးသားလွှတ်တော်အတွက် လွှတ်တော်အမတ်ပေါင်း ၂၂၄ ဦး သတ်မှတ်ထားရာ ၄ ပုံတပုံဖြစ်သည့် ၅၆ ဦးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပင် ခန့်အပ်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသည့် လွှတ်တော်အမတ် ဦးရေ ၁၆၈ ကိုမူ ရွေးကောက်ပွဲက ရွေးချယ်ပေးသည်။

လတ်တလော စာရင်းအရ အရွေးချယ်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သည် ၁၂ ဦးသာ ရှိသေးသည်။

ထို ၁၂ ဦးထဲတွင် တစည က ၁ ဦး၊ NDF ၄ ဦး၊ ကျားဖြူက ၂ ဦးနှင့် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ RNDP က ၃ ဦး ပါဝင်နေသည်။

အဆိုပါ စာရင်းအရဆိုလျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကာ ဖြစ်ပေါ်လာမည့် ပြည်ထောင်စု လွှတ်တော်အတွင်း အရပ်သား လွှတ်တော်အမတ်ပေါင်း ၄၉၈ ဦး ရှိမည့်အနက် လတ်တလော ၃၇ ဦးသာ ရှိသေးသဖြင့် ရာခိုင်နှုန်းအားဖြင့် ၇ ဒဿမ ၄၃ နီးပါးသာ ရှိနေပါသေးသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ နိုင်ငံတဝှန်း အမတ်လောင်း ဦးရေ ၁၁၆၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပါတီကို လက်ရှိ စစ်အစိုးရ ခေါင်းဆောင် စစ်ဗိုလ်ချုပ်များက ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Credit to Mizzima: http://mizzimaburmese.com/

0 Comments to ကြံ့ဖွတ်မှအပ ကျန်ရှိသည့် နိုင်ငံရေးပါတီများ အနိုင်ရရှိမှု စာရင်းများအရ ပြည်ထောင်စုလွှတ်တော်၏ ၁ဝ ပုံတပုံပင် မရှိသေး

Post a Comment