ဒေါ်စု လွတ်မြောက်သည့် သတင်းများ ဖော်ပြအပြီး ဂျာနယ် ၉ စောင် အနီကတ် ပြခံရ

Sunday, November 21, 2010 9:54 PM | Posted by Anonymous




ရန်ကုန်မြို့ စာအုပ်ဆိုင်တဆိုင်မှ အရောင်းသွက် ဂျာနယ်များ။ ဗိုလ်ချုပ်ကြီးတို့ ကြောက်ရွံ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နှင့် သတင်း အချက်အလက်များ ဖော်ပြသည့် ထိုဂျာနယ်များကို နာမည်ကျော် စာပေစိစစ်ရေးဌာနက ယခုလကုန်ပိုင်းအတွက် အနီကတ် ပြလိုက်သည်။ (ဓာတ်ပုံ-မိုးမခ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် သတင်းဓာတ်ပုံနှင့် သတင်းများအား မျက်နှာဖုံးတွင် ဖော်ပြခြင်း၊ ကြိုတင် တင်ပြခြင်းမပြုဘဲ ဖော်ပြခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် စာသားကို အားကစားဂျာနယ် မျက်နှာဖုံးတွင် ၀ှက်၍ ဖော်ပြခဲ့ခြင်း တို့အတွက် ဂျာနယ် ၉စောင်အား စာပေစိစစ်ရေးက ယာယီ ရပ်နားစေခဲ့သည်ဟု စိစစ်ရေးရုံးတွင် ကြေညာထားချက်အရ သိရသည်။

First Eleven အားကစားဂျာနယ် မျက်နှာဖုံးတွင် '' Suu Free & unite advance to grab the hope " စာသားကို အနီရောင် အနုအရင့်ဖြင့် ကစားကာ ဖော်ပြခဲ့ခြင်း၊ Hot News ဂျာနယ်မှာမူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် သတင်းနှင့် ၁၄ ရက်နေ့ အန်အယ်ဒီရုံးရှေ့တွင် ပြောဆိုသည့် စီးပွားရေး ပိတ်ဆို့မှု နှင့် သက်ဆိုင်သည့် ပြောဆိုချက်များအား စိစစ်ရေး ခွင့်ပြုချက် မတောင်းခံဘဲ ဖော်ပြခဲ့ခြင်းတို့ကြောင့် ၂ ပတ်စီ ရပ်နားခံရပြီးအခြားသော ဂျာနယ် ၇ စောင်မှာမူ တပတ်စီ ရပ်နားခံရသည်ဟု ကြေညာချက်အရ သိရသည်။ တပတ်ရပ်နားခံရသည့် ကျန် ၇ စောင်မှာ ဆဲဗင်းဒေးစ်၊ ဗီးနပ်စ်၊ မြန်မာ နယူးစ်ဝိခ်၊ လျှပ်တပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် ယမန်နေ့ကမှ ဒေါ်အောင်ဆန်းစုကြည် လွတ်သည့်သတင်း ဖော်ပြခဲ့သည့် သည်ဗွိုက်စ် သတင်းဂျာနယ်တို့ ဖြစ်ကြသည်။

စာပေစိစစ်ရေး၏ ကြေညာချက်တွင် မည်သို့ဖော်ပြသည့် အတွက်ကြောင့် ရပ်နားသည် ဆိုသည့် ရှင်းလင်းချက်မျိုး မပါရှိသော်လည်း ဂျာနယ်တိုက်မှ ၀န်ထမ်းများ၏ ပြောဆိုချက်အရ သိရှိရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်သတင်းကို သတင်းဂျာနယ်တိုင်း နီးပါး ဓာတ်ပုံအပြည့်၊ ခေါင်းစဉ် စာလုံးကြီးများဖြင့် ဖော်ပြခဲ့ကြပြီး၊ ထိုသို့ဖော်ပြခြင်း မပြုမီ စိစစ်ရေးမှ တာဝန်ရှိသူထံ ဖုန်းဖြင့် သော်လည်းကောင်း၊ လူကိုယ်တိုင် သွားရောက် ပြသပြီး ခွင့်တောင်းရန် သော်လည်းကောင်း တယ်လီဖုန်းဖြင့် ခွင့်တောင်းရန် မတတ်နိုင်၍ သော်လည်းကောင်း ပုံနှိပ်ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ အချို့သတင်းဂျာနယ်များမှာ ဖော်ပြရန် ခွင့်ပြုသည့် သတင်းဓာတ်ပုံအစား လွတ်မြောက်ပြီး နောက်တရက် ရွှေဂုံတိုင်ရုံး လူထုအား မိန့်ခွန်းပြောသည့် သတင်းဓာတ်ပုံ၊ ရုံးခန်းအတွင်း သတင်းစာရှင်းလင်းပွဲ သတင်းဓာတ်ပုံ တို့ကို ဖော်ပြခဲ့ကြသည့်အတွက် ပြစ်ဒဏ်ပေးခြင်းဖြစ်သည်ဟုလည်း သတင်းဂျာနယ် အယ်ဒီတာ အသိုင်းအ၀ိုင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် သတင်းနှင့် အတူ သူ့ဓာတ်ပုံကို သတင်းဂျာနယ် မျက်နှာဖုံးတွင် တွေ့မြင်ကြရသဖြင့် စာဖတ်သူအများအပြား ၀မ်းသာအားရ ၀ယ်ယူအားပေးခဲ့ကြသည်။ နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့တွင် ထွက်ရှိသည့် ပြည်သူ့ခေတ် ဂျာနယ်မှာ ဒေါ်စုမျက်နှာဖုံးပုံဖြင့် ထွက်ရှိသဖြင့် ထိုနေ့ ရောင်း မလောက်အောင် ဖြစ်ခဲ့ပြီး မြန်မာနယူးစ်ဝိခ်ကဲ့သို့သော ဂျာနယ်များလည်း ၀ယ်သူ အထူး များပြားခဲ့သည်ဟု ဂျာနယ် အရောင်းဆိုင်များက ပြောသည်။

၂ ပတ် ရပ်နားခံရသော ဂျာနယ်များ
First Eleven အားကစားဂျာနယ်
Hot News ဂျာနယ်

၁ ပတ်ရပ်နားခံရသည့် ဂျာနယ်များ
ဆဲဗင်းဒေးစ်၊
ဗီးနပ်စ်၊

မြန်မာ နယူးစ်ဝိခ်၊
လျှပ်တစ်ပြက်၊

မြန်မာပို့စ်၊
ပြည်သူ့ခေတ်
သည်ဗွိုက်စ်

လွန်ခဲ့သည့် ၇နှစ်ခွဲ ဒေါ်အောင်ဆန်းစုကြည် ပြင်ပတွင် ရှိစဉ်က ပုဂ္ဂလိကပိုင် ပြည်တွင်း သတင်းမီဒီယာမှာ ယခုကဲ့သို့ ခေတ်မစားခဲ့ပေ။ အင်တာနက်နှင့် အီးမေးလ် စသည့် သတင်းဆက်သွယ်ရေး နည်းပညာများလည်း မဖွံ့ဇြိုးသေးသည်ကို တွေ့ရသည်။ ယခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် အခါ ပြည်တွင်းသတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး အင်အား အပြည့်ဖြင့် ဖော်ပြခဲ့သည်ကို မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက မနှစ်မြို့ဟု စာပေစိစစ်ရေးနှင့် နီးစပ်သူ အမည် မဖော်လိုသည့် အယ်ဒီတာတဦးက ပြောဆိုသည်။

ယခုကဲ့သို့ ဂျာနယ်များအား ပြစ်ဒဏ်ပေးရန်၊ ဒေါ်စုနှင့်ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံများ နောက်ထပ် မဖော်ပြစေရန် နအဖ အတွင်းရေးမှူုး ၁ ဖြစ်သူ သီဟသူရ တင်အောင်မြင့်ဦးက အမိန့်ပေးခဲ့သည်ဆိုသည် သတင်းလည်း ထွက်ပေါ်နေသည်။

ရန်ကုန်မှ ဂျာနယ်ဖတ်သူ အတော်များများက ဂျာနယ်မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ အပြည့်ဖြင့် ထွက်ရှိလာသဖြင့် အံ့အားသင့်ခဲ့ကြပြီး သတင်းမီဒီယာများ ရေးသားဖော်ပြခွင့် ပိုမို ရလာကြပြီလား ဆိုသည့် ကောက်ချက်ချ ပြောဆိုမှုများ ကြားနေရချိန်တွင် စာပေစိစစ်ရေးမှ ယခုလို အရေးယူမှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မကြာမီ ပေါ်ပေါက်လာတော့မည့် အစိုးရသစ်လက်ထက်တွင် စာပေစိစစ်ရေးဌာနသည် ဒို့တာဝန်အရေး ၃ ပါး မူအတိုင်း စိစစ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲတွင် မဲအများဆုံးရခဲ့သည်ဟူသော ကြံ့ဖွံ့ခေါင်းဆောင် ဦးဌေးဦးက သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။

Credit to Moemaka: မိုးမခ အင်တာနက်စာမျက်နှာမှ ပြန်လည်မျှဝေသည်။

0 Comments to ဒေါ်စု လွတ်မြောက်သည့် သတင်းများ ဖော်ပြအပြီး ဂျာနယ် ၉ စောင် အနီကတ် ပြခံရ

Post a Comment