အရပ်သား (၂) ဦးအား ပစ်မိန့်ပေးသူ ဗိုလ်ကြီးကို နေပြည်တော်သို့ ပြောင်းရွှေ့

Friday, October 8, 2010 12:21 PM | Posted by Anonymous

အရပ်သား (၂) ဦးအား ပစ်မိန့်ပေးသူ ဗိုလ်ကြီးကို နေပြည်တော်သို့ ပြောင်းရွှေ့

တက်လူ / ၀၈ အောက်တိုဘာ ၂၀၁၀


ပဲခူးမြို့တွင် အရပ်သားလူငယ် (၂) ဦးကို သေနတ်ဖြင့် ပစ်ခတ်ရန် အမိန့်ပေးခဲ့သူ ဗိုလ်ကြီးသိဒ္ဓိစိုးကို နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ပေးအပ်လိုက်ကြောင်း ခလရ (၅၉) မှ ဗိုလ်မှူးတဦးက အတည်ပြု ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ (၄) ရက်နေ့ည (၁၂) နာရီခန့်၌ ပဲခူးမြို့တွင် နေထိုင်သူ လူငယ် (၂) ဦးဖြစ်သည့် မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်၊ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့နှင့် ဒေသခံစစ်တပ် အရာရှိများ ခိုက်ရန်ဖြစ်ပွားရာမှ အစပြုကာ လူငယ်များနေထိုင်ရာ ရပ်ကွက်အတွင်းသို့ စစ်သားများက ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပစ်ခတ်မှုတွင် ဗိုလ်ကြီးသိဒ္ဓိစိုးက ပစ်မိန့်ပေးသည့်အတွက် လူငယ် (၂) ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။

သေဆုံးခဲ့သည့် အရပ်သားလူငယ် (၂) ဦး၏ အလောင်းများကို စစ်တပ်မှ ခေါင်းဆောင်ကာ စက်တင်ဘာ (၇) ရက်နေ့ နေ့လယ် (၁၂) နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ရာ လူပေါင်း (၂,၅၀၀) ခန့် လိုက်ပါပို့ဆောင်ခဲ့သည်။

ဗိုလ်ကြီး သိဒ္ဓိစိုးသည် အမှတ် (၁၀၁) ခြေမြန်တပ်ရင်းမှဖြစ်ပြီး အခင်းဖြစ်ချိန်တွင် အရပ်သားလူငယ် (၂) ဦးကို သေနတ်ဖြင့်ပစ်ရန် အမိန့်ပေးခဲ့မှုအပေါ် မည်သည့်အရေးယူခြင်းမျှ မခံရသောကြောင့် ပဲခူးမြို့ခံလူငယ်များက ယခုတိုင် မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

“ကျနော်တို့နဲ့ စိုးပိုင်ဇော်တို့နဲ့က သူငယ်ချင်းတွေမဟုတ်ဘူး။ ဒါပေမယ့် တရပ်ကွက်တည်း နေတာဖြစ်လို့သိတယ်။ အခုသူတို့ကို ပစ်တဲ့သူတွေရော၊ ပစ်ဖို့အမိန့်ပေးသူရော ဘယ်လို အရေးယူခံရတယ် ဆိုတာကို မသိရဘူး။ ဒါဟာ အရေးမယူလို့ဘဲပေါ့။ အမိန့်ပေးတဲ့ ဗိုလ်ကြီးကို နေပြည်တော်ကို ပြောင်းတယ်လို့ ကြားတယ်။ အဲဒါနဲ့ပဲ အမှုကပြီးရောလားဗျာ” ဟု ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်နေ လူငယ်တဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် လူငယ် (၂) ဦးကို ပစ်မိန့်ပေးခဲ့သူ ဗိုလ်ကြီးသိဒ္ဓိစိုးနှင့် အရာရှိငယ် (၂) ဦး၊ တပ်သား (၇) ဦးတို့ကိုလည်း ထိန်းသိမ်းထားကာ စစ်ဆေးနေကြောင်း စစ်ဖက်နှင့်ထောက်လှမ်းရေးအဖွဲ့များမှ ကြားသိသော သတင်းများကို အခြေခံ၍ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်က ပြောကြားခဲ့သည်။

ယခုအခါ ဗိုလ်ကြီးသိဒ္ဓိစိုးကို နေပြည်တော်သို့ ပြောင်းရွှေ့ပေးလိုက်သည်ဟူသော သတင်းအရ ပဲခူးမြို့ခံများအကြား ဝေဖန်မှုများ ရှိနေကြသည်။

“ကျနော်တို့အထင်ကို ပြောရရင်တော့ အစိုးရအနေနဲ့ အရေးယူမှာ မဟုတ်ဘူး။ ဟိုပြောင်းဒီရွှေ့တော့ လုပ်လိမ့်မယ်။ ဒီပုံစံမျိုးနဲ့ပဲ သူတို့က အရေးယူတယ်ဆိုတဲ့ သဘောလုပ်မှာပါ။ ဒါနဲ့ပဲ ဒီအမှုပြီးသွားမှာပဲ။ သေတဲ့သူက သေသွားပေမယ့် ကျန်ရစ်သူ မိသားစုအတွက်တော့ ဆုံးရှုံးမှုကြီးပဲ” ဟု ပဲခူးမြို့မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူတဦးက ပြောသည်။

Credit to Khitpyaing: http://www.khitpyaing.org/index.php?route=detail&id=4965

0 Comments to အရပ်သား (၂) ဦးအား ပစ်မိန့်ပေးသူ ဗိုလ်ကြီးကို နေပြည်တော်သို့ ပြောင်းရွှေ့

Post a Comment