နိုင်ငံတော်ဘဏ္ဍာသုံး၍ မဲဆွယ်ကြောင်း ကြံ့ဖွံ့ တရားဝင်ပြော

Tuesday, October 5, 2010 11:49 PM | Posted by Anonymous

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) သည် နိုင်ငံတော် ဘဏ္ဍာအသုံးပြု၍ လမ်းခင်းခြင်း၊ ငွေချေးခြင်း၊ စာသင်ကျောင်း ဆောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ် ပေးခြင်းများဖြင့် မဲဆွယ်လျက်ရှိကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့ ပါတီ တာဝန်ခံ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တော်ခန်းမတွင် စက်တင်ဘာလနှောင်းပိုင်းက ပြည်တွင်း သတင်း မီဒီယာတချို့ကို ခေါ်ယူတွေ့ဆုံစဉ် ဦးအောင်သိန်းလင်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဆင်ခြေဖုံးမြို့နယ်များ အပါအ၀င် မြို့နယ်များတွင် လမ်းပေါင်း ၄၀၀၀ ခန့်ရှိကြောင်း၊ ကြံ့ဖွံ့ပါတီသည် ထိုလမ်းများကို စီမံချက်ဖြင့် ခင်းပေးနေပြီး အဆိုပါ လမ်းခင်းခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ဘိလပ်မြေကို စည်ပင်ပိုင် ဘိလပ်မြေစက်ရုံက ထုတ်လုပ်ပေးကာ လမ်းခင်းစက်များ သည်လည်း စည်ပင်သာယာရေးပိုင်များသာ ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

“လမ်းခင်းဖို့ ဘိလပ်မြေက တရက်ကို အိတ် ၆၀၀၀၊ ၇၀၀၀ လောက်ထွက်တယ်” ဟု မြို့တော်ဝန်က ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူလူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြံ့ဖွံ့အသင်း အနေဖြင့် ရပ်တည်စဉ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ဆက်လက်လည်း လုပ်ဆောင်သွားမည်ဟု သူက ဆိုသည်။

“လမ်းတွေခင်းပေးတယ်၊ ရေရအောင်လည်း ရေတွင်းတွေ တူးပေးတယ်၊ ပြည်သူလူထု ကျန်းမာရေး အတွက်လည်း ဖြိုးစေတနာ ဆေးခန်းတွေ အခမဲ့ ဖွင့်လှစ်ပေးထားတယ်၊ ပညာရေး စောင့်ရှောက်မှုအနေနဲ့ စာသင်ကျောင်းတွေလည်း အများကြီးဆောက်ပေး ထားတယ်။ စီးပွားရေး စောင့်ရှောက်မှုအနေနဲ့ ဆင်းရဲတဲ့လူတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးတယ်” ဟု ဦးအောင်သိန်းလင်းက မီဒီယာများကို ရှင်းပြခဲ့သည်။

ကြံ့ဖွံ့ပါတီအနေဖြင့် အစိုးရ အသုံးစရိတ်ဖြင့် မဲဆွယ်လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ နိုင်ငံရေးပါတီ အများစုကလည်း ထိုသို့ အစိုးရစရိတ်သုံးကာ မဲဆွယ်မှုများကို ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် ကန့်ကွက် သင့်ကြောင်း၊ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည့် ကြံ့ဖွံ့ပါတီကို တရားဥပဒေကြောင်းအရ ဖျက်သိမ်းရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တရားဝင်တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်းများလည်း ပြုလုပ်သင့်ကြောင်း
ဝါရင့် သတင်းစာဆရာတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကြံ့ဖွံ့ပါတီက ချိုးဖောက်နေတာတွေကို နိုင်ငံရေးပါတီတွေက ကန့်ကွက်ရမယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ ဥပဒေချိုးဖောက်တဲ့ ကြံ့ဖွံ့ပါတီ ဖျက်သိမ်းပေးဖို့ တရားဝင်တောင်းဆိုရမယ်။ ကြောက်နေရင်တော့ ကြံ့ဖွံ့ပါတီရဲ့ မတရားနည်းလမ်းသုံး မဲဆွယ်တာတွေကို ထိုင်ကြည့်နေကြပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က/ ၅) တွင် နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် ပါတီအဖွဲ့အစည်း ဖြစ်လျှင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု တရားဝင်ပြဋ္ဌာန်းထားသည်။

ကြံ့ဖွံ့ပါတီသည် လမ်းများခင်းရာတွင် ငွေကြေးမကောက်ခံဟု မြို့တော်ဝန်ကပြော ဆိုသော်လည်း အမှန်တကယ် လက်တွေ့တွင်မူ ရပ်ကွက်လူထုထံမှ ငွေကြေး ကောက်ခံမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

“ပေ ၃၀၀ ရှိတဲ့ လမ်းခင်းဖို့ ကျပ် ၃ သိန်း ၆ သောင်း ရပ်ကွက်က ပေးလိုက်ရတယ်။ ပါတီဝင်လည်း စုပေးရတယ်” ဟု ကမာရွတ်မြို့နယ်မှ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာနိုင်ငံတွင် မဲပေးနိုင်သည့် အသက်ပြည့်ပြီးသူ လူဦးရေ သန်း ၃၀ ကျော်ရှိကြောင်း သိရှိရသည်။

နေပြည်တော်ခရိုင်တွင် မဲပေးနိုင်သော လူဦးရေ ၆ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်မူ မဲပေးနိုင်သော လူဦးရေ ၄၄၁၈၉၈၉ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ထားသည်။

0 Comments to နိုင်ငံတော်ဘဏ္ဍာသုံး၍ မဲဆွယ်ကြောင်း ကြံ့ဖွံ့ တရားဝင်ပြော

Post a Comment