စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ

Thursday, December 23, 2010 2:15 AM | Posted by Unknown

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ
ဂါမဏိ

နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူ များ ကြားစေဖို့ နည်းလမ်းတခုဖြစ်နေပြီး အပြောင်းအလဲဖြစ်ဖို့ ဖိအားလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာလျှော့မှုဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေးအလုပ်သမား (၆) ယောက်ကို သံခြေ ကျင်းခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက်ရှင်လျက်နဲ့ ဘဝဆုံးရတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက်ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေး ဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့်ပေးခဲ့ရပါတယ်။

အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက်စေချင်သူတွေအတွက် နိုင်ငံရေးချီတက်ပွဲဟာ အရေးပါတဲ့လက်နက်ကရိယာတခု ဖြစ်လာခဲ့ပါတယ်။
ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင် ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက်ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့) အ ဖြစ် သတ်မှတ်ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီနန်းတော်ကို ချီတက်ဆန္ဒပြတာလည်း အကြမ်းဖက်သွေးချောင်းစီးအသတ်ခံရမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက်ခံရပြီး ပြိုကွဲခဲ့ပါတယ်။

ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည်သွားစေတဲ့ ဖိအား မကြာခဏ ပေါ် ထွက်စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါ တွေကတော့ အင်မတန် ရှင်းလင်းတိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့အကြောင်းတရားဟာ ဆန္ဒပြချီတက်သူတွေအနေနဲ့ ထောင်ကျခံရဲလောက် တဲ့ အကြောင်းတရားဖြစ်ရပါမယ်။

နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ်ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယနိုင်ငံထွက် ဆားကို မ တန်တဆ အခွန်ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။ ဆားခွန် ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာစေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီအရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုးတည်းထားတာဖြစ်ပါတယ်။
ဒီဆားခွန်ကို ဘယ်လိုကန့်ကွက်ရမယ်ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစားစီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီး သန့်ဂေဟာရှိရာ အာမက်ဒဘတ်ဒ်ကနေ ဒင်ဒီပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ်ကမ်းစပ်မှာ ဆားချက် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင်ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက်ပြသနိုင်မှာဖြစ်သလို နိုင်ငံတကာမီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုလည်း ဆွဲယူအရှိန်မြှင့်သွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှအာဏာပိုင်တွေဟာ ချီတက်ပွဲရပ်သွား အောင် အကြမ်းဖက်နိုင်တယ်လို့ ဂန္ဒီက မျှော်လင့်တွက်ဆထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်းမဖက်ရေး အခြေခံမူအကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါချီတက်ခွင့်ပေးခဲ့ပါတယ်။ လမ်းခရီးတလျှောက် သိန်း နဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆိုအားပေးကြပေမယ့် ခရီးစဉ်အစအဆုံးကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့်ရည်မှန်းချက်ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာညီညွတ်တဲ့ လွတ်လပ် ရေးလှုပ်ရှားမှုကို အုတ်မြစ်ချပေးလိုက်တာဖြစ်ပြီး ဗြိတိသျှအင်ပါယာသရဖူကြီးထဲက အတောက်ပဆုံးနဲ့ အကြီး ဆုံးရတနာဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ်စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာ ဗြိတိသျှတွေ စမြင်သွားစေခဲ့ပါတယ်။

နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန်နိုင်ငံတောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာတယောက် ဟာ ဂန္ဒီ့နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိကနည်းဗျူဟာအဖြစ် ချီတက်ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်တောင်ပိုင်းမှာ လူမျိုးခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင်လူသာကင်းနဲ့ တခြားသော ပြည်သူ့အ ခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအားပေးနိုင်ခဲ့ပါ တယ်။
ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှမရှိဘဲ အောင် မြင်ခဲ့ပါတယ်။ မာတင်လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန်သမိုင်းမှာ ရာဇဝင်တွင်သွားခဲ့ပါတယ်။

အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေးဆန္ဒပြမှုနဲ့ တောက် လျှောက်တွဲမိစေခဲ့ပါတယ်။ မကြာခင် မာတင်လူသာကင်းဟာ အယ်လာဘားမားပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက်ခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေက ချီတက်သူတွေအပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လောရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့အခွင့်အရေး ဥပဒေ အမြန်အတည်ပြုဖို့ တွန်းအားဖြစ်သွားခဲ့ပါတယ်။

၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ်ဆန့်ကျင်ရေးချီတက်ပွဲတွေလည်း တောက်လျှောက်ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ်ပါတီညီလာခံကို ကန့်ကွက် ချီ တက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုးပြည်နယ်က ကင့်ပြည်နယ်တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိ ကန်ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲအများစုကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်းမဖြစ်ဘဲ ပြီးမြောက်ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေးသမားတွေကို ဗီယက်နမ်စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှုအကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင် သစ်ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါအစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက်ခဲ့ပါ တယ်။ ဒါကြောင့် ပြင်သစ်တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရပြုတ်ကျခဲ့ရပါတယ်။

အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ်ကျောင်းသားတွေ ကျောင်းလခတိုးတာ ကို ကန့်ကွက်ဆန္ဒပြပြီး ချီတက်နေတဲ့သတင်းတွေ တောက်လျှောက်ပါနေပါတယ်။ လန်ဒန်တက္ကသိုလ်၊ လန် ဒန်စီးပွားရေးတက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက်ကြပါ တယ်။

ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင်လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ်တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံတခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာစာရွက် တွေ ဝေနေပါတယ်။ အသားညှပ်ပေါင်မုန့်ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီနေကြပါတယ်။
ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟောလမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ်ညွန့်ပေါင်းအစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေးပေါ်လစီကတော့ အရာမ ယွင်းရှိနေဆဲဖြစ်ပါတယ်။ ကျောင်းလခတိုးတာကို ကန့်ကွက်ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှမထိရောက်ခဲ့ပါဘူး။ ဗြိတိန်အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။

ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းကအလုပ် ဖြစ်သွားပုံရပါတယ်။ သီးသန့် အပြောင်းအလဲတခုဖြစ်စေမယ့် နည်းနာမဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အပြောင်းအလဲဖြစ် ရေးအတွက် မဲပုံးနဲ့ မီဒီယာက အဓိကနည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲဖြစ်စေချင်လို့ လမ်း ပေါ်ထွက်အော်သူတွေဟာ ဒီထက်ပိုစွန့်စားဖို့ စိတ်မပါကြပါ။

လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေးတခု ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်း ဆောင် တွေက လိုက်လျောခွင့်ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ်စစ်ပွဲဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက်ဆန္ဒပြခဲ့တာ ဘာမှအပြောင်းအလဲဖြစ်မသွားခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင်လူသာကင်းရဲ့ ဝါရှင်တန်ချီတက်ပွဲပုံစံမျိုး လူတသန်းချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ချီတက်ဆန္ဒပြသူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီးစိတ်မထက်သန်ကြပါဘူး။

ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက်ပိုပြီး စွန့်စား ဖို့ လိုပါလိမ့်မယ်။ စီတန်းလမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင်တိုင်းပြည်တွေမှာတော့ စီတန်းလမ်းလျှောက်မှုကိုယ်တိုင်က အာဏာဖီဆန်တာ ဖြစ်နေပြီဆို တာ သတိပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက်အဖြစ် ထောင်နန်းစံရေး အလားအလာကို ထည့်သွင်းစဉ်းစားထားမှ နိုင်ငံရေးအပြောင်းအလဲအတွက် ချီတက်ဆန္ဒပြပွဲရဲ့ ဖိအားရလာမှာ ဖြစ်ပါတယ်။ ။

ဂါမဏိ
ရည်ညွှန်း ။ ။ မိုက်ကယ်ဂိုးလ်ဖာ့ဘ်၏ ၂၀၁၀ နိုဝင်ဘာ (၂၇) ရက် BBC ဆောင်းပါး

0 Comments to စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ

Post a Comment