အညတရအကျဉ်းသားရဟန်းတော်များ (၂) - ဦးပညာသီရိ

Saturday, August 13, 2011 9:19 PM | Posted by Unknown
အညတရအကျဉ်းသားရဟန်းတော်များ (၂) - ဦးပညာသီရိ
အရှင်ပညာနန္ဒ
ဇူလိုင် ၃၁၊ ၂၀၁၁




ခုအချိန်မှာ မင်းဟာ ငါတို့လက်ခုပ်ထဲကရေဖြစ်နေပြီ။ ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ် အဖြစ်မှန်ကိုမပြောဘူးဆိုရင် ရာထူးပြုတ်ချင် ပြုတ်ပစေ။ ဒဏ်ရာမပေါ်ဘဲနဲ့ သတ်တဲ့နည်းတွေ ငါတို့မှာအများကြီးရှိတယ်လို့ပြောပြီး စစ်ကြောရေးစခန်းမှာ ခြိမ်းခြောက်ခံရတဲ့ ဦးပညာသီရီဟာ ချင်းပြည်နယ် လင်တန် ရဲဘက်အလုပ်ကြမ်းစခန်းကနေ သက်စွန့်ဆံဖျား ထွက်ပြေးလွတ်မြောက်လာတဲ့ ရဟန်း တော်တပါးဖြစ်ပါတယ်။ စက်တင်ဘာအရေးအခင်းကာလက သံဃတပ်ပေါင်းစုအဖွဲ့ကြီး ကိုဦးဆောင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ ခေါင်း ဆောင် ဆရာတော်လည်းဖြစ်ပါတယ်

ရွှေဝါရောင်အရေးအခင်းမဖြစ်ခင်ကမန္တလေး ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်ကျောင်းတိုက်မှာ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခမဲ့ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီးပညာသင်ကြားပေးနေတာပါ။

ရွှေဝါရောင်အရေးအခင်းမှာပါဝင်ခဲ့ပုံနဲ့ သူအဖမ်းခဲ့ရပုံကို အခုလိုပြောပြပါတယ်။


ရွှေဝါရောင်အရေးအခင်းဖြစ်တော့ တပည့်တော်သံဃတပ်ပေါင်းစု ခေါင်းဆောင်ဆရာတော်တွေဖြစ်ကြတဲ့ ဦးသြဘာသ၊ ဦးဂမ္ဘီရ၊ ဦးဣ ဿရိယ (King Zezo) ဦးခေမိန္ဒ၊ ဦးတေဇ၊ ပြီးတော့ ဒကာကြီးဦးလင်းတို့နဲ့အတူ နီးနီးကပ်ကပ်အလုပ်လုပ်ခဲ့ပါတယ်။ ရွှေဝါရောင်တော် လှန်ရေးအပြီးမှာ သံဃာ့တပ်ပေါင်းစုက ကိုယ်တော်တွေကိုစစ်အစိုးရက လိုက်ဖမ်းတဲ့အချိန်မှာ ဦးဆောင်ဆရာတော်တွေဟာနေရာ ဒေသ အသီးသီးမှာ ရှောင်တိမ်းနေရတယ်။ အဲဒီလိုရှောင်တိမ်းချိန်မှာ တပည့်တော်နေတဲ့ကျောင်းကို စရဖ (စစ်ဘက်လုံခြုံရေးတပ်)၊ ကြံ့ခိုင်ရေး၊ ရဲတို့က ၃ ကြိမ်လောက် လာရောက်စီးနှင်းရှာဖွေခဲ့တယ်။ လာရှာတဲ့အချိန်မှာ တပည့်တော်အပြင်ကိုရောက်နေတယ်။ ဒီသတင်းတွေကြား တော့ တပည့်တော် မုံရွာမြို့ကို ရှောင်တိမ်းခဲ့ပါတယ်။

အောက်တိုဘာက (၁၈) ရက်နေ့၊ ည (၇) နာရီလောက် ရှိမယ် ထင်ပါတယ်။ မုံရွာမြို့က soft link internet café မှာ သံဃတပ်ပေါင်းစု ဆရာတော်တွေနဲ့ အဆက်အသွယ်လုပ်နေတုန်း လုံထိန်းတွေနဲ့ စစ်သားသုံးဆယ်ဝန်းကျင်လောက်က အင်တာနက်ဆိုင်ကိုဝိုင်းထားပြီး မေးစရာရှိလို့ ရဲစခန်းခဏ လိုက်ခဲ့ပါပြောပြီး အဖမ်းခံရတာပါဘဲဘုရားလို့ ပြောပြပါတယ်။

စစ်ကြောရေးမှာ ဘာတွေမေးလဲဘုရား။ ကြုံတွေ့ခဲ့ရတာလေးတွေလည်းပြောပါအုံးဆိုတော့ ... သက်ပြင်းရှည်ကြီးတချက်ချလိုက်ပြီး

မေးခွန်းတွေကတော့ အများကြီးဘဲဘုရား။ သံဃတပ်ပေါင်းစုကဆရာတော်တွေ ဘယ်မှာရှိသလဲ။ ဦးဂမ္ဘီရတို့၊ ဦးသြဘာသတို့ ဘယ်မှာ နေသလဲ။ ရွှေဝါရောင်မှာပါဝင်ခဲ့တဲ့ ဆရာတော်တွေထဲကဘယ်ဘုန်းကြီးတွေသိသလဲမေးတယ်။ နောက်ပြီး ၈၈ ကျောင်းသားအုပ်စုကို သိလား။ သူတို့နဲ့ အဆက်အသွယ်ရလား။ NLD ပါတီက ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ။ ဘယ်သူတွေ သိလဲမေးတယ်။ ဘယ်သူ တွေနဲ့မှ မသိပါဘူး။ အဆက်အသွယ်လည်း မရှိပါဘူးဆိုပြီးဖြေလိုက်တယ်။ ငါတို့က အချက်အလက်တွေရပြီးသား။ မင်းဗကသလား။ ဗကပလားဆိုပြီးတော့ မေးပြီး အတင်းဝန်ခံခိုင်းတယ်။ သူတို့နဲ့တွေ့မှ တပည့်တော်လည်း ကွန်မြူနစ်ဖြစ်တော့တာပဲ ဘုရားလို့ ရယ်ရယ်မော မောနဲ့ ပြောပြပါတယ်။

စစ်ကြောရေးမှာ အဆိုးဆုံးကတော့ စရဖအရာရှိ ကိုကိုအောင်ရယ်၊ ဦးစန်းဝင်းရယ်က တပည့်တော်ရင်ဘတ်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်တယ်။ မျက်နှာကို စစ်ဖိနပ်နဲ့ပေါက်တယ်။ နောက်ပြန် လက်ထိပ်ခတ်ထားတယ်။ မေးခွန်းတခုမေးတိုင်း နားရင်းပါးရင်း ရိုက်တယ်။ လက်သီးနဲ့ ထိုး တယ်။ မေ့မြှောသွားမတတ်အောင် ခံစားရတယ်။ နောက်ကနေကန်လိုက်တာ ရှေ့စားပွဲပေါ်မှောက်သွားတာပဲ။ လက်တွေကို လှမ်ချိုးတယ်။ ကျဉ်ကြောတွေနှိပ်တယ်။ နံကြားတွေကိုထောက်ပြီးတော့ မတာတွေရှိတယ်။ နားရွက်တွေကိုလည်း ဆောင့်ဆွဲတယ်။ နည်းမျိုးစုံနဲ့ စစ် ဆေးတယ်။ ခြေထောက်တွေကို တက်ကျိတ်တာက တပည့်တော်ထောင်ကျတဲ့အချိန်ထိ လမ်းကိုကောင်းကောင်း မလျှောက်နိုင်ဘူး။ ခြေသန်းတွေမှာ သွေးခြေဥနေတယ်။ လုံးဝမခံနိုင်တော့တဲ့အတွက် သေချင်သေပါစေကွာ၊ ခံစားရတဲ့နာကျင်မှုတွေ ပျောက်အောင်ဆိုပြီးတော့ ရှေ့မှာရှိတဲ့စားပွဲကို ခေါင်းနဲ့ပစ်ဆောင့်လိုက်တယ်ဘုရားလို့ သူရဲ့စစ်ကြောရေး အတွေ့အကြုံတွေ ထိတ်လန့်ဘွယ်ရာပြောပြပါတယ်။

အရှင်ဘုရားကို ဘာပုဒ်မတွေတပ်ပြီး ထောင်ချလိုက်တာလည်းဘုရား။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင် အသင်းအဖွဲ့ဖွဲ့စည်းမှု၊ အစိုးရကိုအကြည်အညိုပျက်စေတဲ့ရေးသားမှု၊ တရားမဝင်ငွေကြေး ကိုင်ဆောင်မှု – ပုဒ်မတွေ အများကြီးတပ်တယ်။ နောက်ဆုံးမှာ ဒီကောင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာ ပြချင်တာနဲ့ နိုင်ငံခြားငွေကိုင်ဆောင်မှုပုဒ်မနဲ့ ထောင်ဒဏ် (၃) နှစ် ချလိုက်တယ်။

နိုင်ငံခြားငွေဆိုတာကလည်း အများကြီးမဟုတ်ပါဘူး။ တပည့်တော်ကျောင်းမှာ ပညာဒါနသင်တန်းရှိတယ်လေ။ နွေရာသီမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာ အခမဲ့သင်တန်းဖွင့်တယ်။ ဖွင့်တဲ့အခါကျတော့ နိုင်ငံခြားသားတွေ အ၀င်အထွက်ရှိတယ်။ တရုတ်ငွေ (၄) ယွမ်နဲ့ အမေရိကန် ၂ ဒေါ်လာက တရုတ်ကျောင်းဆရာမတယောက်က လှူတာ။ ယူရိုငွေ (၁၂၀) က သြစတြေးလျက ခရစ်ယန်ဘုန်းကြီးကနေပြီး ပညာသင်စရိတ်ဆို လှူသွားတာပါ။

အောက်တိုဘာလ (၂၄) ရက်နေ့မှာ မုံရွာထောင်ကိုပို့လိုက်တယ်။ မုံရွာထောင်ထဲရောက်တော့ စရဖအရာရှိ ဦးစန်းဝင်းနဲ့ အက်စ်ဘီ (၂) ယောက်ရယ် မုံရွာမြို့ရွှေကူကျောင်းတိုက်က သံဃနာယကဆရာတော် ဦးဇောတိကတို့လာပြီးတော့မှ သိက္ခာချခိုင်းပါတယ်။ မင်းရဲ့ သာ သနာဝင်ကဒ်ပြားကို သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ထောင်ကနေလွတ်လာလို့ရှိရင်လည်း ဘုန်းကြီးဝတ်လို့မရဘူး။ အခုလိုအချိန်မှာ သိက္ခာချ မယ်ဆိုရင် နောက်ပြန်ဝတ်ချင်ရင် ဝတ်ခွင့်ပေးမယ်လို့ ဦးဇောတိကက ပြောသေးတယ်။ သံဃနာယကဆရာတော်က မကူညီတဲ့အပြင် အာဏာရှင်တွေအလိုကျ သိက္ခာချဖို့လာပြောနေတာ ရင်နာလို့မဆုံးဘူးဘုရားလို့ ဝမ်းနည်းစွာပြောပြပါတယ်။

အရှင်ဘုရား ရဲဘက်အလုပ်ကြမ်းစခန်းကို အပို့ခံရတယ်လို့သိရတယ်။ အလုပ်ကြမ်းစခန်းမှာ ဘာတွေလုပ်ရလဲပြောပါဦးဆိုတော့ ...

မုံရွာထောင်မှာ (၇) လလောက်နေပြီးတော့ ကလေးထောင်ကိုပို့လိုက်တယ်ဘုရား အဲဒီကတဆင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လင်တန် ရဲဘက်စခန်းကို တပည့်တော်အပါအ၀င် အကျဉ်းသားတရာလောက်သံခြေကျဉ်းခတ်ပြီး ပို့လိုက်ပါတယ်။ ရဲဘက်စခန်းရောက်တဲ့ အချိန် ကစပြီး သံခြေကျင်းတွေ ခတ်ထားပြီး တပည့်တော်တို့ကို အလုပ်ကြမ်းလုပ်ခိုင်းပါတယ်။ လမ်းပြင်ရတယ်။ ကျောက်ထုရတယ်။ ထင်းတုံးကြီး တွေထမ်းရတယ်။ ချင်းပြည်နယ်ဆိုတာ သိတဲ့အတိုင်းပဲ။ တောင်တန်းကြီးတွေ။ ချောက်ထဲကနေ တောင်ကုန်းပေါ်ထိ ထမ်းတင်ရတယ်။ အဲဒီတိုင်တွေကို နေ့တိုင်းထမ်းတင်ရတယ်။ နားရက်မရှိဘူး။ ထမ်းတင်ရတဲ့အခါမှာလည်း ရှေ့ကလူကို နောက်ကလူကမှီအောင် လိုက်ရ တယ်။ မမှီတဲ့လူတွေကို တပ်ခွဲမှူး၊ တပ်စုမှူးတွေက နောက်ကနေ တအုံးအုံး တဘုံးဘုံးနဲ့ ရိုက်တယ်။ ထင်းတုံးကိုမနိုင်လို့ လဲကျသွားတဲ့ သူတွေကို ခြေတောက်နဲ့ပိတ်ကန်တယ်။ ရင်ဝကို ဆောင့်ကန်တယ်။ အဲဒီလို နှိပ်စက်တာတွေ ခံခဲ့ရတယ်။

စားရတဲ့ အစားအစာကလည်း ပုံစံနဲ့စားရပါတယ်။ ရဲဘက်စခန်းမှာ နာမည်ကြီးတဲ့ ဒံပေါက်ထမင်းပေါ့။ ထမင်းတွေထဲမှာ ကျောက်ခဲတွေ ပါတယ်၊ စပါးလုံးတွေပါတယ်။ တခါတရံမှာ ကြွက်ချေးတွေကလည်းပါတယ်။ အဲဒီလို နီရဲနေတဲ့ထမင်းတောင်မှ အဝ မစားရဘူး။ အကျဉ်း သားတွေက ဒီလောက်ပင်ပင်ပန်းပန်းလုပ်ရပြီး ထမင်းကို ဝအောင် မစားရဘူး။ အဲဒီ ရဲဘက်စခန်းကိုရောက်ပြီး နှစ်ပတ် သုံးပတ် လောက် လည်းကျရော လူတွေက မျက်တွင်းတွေချောင်ကျသွားတယ်။ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ တချို့ဆိုရင် ဖျားတယ်။ တချို့ဆိုရင် သံခြေ ကျင်းရဲ့ဒဏ်ကြောင့် ခြေထောက်တွေမှာ အနာတွေပေါက်လာတယ်။ သွေးစုနာတွေ ပေါက်လာတယ်။ တပည့်တော်ကိုယ်တိုင်လည်း သွေး စုနာ ၃-၄ ကြိမ်လောက် ပေါက်ဖူးပါတယ်။ ဆေးကုဖို့တော့မပြောနဲ့ ဖျားနာရင်သေဘဲ။ အဲလို အစားဆင်းရဲတဲ့ဒဏ်၊ အလုပ်ကြမ်းလုပ်ရတဲ့ ဒဏ်တွေကြောင့် မြစ်ကြီးနားကကိုယ်တော်တပါးဆို ဒဏ်မခံနိုင်လို့ ရဲဘက်စခန်းမှာ ပျံလွန်တော်မူသွားရှာတယ်လို့ သူကြုံတွေ့ခဲ့ရတာ တွေကိုပြောပြရင်း သူ့မိတ်ဆွေရဟန်းတော်ကို သတိရသွားဟန်ရှိပြီး စိတ်မကောင်းဖြစ်သွားပုံကို သတိပြုမိလိုက်ပါတယ်။

အရှင်ဘုရား ရဲဘက်စခန်းကထွက်ပြေးလာတယ်။ ရဲဘက်စခန်းကနေ သံခြေကျင်းတန်းလန်းနဲ့ ထွက်ပြေးဖို့ဆိုတာမလွယ်ဘူးလေ။ အရှင်ဘု ရားကတော့ အတော်သတ္တိကောင်းတာဘဲ အတွေ့အကြုံလေးပြောပြပါအုန်းဘုရား။

လင်တန်ရဲဘက်စခန်းကို အက်စ်ဘီ (၂) ယောက် ရောက်လာပြီး စစ်ဆေးပြန်တယ်။ သံဃတပ်ပေါင်းစုမှာ ဦးဆောင်တဲ့သူတွေသိလား ဆိုပြီး မနက် (၉) နာရီကနေ ညနေ (၆) နာရီအထိ ဆက်တိုက်မေးတယ်။ အဲဒီနေ့မှာ ဆွမ်းမစားရဘူး။ မဖြေနိုင်ရင် ထိုးတာကြိတ်တာ လုပ်တယ်။ တပည့်တော်ကို သံဃတပ်ပေါင်းစုမှာပါတယ် မဟုတ်လား။ သံဃတပ်ပေါင်းစုကဆရာတော်တွေ ဘယ်မှာရောက်နေလဲ ဆိုတာတွေ ထပ်မေးတယ်။ ဒီလူတွေ ပုဒ်မအသစ်တိုးပြီးတော့ ထောင်ထပ်ချမှာကိုသိရတဲ့အတွက် ဒီည ထွက်မပြေးလို့မဖြစ်တော့ဘူးလို့ တွေးမိလို့ အသက်စွန့်ပြီး ထွက်ပြေးခဲ့တယ်။ အလုပ်ကြမ်းစခန်းကို ပထမတထပ်က ၁ဝ ပေလောက်ရှိတဲ့ သစ်တုံးကြီးတွေကို သံဆူးကြိုး တွေပတ်ပြီး ကာထားတယ်။ အဲဒီသစ်တိုင်ကြီးတွေကို ဖက်ပြီးတော့ကျော်တက်ခဲ့ရတယ်။ သံဆူးကြိုးတွေက လက်တွေခြေထောက်တွေကို စူးလိုက်တာလည်း မပြောပါနဲ့တော့။ ဒါပေမယ့် ဒီဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ အမြင့်ပေ ၁၅ ပေလောက်ရှိတဲ့ ဒုတိယသံဆူးကြိုးကို ကျော်ဖို့ ကြိုးစားရပြန်တယ်။ လက်တွေမှာလည်း သွေးအလိမ်းလိမ်းပေါ့။ အသက်အန္တရာယ် ကလွတ်ပြီဆိုတာနဲ့ ရင်ထဲမှာနည်းနည်း ပေါ့ သွားတာတယ်။ ဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ ကိုယ့်အသက်အန္တရာယ်ကိုစိုးရိမ်ပြီး ဂက်စ်မီးခြစ်က အလင်းရောင်လေးကိုအားပြုပြီး တွေ့တဲ့လမ်းအတိုင်း စွတ်ပြီးထွက်ပြေးလာခဲ့တယ်။

တချို့ချောက်ကမ်းပါးတွေဆို ၄-၅ နာရီကြာအောင် ဂရုစိုက်ဆင်းရတယ်။ ရှင်းလို့မရတဲ့ခြုံတွေဆို လှိမ့်ချလိုက်ရတာရှိတယ်။ တိုးလို့မရတဲ့ ဆူးခြုံတွေဆိုရင် တောကောင်သွားတဲ့ လမ်းလေးတွေကိုအားပြုပြီး လေးဘက်ထောက်သွားခဲ့ရတာတွေလည်းရှိတယ်။ သားရဲတိရိစ္ဆာန် အန္တရာယ်ကိုစိုးရိမ်မိပေမယ့် ရှေ့ခရီးတွင်ဖို့ပဲ အာရုံထားပြေးရတာပေါ့။ အဲဒီအချိန် ဗိုက်ကလည်းဆာ၊ စားစရာလည်းမရှိ၊ ရေကလည်း ငတ်တော့ တွေ့တဲ့ ဆီးဖြူသီးလေးတွေခူးစားပြီး (၂) ရက်၊ (၂) ည တိတိ မနားမနေပြေးခဲ့ရပါတယ်။

တခါတရံ ချောက်ကမ်းပါးတွေကို မတက်နိုင်လောက်အောင် မောပန်းနေတော့၊ ချောင်းတွေအတိုင်း စုံဆင်းနေတော့ ခရီးတွေက မဝေး သင့်ဘဲ ဝေးခဲ့တဲ့ခရီးတွေကလည်း အများကြီးပဲ။ ရွာတွေကိုတွေ့ရပေမယ့် အဖမ်းခံရမှာ၊ ခွေးဟောင်မှာစိုးတဲ့အတွက် မဝင်ရဲဘူး။ ရှောင် သွားရတယ်။ လမ်းတွေကလည်းမသိတော့ မှန်းဆသွားရတဲ့အတွက် အဝေးကြီးရောက်သွားတာတွေရှိတယ်။ ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားဂုဏ် တော်တွေကိုအဖော်ပြုပြီး မေတ္တာပို့ရင်းပြေးလွှားနေရတာပေါ့။ နောက်ပိုင်း မရွတ်နိုင်တော့တဲ့အဆုံး အာရုံပဲပြုနိုင်တော့တယ်။

ကံကောင်းထောက်မစွာနဲ့ အသက် ၂ဝ ပတ်ဝန်းကျင်ရှိတဲ့ ချင်းတိုင်းရင်းသားလေး တယောက်နဲ့တွေ့လို့ထမင်းထုပ်နဲ့ ရေဗူးလေး ပါလာတာ ကိုပေးတယ်။ အငမ်းမရ မြိန်ရည်ယှက်ရည်စားလိုက်တယ်။ ဒါနဲ့နောက်ဆုံး လမ်းပြပေးဖို့ အကူအညီတောင်းလိုက်တော့ သူက လမ်းကြောင်း မှန်ကို ပြပေးတယ်။ ကျေးဇူးတင်လွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပါတဲ့ငွေ (၂ဝဝဝ) ပေးလိုက်တယ်။ အော် မေ့လို့ ... ထွက်ပြေးတုန်းက သံ ခြေကျင်းမရှိတော့ဘူးဘုရား။ အကျဉ်းစခန်းက တာဝန်ရှိသူတွေကို ပိုက်ဆံ (၅ဝဝဝဝ) ပေးလိုက်တော့ သံချေကျင်း ဖြုတ်ပေးပါတယ်။ ဒါနဲ့ ပြေးဖို့ လွယ်ကူသွားတာပေါ့။ အဲဒီနောက် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို အောက်တိုဘာ ၁ရက်၊ ၂၀၀၈ နေ့မှာ ရောက်လာခဲ့တယ်။ တပည့် တော် ကံကောင်းလို့ မသေတာပါဘုရားလို့ ပြန်ပြောပြတဲ့ သူရဲ့စွန့်စားခန်းတွေကိုနားထောင်ရတာ စုံထောက်ဝတ္ထုဖတ်ရသလိုသဲထိတ်ရင်ဖိုရှိလှပါတယ်။

ရှေ့ဆက်လုပ်မဲ့အစီအစဉ်နဲ့ သူ့ရဲ့ နိုင်ငံရေးအမြင်ကိုလည်းပြောပြပါတယ်။

အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တုန်းကတောင်မှ သံဃာထုအပေါ်မှာ ဒီလောက် ရက်ရက်စက်စက် မနှိပ်စက်ခဲ့ပါဘူး။ အခု ကိုယ့်ကိုယ်ကို ဗုဒ္ဓ ဘာသာ သာသနာ့ဒါယကာလို့ခေါ်နေတဲ့ စစ်အစိုးရအာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကတော့ ကိုယ်တွေ့ကြုံလိုက်မှပဲ ပြောစရာစ ကားလုံး ရှာမရလောက်အောင် သိလိုက်ရပါတယ်ဘုရား။ တပည့်တော်တို့ ရွှေဝါရောင် အကြမ်းမဖက်တော်လှန်ရေးကြီးဟာ နအဖ စစ် အစိုးရအနေနဲ့ မတရားဖမ်းဆီးညှဉ်းပမ်းနှိပ်စက်၊ ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သံဃာ ၃ သိန်းကျော်၊ ၄ သိန်းနီးပါး ကျန်ပါသေးတယ်။ ရှေ့ဆက်ပြီးတော့ အဓမ္မဝါဒီတွေကို အသက်ထက်ဆုံး ဓမ္မလမ်းကြောင်းပေါ်ကနေ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆက်လက်လုပ်ဆောင် သွားမှာပါ။ အရေးကြီးဆုံးအချက်က ဘောလုံးပွဲတွေမှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးရောက်ပြီဆိုရင် တကိုယ်ကောင်းဆန်ပြီး တယောက် ထဲဆွဲမပြေးဖို့ အဲဒါအရေးကြီးဆုံးပဲ။ နောက်ပြီး ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီသဘော တရား၊ ဒီမိုကရေစီကျင့်စဉ်တွေကို စတင်ကျင့်သုံးဖို့ လိုနေပါပြီ။

ဒီမိုကရေစီဆိုတာ သူတပါးကလာပေးတာမဟုတ်ဘဲ ကိုယ်တိုင်ကျင့်သုံးရတာပါ။ အဲဒီတော့ နအဖ လက်ထဲမှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အဲဒါကို သွားတောင်းမနေနဲ့။ အချိန်ကုန်တယ်။ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ်ရှိပြီးတော့ ငါတို့ဟာ တနေ့မှာ မုချအောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးပြီး သံဃာထု၊ ကျောင်းသားထုနဲ့အတူ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုရင် တရားမျှတမူ၊ လွတ်လပ်မူနဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံသစ်ကြီးကို မကြာခင်တည်ဆောက်နိုင်ကြမှာ အမှန်ပါပဲ။

ခုအချိန်မှာတော့ ဆရာတော်လေးဟာ ဒုက္ခသည်ဘ၀နဲ့ တနေကတနေရာပြောင်းရွေ့သတင်းသုံးနေထိုင်ရင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း ရေးအတွက် အကြမ်းမဖက်ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်လျက်ရှိပါတယ်။ ။

0 Comments to အညတရအကျဉ်းသားရဟန်းတော်များ (၂) - ဦးပညာသီရိ

Post a Comment