ဖေ့စ်ဘွတ် တီထွင်သူကို Person of the Year အဖြစ် တိုင်းမ်မဂ္ဂဇင်း ရွေးချယ်

Saturday, December 18, 2010 9:06 AM | Posted by Anonymous

ဖေ့စ်ဘွတ် တီထွင်သူကို Person of the Year အဖြစ် တိုင်းမ်မဂ္ဂဇင်း ရွေးချယ်

ဖေ့စ်ဘွတ် အွန်လိုင်း လူမှု့ကွန်ယက် တည်ထောင်သူ အသက် ၂၆ နှစ်ရှိ ဇာခါဘတ်ဂ် ကို တိုင်းမ်မဂ္ဂဇင်းမှ ၂၀၁၀ ခုနှစ် ‘တစ်နှစ်တာ ထူးခြားထင်ရှားပုဂ္ဂိုလ်’ (Person of the Year) အဖြစ် သတ်မှတ်လိုက်သည်။


တိုင်းမ်မဂ္ဂဇင်းမှာ ကမ္ဘာတလွှားမှာ နှစ်စဉ် ထူးချွန်ထင်ရှား ပုဂ္ဂိုလ်များကို ပုံမှန် ရွေးချယ်လေ့ရှိသည်။ ၁၉၅၂ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်ခဲ့သော ဗြိတိန်ဘုရင်မ အဲလိဇဘတ် ပြီးလျှင်၊ မခ် ဇာခါဘတ်ဂ် (Mark Zuckerberg)မှာ အသက်အငယ်ဆုံး Person of the Year အရွေးချယ်ခံ ရသူ ဖြစ်လာသည်။


တိုင်းမ်မဂ္ဂဇင်း မန်နေဂျင်းဒါရိုက်တာ ဂျင်ဖရက်ဒရစ်က “ဇာခါဘတ်ဂ်ဟာ လက်ရှိ လူသန်း ၅၀၀ ကျော် အသုံးပြုနေတဲ့ လူမှု့ကွန်ယက်ကို တီထွင်နိုင်ခဲ့တယ်။ Facebook က လူ့အဖွဲ့အစည်းတွေရဲ့ ဆက်သွယ်ရေးနဲ့ ယဉ်ကျေးမှုကို အများကြီး အကျိုးဖြစ်စေခဲ့တယ်။ လူမှု့မီဒီယာကွန်ယက်အတွက် ငယ်ရွယ်တဲ့ ပိသုကာတစ်ဦးပါပဲ” ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။


“တစ်ရက်ထဲကို ဖေ့စ်ဘွတ်ပေါ်တင်တဲ့ စာမျိုးစုံက တစ်ဘီလီယံ (သန်းတစ်ထောင်) ကျော်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပါဝင်တဲ့ လူဦးရေဟာ တရုတ်နဲ့ အိန္ဒိယပြီးရင် ကမ္ဘာပေါ်မှာ တတိယ အများဆုံးဖြစ်လာပါတယ်။ ဒီလောက်နိုင်ငံသားပေါင်းစုံ ပါဝင်တဲ့ အင်ဖော်မေးရှင်း လူမှု့ကွန်ယက်မျိုး ဘယ်အစိုးရမှ မလုပ်နိုင်သေးပါဘူး။ သူဟာ ဟားဗတ်တက္ကသိုလ်ကနေ ကျေုာင်းမပြီးဘဲ ထွက်ခဲ့သူပါ” တိုင်းမ်မဂ္ဂဇင်း မန်နေဂျင်းဒါရိုက်တာမှ ပြောခဲ့သည်။


ဇာခါဘတ်ဂ်မှာ မကြာမီကအထိ လူအများမြင်ကွင်းမှ ဝေးဝေးနေသူ ဖြစ်သည်။ Forbes မဂ္ဂဇင်းရဲ့ အသက်အငယ်ဆုံး ဘီလီယံနာ စာရင်းတွင်ပါရှိပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများကို အကြီးအကျယ် လှုဒါန်းနေသူဖြစ်သည်။ အသက် ၁၉နှစ်တွင် ဟားဗတ်မှ ထွက်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်တွင် Thefacebook.com ခေါ် ၀ဘ်ကို စတင်ထူထောင်သည်။ ၂၀၁၀ ခုနှစ်တွင် သူ့လုပ်ငန်းမှ ၂ ဘီလီယံဒေါ်လာ အမြတ်ရရှိခဲ့သည်။


တိုင်းမ်မဂ္ဂဇင်း စာဖတ်သူများက Person of the Year ကို ၀ီကီလိခ်စ် ဖခင် ဂျူလီယန်အာဆန်းကို ရွေးချယ်ဖို့ တိုက်တွန်းခဲ့ကြသည်။ ဂျူလီယန်ကို ရွေးချယ်ဖို့ မဲ ၁.၅ သန်းအထိ အမြင့်ဆုံး ပေးခဲ့ကြသည်။ ဇာခါဘတ်ဂ်မှာ ပေါ်ပြူလာဖြစ်မှုတွင် နံပါတ် ၁၀ နေရာတွင်သာ ရှိသည်။

တိုင်းမ်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က “ဂျူလီယန်အာဆန်းနဲ့ ၀ီကီ လိခ်စ်ဟာ အနာဂတ် အစိုးရများနဲ့ ဗျူရိုကရေစီ လုပ်နည်း လုပ်ဟန် ပြောင်းလဲဖို့ အလားအလာ ရှိတယ်ဆိုတာ ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ဖြစ်မလာ သေးပါဘူး။ ဖေ့စ်ဘွတ်ကတော့ အပြောင်းအလဲတွေ မျက်ဝါးထင်ထင် ထုတ်ပေးနေပြီ” လို့ ပြောပြီး သုံးသပ်ရွေးချယ်ခဲ့သည်။

သို့သော် စာဖတ်သူများနှင့် ဂျူလီယန်အာဆန်း ချစ်သူများက Time က ယခုနှစ်အတွက် မှားယွင်းစွာ ရွေးချယ်ခဲ့သည်ဟု ဝေဖန်ချက်များထွက်နေသည်။

သတင်း။ http://www.maukkha.org

0 Comments to ဖေ့စ်ဘွတ် တီထွင်သူကို Person of the Year အဖြစ် တိုင်းမ်မဂ္ဂဇင်း ရွေးချယ်

Post a Comment