ရွေးကောက်ပွဲ ပွဲဦးထွက် နအဖနှင့်ဒီကေဘီအေ စစ်ဖြစ်

Tuesday, November 9, 2010 8:56 AM | Posted by Anonymous

Tuesday, 09 November 2010 19:49 သျှမ်းသံတော်ဆင့်


နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် မြ၀တီနှင့်ဘုရားသုံးဆူမြို့များ၌ ဒီကေ ဘီအေနှင့် နအဖတို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားရာ ရွေးကောက်ပွဲ ပွဲဦးထွက်ရလဒ် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ယနေ့ ကြေငြာချက်ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးမျက်ကွက်ပြု အတုအယောင် အပစ်အခတ်ရပ်စဲရေး၏ နောက်ဆက်တွဲ ရလဒ်ဖြစ်ပြီး ကျန်အပစ်ရပ် အဖွဲ့များနှင့်ပါ အပစ်ရပ်စဲရေး ပျက်ပြားလာဖွယ်ရှိသည်ဟု ကျောင်းသားတပ် အထွေထွေအတွင်းရေးမှူး ကိုဆလိုင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကျနော့်အမြင်ကတော့ ဒီကေဘီအေနဲ့ နအဖအပစ်ရပ် ကျိုးပေါက်သွားပြီဖြစ်တယ်။ ထို့အတူ ကျန်တိုင်းရင်းသား အပစ် ရပ် အဖွဲ့တွေအကြား သဘောတူညီမှု ကျိုးပေါက်လာမဲ့ အနေအထားတွေတွေ့နေရတယ်” ဟုသူက ဆိုသည်။

ထိုအချက်ကို အပစ်ရပ်လက်နက်ကိုင်များ သတိမူရမည့် အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့်လည်း ကရင်အမျိုးသားချင်း ပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံးလုပ်ရန် လိုအပ်ကြောင်း သူက ထောက်ပြသည်။

“ကျနော်တို့မှာ ကိုယ့်ကိုလာမတိုက်ရင် ပြန်မတိုက်တဲ့စစ်ရေးအမှားတွေရှိခဲ့တယ်။ တည့်တည့်ပြောရရင် ကရင်ကိုတိုက်ရင် မွန်ကမဆိုင်သလိုနေခဲ့တာ၊ ကချင်ကိုတိုက်ရင် ရှမ်းက မဆိုင်သလိုနေခဲ့တာ။ အဲဒီစစ်ရေးအမှားတွေကို သင်ခန်းစာယူ ရမဲ့ အချိန်ရောက်ပြီ”

“အားလုံးလက်တွဲပြီး စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အမြန်ဆုံးတိုက်ပွဲဝင်ရမဲ့အချိန် ရောက်ပြီ။ ကိုယ်ကမတိုက်ရင် မကြာခင်သူကကိုယ့်ကိုတိုက်မှာဖြစ်တယ်။ ကေအန်ယူအနေနဲ့လည်း ဒီအခွင့်အရေး ကိုယူပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြန်ဆုံးဆောင်ရွက်သင့်ကြောင်းအကြံပြုလိုတယ်”
သူက ဆိုသည်။

ထို့အပြင် ဗိုလ်မှူးစောလပွယ် ဦးဆောင်သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA သည် နအဖသြဇာခံ နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကာ စောဘဦး၏ မူ ၄ ချက်အတိုင်း ပြည်သူတစ်ရပ်လုံး အတွက် တိုက်ပွဲဝင်မှုဖြစ်ကြောင်း၎င်း ကြေငြာချက်၌ ဆိုထားသည်။

ကျောင်းသားတပ်မတော်သည် နအဖအား တိုက်ပွဲဝင်နေသည့် DKBA တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ရန် အသင့် ရှိကြောင်း ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း မဇျွိမသတင်းဋ္ဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။


Credit to သျှမ်းသံတော်ဆင့်

: http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1250-2010-11-09-12-50-30

0 Comments to ရွေးကောက်ပွဲ ပွဲဦးထွက် နအဖနှင့်ဒီကေဘီအေ စစ်ဖြစ်

Post a Comment