အင်းလေးကန် ရေလျော့ကျရခြင်း အကြောင်းရင်းကို စနစ်တကျလေ့လာမှုများ မပြုလုပ်ရသေးဟု သုံးသပ်

Monday, August 15, 2011 11:20 PM | Posted by Unknown

အင်းလေးကန် ရေလျော့ကျရခြင်း အကြောင်းရင်းကို စနစ်တကျလေ့လာမှုများ မပြုလုပ်ရသေးဟု သုံးသပ်


ယခုနှစ် မိုးရာသီအတွင်း အင်းလေးကန် ရေမျက်နှာပြင် ပြန်တက်လာသော်လည်း စိတ်ချရသော ပုံမှန် ရေမျက်နှာပြင်သို့ ပြန်တက်လာခြင်းဟု ယူဆ၍ မရနိုင်သေးကြောင်း National Engineering and Planning (NEPS) မှ Senior Geologist ဦးအေးကိုက သုံးသပ်သည်။ တစ်နှစ်တာအတွင်း ရေမျက်နှာပြင် အနိမ့်ဆုံး အခြေအနေနှင့် အမြင့်ဆုံး အခြေအနေအပေါ် မှတ်တမ်းများ ပြုစု၍ ပုံမှန်ရေမျက်နှာပြင် အနိမ့်အမြင့်ကို တွက်ချက်ရကြောင်း ၎င်းက ဆက်လက်ပြောသည်။ ရေမျက်နှာပြင် အနိမ့်ဆုံး အခြေအနေအဖြစ် မေလတွင် ကန်ရေမျက်နှာပြင်ကို တိုင်းတာပြီး၊ အမြင့်ဆုံး အခြေအနေအဖြစ် အောက်တိုဘာလတွင် တိုင်းတာကြောင်း သိရသည်။

“မိုးရာသီမှာ အင်းလေးဝန်းကျင်က ပင်လောင်း၊ ဟဲဟိုး၊ တောင်ကြီးနဲ့ ညောင်ရွှေမြို့တွေရဲ့ မိုးရေချိန် ပမာဏအပေါ် မူတည်ပြီး ကန်ရေက တက်လာတာပဲ။ ကန်ရေ တကယ် တက်လာ မလာ၊ တည်ငြိမ်မှု ရှိမရှိဆိုတာကတော့ မေလကျမှ အဖြေပေါ်မယ်။ ၁၉၉၀ ခုနှစ်ကတည်းက စပြီး လေ့လာချက်တွေအရ မိုးရာသီ ကန်ရေအတက်နဲ့ နွေရာသီ ကန်ရေ မျက်နှာပြင်က တိုက်ရိုက် အချိုးမကျပါဘူး။ မိုးရာသီမှာ ကန်ရေ မျက်နှာပြင် တက်ပေမယ့် နွေကျတော့ တက်ချင်မှ တက်တာ။ ၁၉၉၄ နဲ့ ၉၉ တုန်းကဆိုရင် မိုးရာသီ ကန်ရေတက်ပေမယ့် နွေရာသီမှာ ကျနေခဲ့တယ်။ အနှစ်နှစ်ဆယ်ကျော် လေ့လာတွေ့ရှိချက်တွေအရ ကန်ရေမျက်နှာပြင် တည်ငြိမ်မှုက မိုးရွာနှုန်းထက် လူတွေ အသုံးပြုတဲ့ ပုံစံအပေါ် ပိုပြီး အကျိုးသက်ရောက်မှုတွေ ရှိနေတာ တွေ့ရယ်” ဟု ၎င်းက လက်ရှိ အင်းလေးကန် မိုးရာသီအတွင်း ရေတက်လာမှုအပေါ် သုံးသပ်သည်။

၂၀၁၀ ခုနှစ်အတွင်း အင်းလေးကန် ရေလျော့ကျမှုမှာ နှစ်နှစ်ဆယ် မှတ်တမ်းများအရ အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုများကြောင့်လည်းကောင်း၊ ကန်၏ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရန် သတိမမူခဲ့ခြင်းကြောင်းလည်းကောင်း၊ ရေခန်းခြောက်ရခြင်း၏ အကြောင်းရင်းကို ဆန်းစစ်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များကြောင့်လည်းကောင်း စသည်ဖြင့် ပညာရှင်များက သုံးသပ်ခဲ့ကြသော်လည်း အမှန်တကယ် ကန်အတွင်း ရေလျော့ကျရခြင်း၏ အကြောင်းရင်းကို ယခုတိုင် စနစ်တကျ လေ့လာမှုများ ပြုလုပ်ရခြင်း မရှိသေးကြောင်း ဦးအေးကိုက ပြောသည်။

“ဘူမိနည်းအရ လေ့လာကြည့်တော့ ကန်ရေလျော့ရတဲ့ အကြောင်း ဖြစ်နိုင်ခြေတွေ အများကြီး တွေ့ရတယ်။ အင်းလေးက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၅ သန်းက မြေကျွံတောင်ကြား (Fault Grabon) ထဲမှာ စပြီး ဖြစ်ပေါ်ခဲ့တယ်။ ကန်က ကျောက်ကြမ်းပြတ်ရွေ့ဇုံ (Kyaukkyan Fault) ထဲမှာ ကျရောက်နေပြီး အဲဒီ ပြတ်ရွေ့က ပြင်ဦးလွင်မြို့အနားကနေ တောင်ဘက် ကရင်ပြည်နယ် ဖာပွန်မြို့နယ်နားအထိ မိုင် ၂၀၀ ကျော် ရှည်တယ်။ အကျယ်က မိုင်သုံးဆယ်လောက် ရှိပြီးတော့ အဲဒီ ပြတ်ရွေ့ဇုံကို အပိုင်း သုံးပိုင်းခွဲရင် အင်းလေးက အလယ်ပိုင်းမှာ ပါပါတယ်။ အဲဒီ ပြတ်ရွေ့ကြီးက သက်ရှင်ပြတ်ရွေ့ (Active Fault) ဖြစ်တဲ့အတွက် အချိန်မရွေး ငလျင်ထလှုပ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အဲဒီ ကျောက်ကြမ်းပြတ်ရွေ့ကြောင့် ၁၉၁၂ ခုနှစ်မှာ အင်အား (၈) ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီး တစ်ခုလှုပ်ခဲ့တယ်။ အဲဒီ ငလျင်ကြီး လှုပ်ပြီး နောက်ပိုင်းမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ ခြောက်လတိုင်တိုင် လှုပ်ခဲ့တယ်။ ပြီးရင် အင်းလေးကန် ခေါင်တိုင်ရွာနဲ့ ကန်ရဲ့ အရှေ့ဘက်ခြမ်းတွေမှာ ရေပူစမ်းတွေ ရှိနေတယ်။ အဲဒီအချက်တွေက ဘာကို ပြသလဲဆိုရင် ကန်အောက်မှာ ပြတ်ရွေ့ကြောင်းတွေ၊ ရေယိုပေါက်တွေ ရှိနေနိုင်တယ်ဆိုတဲ့ အချက်ပဲ” ဟု ၎င်းက ဆက်လက် သုံးသပ်ပြသည်။

အင်းလေးကန်၏ အရှေ့ဘက်နှင့် အနောက်ဘက်တောင်များတွင် ထုံးကျောက်များကို တွေ့ရှိရပြီး ကန်ပတ်ဝန်းကျင်တွင် ရေပြိုပေါက်များ၊ ရေငုတ်ပေါက် (Sink Hole) များ ဖြစ်တည်လျက်ရှိကြောင်း သိရသည်။ “ကန်ပတ်ဝန်းကျင်မှာပဲ ချောင်းပြတ်တွေ ရှိနေတယ်။ အဲဒီ ချောင်းတွေက မြေပေါ်မှာ စီးနေရာက တစ်နေရာမှာ ပြတ်သွားတယ်။ မြေအောက်ကနေ ဆက်စီးသွားပြီး တခြားနေရာမှာ မြေပေါ် ပြန်ပေါ်လာတယ်။ အဲဒီ ဆက်စပ်မှုတွေအရ အင်းလေးရဲ့ ကြမ်းခင်းကို ထုံးကျောက်အလွှာလို့ ခန့်မှန်းရင် အဲဒီ ထုံးကျောက်တွေမှာ ယိုပေါက် ရှိမရှိကို စနစ်တကျ လေ့လာဆန်းစစ်သွားဖို့ လိုတယ်။ အကယ်၍ ယိုပေါက်ရှိနေတယ်ဆိုရင်တော့ ထိန်းဖို့ ခက်သွားမယ်။ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေလည်း အကျိုးသက်ရောက်မှု အားနည်းကုန်မယ်” လို့ ၎င်းက ရှင်းပြသည်။

မိုးရာသီ ကုန်ဆုံးပြီးနောက် ရေငြိမ်ကန်ဖြစ်သော အင်းလေးကန် အတွင်းမှ ရေကို ခန်းခြောက်စေနိုင်သော အကြောင်းရင်းမှာ အငွေ့ပျံခြင်း၊ ရေယိုခြင်းနှင့် အသုံးပြုကြခြင်းတို့ကြောင့်သာ လျော့ပါးခြင်းဖြစ်နိုင်ကြောင်း သိရသည်။

“အငွေ့ပျံနှုန်းကတော့ ရာသီဥတု အပူချိန်နှင့် စနစ်တကျ တိုင်းတာလို့ ရတယ်။ ရေယိုပေါက်ကတော့ ပြောပြီးပြီ။ အသုံးပြုတဲ့ အပိုင်းပဲ ကျန်တယ်။ အင်းလေးက အမှန်တကယ်တော့ ကန်သုံးဆင့် ဆက်နေတာ။ အင်းလေးအောက်မှာ စကားကန်နဲ့ မိုးဗြဲကန်ရှီတယ်။ အောက်ဆုံးက မိုးဗြဲကန်အောက်ခြေမှာ မိုးဗြဲဆည် ရှိတယ်။ အဲဒီ မိုးဗြဲဆည်က လောပိတ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးရဲ့ အဓိက ရေလည်ပတ်မှုပဲ။ တချို့နှစ် နွေရာသီမှာ မိုးဗြဲကန်က ရေမလောက်ရင် အပေါ်က အင်းလေးတို့ စကားကန်တို့ကနေ ရေကို ဖောက်ချ အသုံးပြုတယ်လို့ သိရတယ်။ ပမာဏ အတိအကျ မသိရပေမယ့် အဓိက ရေသုံးတဲ့ အချက်တစ်ချက် ဖြစ်နိုင်တယ်။ ၁၉၉၈ ခုနှစ် နဲ့ ၉၉ ခုနှစ် မှတ်တမ်းတွေအရ ရေအသုံးများလို့ ကန်မျက်နှာပြင် နိမ့်သွားတယ်။ ၂၀၀၀ ခုနှစ်မှာ ပြန်ထိန်းနိုင်တယ်။ ၂၀၀၁ ခုနှစ်မှာ ပြန်သုံးတော့ ပြန်ကျသွားတယ်။ အဲဒီနောက်ပိုင်းကနေ ၂၀၀၉ ခုနှစ်အထိ တောက်လျှောက် ထိန်းနိုင်ခဲ့တယ်။ ၂၀၁၀ ကျမှ အောက်ကို ထိုးဆင်းသွားတာ တွေ့ရတယ်။ မနှစ်က ဖောင်တော်ဦး ဘုရားခြေရင်းကို စက်လှေတပ်မရတော့ဘူး။ မြေတွေပေါ်ပြီး ပတ်ကြားတွေ အက်ကုန်တဲ့ အထိပဲ။ သဘာဝပတ်ဝန်းကျင်ကြောင့်၊ နှုန်းတင်နှုန်းများတာကြောင့် စသဖြင့် လူတွေ ပြောကြပေမယ့် သိပ္ပံနည်းကျ ဘူမိနည်းစနစ်တွေအရတော့ စနစ်တကျ အကုန်အကျခံ လေ့လာမှုတွေ ဘာမှ မလုပ်ကြရသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောသည်။

အင်းလေးကန် ရေတိမ်ကောရခြင်းအတွက် မြေဆီလွှာ တိုက်စားခဲ့ခြင်းကြောင့်ဟု အများစုက ခန့်မှန်း သုံးသပ်ခဲ့ကြပြီး မြေဆီလွှာတိုက်စားမှု ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များ အပေါ်သာ အားစိုက်ဆောင်ရွက်မှု များပြားခဲ့ကြောင်း သိရသည်။ မြေဆီလွှာ တိုက်စားခြင်းဆိုသည်မှာ ရေစီးကြောင်း ဖြစ်တည်မှုနှင့် ရေစီးကြောင်း တည်ရှိသရွေ့ဖြစ်ပေါ်နိုင်ပြီး အဆိုပါ မြေဆီလွှာ တိုက်စားခြင်းထက် ရေစီးကြောင်း ဖြစ်ပေါ်စေသော မြေပြိုမှု ဖြစ်စဉ်များကို ပိုမိုအလေးထားသင့်ကြောင်း သိရသည်။ “မြေပြိုတယ်ဆိုတဲ့ နေရာမှာ မြေဆီလွှာ ပြိုတာနဲ့ ကျောက်ပြိုတာ ဆိုပြီး နှစ်မျိုးရှိတယ်။ အဲလို မြေပြိုခြင်းတွေက မြေဆီလွှာ တိုက်စားမှုထက် အချိန်တို အတွင်းမှာ ထုထည်ကြီးကြီးမားမားကို ပြိုပျက် ဆုံးရှုံးစေနိုင်တယ်။ ဒီအတွက် မြေမျက်နှာပြင် နိမ့်ဆင်းမှုမြေပုံ (Slope Map) တွေ၊ အဲဒီ နိမ့်ဆင်းမှုတွေကို ခွဲခြမ်းလော့မှု (Slope Stability Analysis) တွေနဲ့ မြေဆီတွေ ကျောက်သားတွေကို ထိန်းသိမ်းမှု (Soil and Roack Mechanic) တွေ လုပ်ဖို့ လိုတယ်။ ရေပူစမ်း၊ ရေစမ်း-ယိုပေါက်၊ မြိုပေါက်၊ မြေအောက်ရေမျက်နှာပြင် စတာတွေကို လော့လာတဲ့ ဇလဘူမိဗေဒ (Hydrogeology) ပညာရပ်ကို တတ်ကျွမ်းတဲ့ ပညာရှင်တွေ စုပေါင်းပြီး အင်းလေးကန်အတွက် Engineering Study of Base Line စီမံချက်ကို ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်” ဟု ဦးအေးကိုက သုံးသပ်ပြောကြားသွားသည်။

အင်းလေးကန်အတွင်းသို့ အဓိက စီးဝင်သော ချောင်းကြီး ၂၉ ချောင်းရှိပြီး အနည်များကို အဓိက သယ်ဆောင်သော ချောင်း ၄ ချောင်း ရှိကြောင်း သိရသည်။ ကန်၏ ဧရိယာမှာ မိုးရာသီတွင် ၁၀၀ စတုရန်းကီလိုမီတာ၊ နွေရာသီတွင် ၇၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ တောင်မှ မြောက်သို့ ၁၇ ကီလိုမီတာ၊ အရှေ့မှ အနောက်သို့ ၇ ကီလိုမီတာ ရှည်လျားကာ လူမျိုးစုအင်းသားဦးရေ ၉၀၀၀ ကျော် မှီတင်းနေထိုင်လျက် ရှိကြောင်း သိရသည်။

မိုးစက်

မန္တလေးအလင်း
သြဂုတ်လ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်

0 Comments to အင်းလေးကန် ရေလျော့ကျရခြင်း အကြောင်းရင်းကို စနစ်တကျလေ့လာမှုများ မပြုလုပ်ရသေးဟု သုံးသပ်

Post a Comment