ရန်ကုန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး စစ်ဆေးမှုများ တင်းကြပ်လာ

Friday, October 8, 2010 1:21 PM | Posted by Anonymous

ရန်ကုန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး စစ်ဆေးမှုများ တင်းကြပ်လာ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရ အမိန့်များထုတ်ပြန်ထားပြီး ဒေသအာဏာပိုင်များက ဧည့်စာရင်း စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေလျှက်ရှိသည်။

ယခုလ(၃) ရက်နေ့မှ စတင်ကာ မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်နှင့် (ည) ရပ်ကွက်တို့တွင် ည(၁၁) နာရီ နောက်ပိုင်း အပြင်မထွက်ရ အမိန့်စာများ ရပ်ကွက်ရုံးများတွင် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အခု အပြင်မထွက်ရအမိန့်ကို ရပ်ကွက်ရုံတွေမှာ ထုတ်ပြန်ထားတာ၊ ညဆယ်တစ်နာရီနောက်ပိုင်း ဘယ်သူမှ အပြင်မထွက်ရဘူး၊ ထွက်လို့ တွေ့တဲ့သူမှန်သမျှ ဖမ်းမယ်ပြောထားတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ ပြီးခဲ့သည့် စက်တင်ဘာ (၁၅)ရက်နေ့က ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေခဲ့သည့် ကျောင်းသားလူငယ်များကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်မှုရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့ ကျောင်းသားလေးတွေနဲ့ ပတ်သတ်ပြီး အဲဒီရပ်ကွက် ပြည်သူတွေက မကျေနပ်ဖြစ်နေတယ်၊ အဖမ်းခံရတဲ့ ကျောင်းသားလေးတွေကလည်း အဲဒီ ရပ်ကွက်ကဘဲဆိုတော့ ရပ်ကွက်ထဲမှာ ဆူပူမှုတွေမဖြစ်အောင်လို့ ဒီလိုအမိန့်ထုတ်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက် စာရွက်စာတမ်းများဖြန့်ဝေသည့် ကျောင်းသားများ အဖမ်းခံရပြီးနောက်ပိုင်း ရပ်ကွက်အလိုက် လုံခြုံရေးများတင်းကြပ်လာပြီး ဧည့်စာရင်း စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ စစ်ဆေးလာလျှက်ရှိကြောင်း ဒေသခံက ပြောသည်။

Credit to Yoma3: http://www.yoma3.org/?p=1552

0 Comments to ရန်ကုန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး စစ်ဆေးမှုများ တင်းကြပ်လာ

Post a Comment