အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့်

Saturday, 28 May 2011

အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့်

သန်းစိုးလှိုင်

မေ ၂၉ ၊ ၂၀၁၁

ဖြေးဖြေးချင်းလာမယ်ဆိုတဲ့ လွတ်လပ်ခွင့်

အစိုးရသစ် တက်မလာမီ သီတင်းပတ်အလိုမှာ နာမည်ဆိုးနဲ့ ထင်ရှားတဲ့ စာပေစိစစ်ရေးက လက်ရှိထုတ်ဝေနေတဲ့ အမျိုးအစား ၆ မျိုးကို တင်ပြီးမှ ထုတ်ဝေတာမဟုတ်ပဲ၊ ထုတ်ဝေပြီးမှ တင်ပြတာမျိုးနဲ့ ခွင့်ပြုဖို့ အစိုးရသစ်ဆီ တင်ပြမယ်လို့ ဆိုပါတယ်။ အစိုးရသစ်ကခွင့်ပြုရင် အဆိုပါ အမျိုးအစားမှာ အကျုံးဝင်တဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေ မထုတ်မီ ကြိုတင်ပြဖို့မလိုပဲ ထုတ်ပြီးမှ စိစစ်ရေးကို တင်ရမယ့် သဘောပါ။ ဒီလို ပြောင်းလဲမယ့် အရိပ်အရောင်ပြတဲ့ အပေါ် အချို့သော မီဒီယာ နယ်ပယ်မှသူများက အစိုးရသစ်တက်လာရင် မီဒီယာ လွတ်လပ်ခွင့် တဖြည်းဖြည်း ရလာတော့မလားဆိုပြီး မျှော်လင့်နေကြပါတယ်။

သူတို့အမြင်မှာ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်ဆိုတာ ရုတ်တရက် ပြောင်းလဲခြင်းမျိုး မဟုတ်ပဲ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားမယ့် ဖြစ်စဉ်လို့ သုံးသပ်ပြီးဒါဟာ မီဒီယာ လွတ်လပ်ခွင့်ရဲ့ အစပဲလို့ ကောက်ချက်ချသူတွေလည်း ရှိပါတယ်။

တကယ်ပဲ မီဒီယာ လွတ်လပ်ခွင့်ရဲ့ အစလားဆိုတဲ့အချက်အပေါ် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အဖြစ်အပျက်များ အပေါ်မူတည်ပြီး သုံးသပ်ကြဖို့လိုပါတယ်။ ယခင်ထက်လွတ်လပ်လာတယ် ဆိုတဲ့အချက်ကို မငြင်းဆိုပါဘူး။ ဘာလို့ဆို အရင်က စာနဲ့ မထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေက များပြားလွန်းတော့ သတင်းဂျာနယ်တွေက ကိုယ့်ဘာသာကိုယ် မရေးဖို့ ဆုံးဖြတ်တန်ဆုံးဖြတ်၊ ဖြတ်တန်ဖြတ် လုပ်ခဲ့ကြပြီး အခုလက်ရှိအချိန်မှာ အကြောင်းအရာတချို့ကို ရေးခွင့်ရလာတာ ကိုတော့ သတင်းဂျာနယ်လောကသားတွေ သတိပြုမိကြပါတယ်။

ဥပမာ ဟိုအရင်က ပြင်ပ ဒေါ်လာလဲနှုန်းဆိုရင် စိစစ်ရေးက လက်မခံဘူး။ ငွေမာလဲနှုန်းလို့ မလိမ့်တပတ်ရေးခဲ့ရပါတယ်။ ပြင်ပဓါတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်း တဂါလံ ၄၀၀၀ ကျပ်ဆိုရင်လည်း လက်မခံဘူး။ အစိုးရဆိုင်က ပေါက်ဈေး ၂၅၀၀ ကျပ်ပဲ ရေးခွင့်ပေးတယ်။ နောက်ပြီး မီးလောင်တဲ့သတင်းတိုင်းလည်း ဖေါ်ပြခွင့်ရချင်မှရသလို ကားတိုက်တဲ့ သတင်း၊ လူသတ်မှုလို လူစိတ်ဝင်စားတဲ့ မှုခင်းတိုင်းလည်း ဖေါ်ပြခွင့် မရခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီတုန်းက ဆန်ဈေးတက်တယ်ဆိုတဲ့ သတင်းရေးရင်ဖြုတ်ခံရသလို ရွှေဈေးတက်ရင်လည်း ဖြုတ်ခံရလေ့ရှိပါတယ်။

အခုတော့ ပြင်ပ ဓါတ်ဆီပေါက်ဈေး၊ ဒေါ်လာဈေးတွေကို ရေးခွင့်ရပါပြီ။ သို့ပေမယ့် ဒေါ်လာဈေး အမျိုးမျိုးဖြစ်နေတာ၊ အစိုးရလဲနှုန်းက ၆ကျပ်ဖြစ်နေတာ၊ အကောက်ခွန် ဆောင်တဲ့အခါ သတ်မှတ်တဲ့နှုန်းက တမျိုး၊ ပြင်ပပေါက်ဈေးက တမျိုးစသဖြင့် လဲနှုန်းအမျိုးမျိုးဖြစ်နေတဲ့ အဖြစ်ကို ပညာရှင်တွေမေးမြန်းပြီး သုံးသပ်ရေးဖေါ်ပြရင်တော့ အခုချိန်မှာလည်း ခွင့်မပြုပါဘူး။

နိုင်ငံရေးသတင်း ကန့်သတ်မှု ထုံးစံအတိုင်း

ယခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို သတင်းဂျာနယ်တွေမှာ ဖေါ်ပြဖို့ဆိုရင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံတာ၊ ကုလသံကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ အခါမျိုးမှာသာ ရှားရှားပါးပါး ခွင့်ပြုလေ့ရှိခဲ့ရာက လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်စုကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့စဉ်နောက်ပိုင်း ဂျာနယ်တွေမှာ အထိုက်အလျောက် ဖေါ်ပြခွင့်ရခဲ့ကြပါတယ်။ သို့ပေမယ့် မျက်နှာဖုံး အဖြစ်ဖေါ်ပြခွင့်မပေးတာ၊ ပုံအရွယ်အစား ကန့်သတ်တာ၊ သတင်းဖေါ်ပြရာမှာ အချက်အလက်ပြောစကားတွေကို ဖြုတ်တာ၊ ဖြတ်တာတွေ လုပ်ခဲ့ပါသေးတယ်။ တင်ပြခြင်းမရှိပဲ ဖေါ်ပြခဲ့လို့၊ အတွင်းအချပ်ပိုကို မျက်နှာဖုံးဆန်ဆန် လုပ်လို့၊ ဓါတ်ပုံအရွယ်အစားကြီးလို့ စတဲ့ ပြစ်ချက်တွေနဲ့ ဂျာနယ် ၉ စောင် တပတ် နှစ်ပတ် အသီးသီးနားခဲ့ ကြရပါသေးတယ်။

အဲဒီနောက်မှာ ပြည်တွင်း ဂျာနယ်သတင်းထောက်တွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတိုင်း၊ အခမ်းအနားတိုင်းကို သွားရောက်ပြီး သတင်းရေးပြီး စိစစ်ရေးကို တင်ခဲ့ကြပါတယ်။ ပြည်တွင်း သတင်းထောက်တွေ အနေနဲ့ အရင်တုန်းက ရေးလို့မဖြစ်ဘူးဆိုပြီး နားလည်ထားခဲ့တာကို ဖယ်ထားပြီး တင်ရမှာက ကိုယ့်အလုပ် ခွင့်ပြုတာ မပြုတာက စိစစ်ရေးအလုပ်ဆိုပြီး ၀ိုင်းပြီးဖိအားပေးခဲ့ကြတာပါ။

ဒီလိုဖိအားပေးတာကြောင့် လအတန်ကြာနောက်မှာ ဒေါ်အောင်ဆန်းစုကြည် နာရေးကူညီမှု အသင်းနှစ်ပတ်လည် သွားရောက်တာ၊ ကုလသံကိုယ်စားလှယ်နဲ့ နေအိမ်မှာတွေ့ဆုံတာ၊ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေး ၀န်ကြီးနဲ့တွေ့တဲ့ သတင်းတွေ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ ဖေါ်ပြခွင့်ရခဲ့ပါတယ်။ ယခုပြောတဲ့ အတိုင်းအတာအထိ ရေးသားဖေါ်ပြခွင့်ရလာကြသော်လည်း သတင်းကို သတင်းဆန်ဆန် ပြည့်ပြည့်စုံစုံ ဘက်မျှတစွာ အချက်အလက်ပြည့်စုံစွာ ရေးသားဖေါ်ပြခွင့်ရတာတော့ မဟုတ်သေးပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ အသုံးအနှုန်း အစား ဖျက်သိမ်းပြီးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လို့ သုံးနှုန်းရပါတယ်။ သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ဖြေကြားတဲ့ ပြောစကားတွေကို ကိုးကားဖေါ်ပြခဲ့ရင်လည်း အများစုက ဖြုတ်ပြစ်ခံရနေတုန်းပါပဲ။

မကြာခင်က လွတ်မြောက်လာတဲ့ အက်စစ် အဖွဲ့ရဲ့ အဆိုတော်၊ မျိုးဆက်သစ် လူငယ်အစည်းအရုံးအဖွဲ့ဝင် ဇေယျာသော်ရဲ့ အင်တာဗျူးတွေကို အပတ်စဉ်သတင်းဂျာနယ်တွေမှာ အပြည့်အစုံဖေါ်ပြခွင့်မရတာကို ကြည့်ရင် စိစစ်ရေးရဲ့ ကန့်သတ်ချက်တွေအများအပြား ရှိနေသေးတာကို သိနိုင်ပါတယ်။ အနုပညာပိုင်းနဲ့ ပတ်သက်တာသာ အင်တာဗျူးမှာဖေါ်ပြခွင့်ရပြီး နိုင်ငံရေး ကိစ္စရပ်တွေအားလုံးကို ဖြုတ်ခိုင်းတဲ့အဖြစ်ကြောင့် တချို့သောဂျာနယ်တွေမှာ ဇေယျာသော်လွတ်လာတဲ့ သတင်းကို တိုနန့်နန့်သတင်းအဖြစ်ပဲ ဖေါ်ပြနိုင်ခဲ့ကြတာကို တွေ့ရမှာပါ။

ဒီရက်ပိုင်းမှာကိုပဲ သတင်းဂျာနယ်နှစ်စောင် သုံးစောင်က အယ်ဒီတာတွေနဲ့ စကားပြောကြည့်တဲ့အခါ ဆောင်းပါးတွေ၊ အကြောင်းအရာတခုကို သိုင်းဝိုင်းပြီး အမြင်အမျိုးမျိုးနဲ့ ဖေါ်ပြတာတွေကို စိစစ်ရေးက ဆိုင်းငံ့ ဆိုပြီး ဖြုတ်ပယ်နေလို့ စိတ်ညစ်နေကြောင်း ငြီးငြူနေကြပါတယ်။

စာပေစိစစ်ရေးက အပေါ်ယံ ကိစ္စရပ်လို့ သဘောထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်သူဓါတ်ပုံ၊ သူ့နဲ့ တွေ့ဆုံမေးမြန်းခြင်း၊ သူကိုယ်တိုင်ရေးတဲ့ ဆောင်းပါး စတာတွေကို လွန်ခဲ့တဲ့လမှ စပြီးဖေါ်ပြခွင့်ပြုပေမယ့် အစိုးရရဲ့ ပေါ်လစီပိုင်း၊ လက်တွေ့ကျင့်သုံးမှုအပိုင်း အားနည်းချက်တွေက်ု ဝေဖန်သုံးသပ်တဲ့ ဆောင်းပါးတွေကိုတော့ ဖေါ်ပြခွင့်မပြုသေးတာ ယခုအချိန်ထိပါပဲ။

မင်းသားခေါင်းမဆောင်းတဲ့ စိစစ်ရေး

အစိုးရအဖွဲ့သစ်ပြောင်းခဲ့တဲ့အတွက် စာပေစိစစ်ရေးက တကယ်ပဲ လက်ရှောင်လိုက်ပြီလား၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရတော့မလား ဆိုတဲ့မျှော်လင့်ချက်တွေ ထွက်ပေါ်နေခဲ့တယ် ဆိုရင် အဲဒီမျှော်လင့်ချက်တွေကို ချေဖျက်လိုက်တဲ့ အဖြစ်အပျက်ကတော့ မေလဆန်းမှာ ဖြစ်ခဲ့တဲ့ True News အပတ်စဉ်ဂျာနယ် ၂ပတ်နားဖို့ အပြစ်ပေးတဲ့ကိစ္စပဲ ဖြစ်မှာပါ။

True News ဂျာနယ်မှာ ဖေါ်ပြလိုက်တဲ့ ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ကို သတင်းမှားယွင်းတယ် ဆိုပြီး ၀န်ကြီးဌာနက စာပေစိစစ်ရေးကို အရေးယူပေးဖို့ စာပို့လာပါတယ်။ ဒီအတွက် စိစစ်ရေးက ဂျာနယ် ၂ ပတ်နားဖို့ အမိန့်ပေးခဲ့တာပါ။ ဒီအဖြစ်က အစိုးရသစ်လက်ထက်မှာ မီဒီယာတွေကို လွတ်လပ်ခွင့် တဖြည်းဖြည်းပေးသွားမယ် ဆိုတဲ့ ပြောဆိုသံတွေ မျှော်လင့်ချက်တွေကို ပျက်ပြယ်သွားစေခဲ့ပါတယ်။ အစိုးရသစ်တက်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို မေးခွန်းမေးတဲ့ သတင်းထောက်ကို ၀န်ကြီးက ပခုံးပုတ်ပြီး မင်းတို့လိုချင်တဲ့ စာပေလွတ်လပ်ခွင့် တဖြည်းဖြည်းရမှာပါ လို့ပြောခဲ့ဖူးလို့ပါပဲ။

ဒီအဖြစ်အပျက်ကြောင့် စာပေစိစစ်ရေးဟာ ဂျာနယ် မဂ္ဂဇင်းများရဲ့ ပုလိပ် ဖြစ်နေဆဲပဲ ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ရှိပါတယ်။ အစိုးရသစ်တက်ပြီး သမ္မတသစ် ဦးသိန်းစိန်ကလည်း မီဒီယာရဲ့ အရေးကြီးပုံ၊ မီဒီယာမှ တဆင့်လူထုကို အသိပေးသင့်တာပေးရမယ် လို့ပြောဆိုပြီး ၁ လကျော်အကြာမှာ ယခုကိစ္စဖြစ်ပွားခဲ့တာပါ။

ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိက သတင်းဂျာနယ် အကြားဖြစ်ပွားတဲ့ အငြင်းပွားမှုမှာ တရားဥပဒေနဲ့ ရင်ဆိုင်ဖြေရှင်းကြရမယ့် အစား စာပေစိစစ်ရေးက ၀င်ရောက်ဆုံးဖြတ်ခွင့်ရှိသူနေရာကို ယူထားဆဲဖြစ်တာတွေ့ရမှာပါ။ သတင်းဂျာနယ်တွေရဲ့ လွတ်လပ်ခွင့်ကို တရားဥပဒေနဲ့ တိုင်းတာရမယ့် အစား စိစစ်ရေးက ချမှတ်တဲ့မူတွေနဲ့ပဲ တိုင်းတာ ဆုံးဖြတ်နေဆဲပါ။

နောက်တချက်က အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားတဲ့ ကိစ္စရပ်မျိုး၊ အစိုးရက ကျင်းပတဲ့ အခမ်းအနားလိုမျိုးမှာ သတင်းယူခွင့် ဘယ်ဂျာနယ်တိုက်ကို ပေးမယ်၊ ဘယ်ဂျာနယ်တိုက်ကို မပေးဘူးဆိုတဲ့ ကိစ္စတွေကို စိစစ်ရေးက ဆုံးဖြတ်တဲ့ အဖြစ်ဟာလည်း မီဒီယာ လွတ်လပ်ခွင့် အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတဲ့ ရေချိန်ကို ပြသနေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်ဝင်းထဲမှာ တိုင်းအဆင့် ၀န်ကြီး ဦးဥာဏ်ထွန်းဦး ဦးဆောင်ကျင်းပခဲ့တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွေကိုလည်း သတင်းဂျာနယ်တိုင်း မဖိတ်ကြားခဲ့ပါဘူး။ ထို့အတူပဲ မကြာခင်က နေပြည်တော်မှာ ကျင်းပတဲ့ ဆင်းရဲမှုလျော့ချရေး အလုပ်ရုံဆွေးနွေးပွဲကိုလည်း သတင်းဂျာနယ်တိုင်း ဖိတ်ကြားမခံခဲ့ရပါဘူး။ အဲဒီလို အများနဲ့ဆိုင်တဲ့ ပွဲတွေ သတင်းယူခွင့်ကို စိစစ်ရေးက ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ အစိုးရဌာနတွေမှာ သတင်းယူခွင့်ကို စိစစ်ရေးနဲ့ ဆက်ဆံရေးကောင်းမှ ဆိုတဲ့ အချက်နဲ့ တွဲထားပါတယ်။ စိစစ်ရေးက ပြောတဲ့ စကားလုံးနဲ့ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ အတွက် ဖိတ်ကြားတဲ့ စာရင်းထဲ မထည့်တာလို့ ဆိုပါတယ်။

သတင်းဂျာနယ်တိုင်းမှာ သူ့စာဖတ်ပရိတ်သတ်အတွက် မေးမြန်း သတင်းယူခွင့်ရှိတယ် ဆိုတဲ့အချက်ကို စိစစ်ရေးက အသိအမှတ်ပြုပုံမရပါ။ သတင်းကိုလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့် အဆင့်မရောက်မီ သတင်းကိုလွတ်လပ်စွာ မေးမြန်းရယူခွင့် မရှိသေးဘူးဆိုတာကို အထက်က အဖြစ်အပျက်က ညွန်ပြနေပါတယ်။

သူတို့အခြေခံဥပဒေရဲ့ အထက်က စာပေစိစစ်ရေးသြဇာ

အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ အတွက် ရေးသားဖေါ်ပြခွင့် နည်းနည်းရလာတယ်လို့ ထင်မှတ်နေစဉ်မှာ အခြားတဘက်မှာတော့ စိစစ်ရေးနဲ့ ဆက်သွယ်လုပ်ကိုင်ရာမှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပေါင်း များစွာကိုလည်း ပယ်ဖျက်ခြင်း မပြုသေးပါဘူး။

တပတ်စာတင်မယ့် စာမူကို ပထမမူ၊ ဒုတိယမူ ၂ မူခွဲပြီး တင်ပြရတာ၊ အတွင်း စာမျက်နှာ မှာဖေါ်ပြမယ့် သတင်းကို မျက်နှာဖုံးမှာ ဖေါ်ပြခွင့်မရှိတာ၊ မျက်နှာဖုံးမှာ ဖေါ်ပြမယ့် သတင်းတွေ ဖြုတ်ပယ်ခံရလို့ အတွင်းမှာ ခွင့်ပြုပြီးသား သတင်းနဲ့ အစားထိုးမယ်ဆိုရင်လည်း ထပ်မံတင်ပြရပြန်တာ၊ သတင်းဓါတ်ပုံ ဖေါ်ပြမယ်ဆိုရင် သတင်းနဲ့ အတူတွဲပြီးတင်ပြထားမှ ဖေါ်ပြခွင့်ရှိတဲ့ အချက်တွေဟာ သတင်းဂျာနယ်တွေ နေ့စဉ် လုပ်ကိုင်ရာမှာ အတားအဆီး နှောင့်နှေးမှုတွေ အများကြီးဖြစ်စေတယ်လို့ အယ်ဒီတာတွေက ဆိုပါတယ်။ မျက်နှာဖုံး သတင်းပြုတ်သွားလို့ အစားထိုးမယ့်နောက် သတင်းတပုဒ်ကို အချိန်မှီအောင် ပြန်တင်ပြရတာ၊ ပုံပြုတ်သွားလို့ စာချည်းပဲ တင်လိုက်ရတာ၊ စတဲ့ဒုက္ခတွေကို အပတ်စဉ်ထုတ်ဂျာနယ်တွေက ဖြေရှင်းနေရဆဲ အဖြစ်ကိုကြည့်ရင် စာပေစိစစ်ရေးရဲ့ ချုပ်ကိုင်ထားမှုတွေကို ဖြေလျော့မပေးသေးတဲ့ အချက်ကို ထင်ရှားစေပါတယ်။

စာမျက်နှာတွေမှာ အယ်ဒီတာတွေက စိတ်ကြိုက် နေရာချခွင့်၊ မျက်နှာဖုံးနဲ့ အတွင်း ဖေါ်ပြခွင့်တွေ အထိတင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အယ်ဒီတာတွေ ၊ သတင်းရေးသူတွေ နောက်ဆုံး စာဖတ်သူတွေ အထိ နစ်နာမှုကြုံတွေ့နေရပါတယ်။ အခုဖေါ်ပြခဲ့တဲ့ ချုပ်ကိုင်မှုတွေကိုပါ ဖြေလျော့ပေးမှသာ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်မယ်ဆိုတဲ့ သမ္မတသစ်ရဲ့ ပြောဆိုမှုကို ယုံကြည်နိုင်မှာပါ။ သမ္မတသစ် ဦးသိန်းစိန်က စတုထ္တမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာ ရဲ့ အရေးပါပုံကို သဘောပေါက်ကြောင်းနဲ့ ၀န်ကြီးဌာနတွေအနေနဲ့လည်း မီဒီယာက တဆင့်ပြည်သူတွေကို အသိပေးသင့်တယ်လို့ ပြောသွားပေမယ့် မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အခြေခံဥပဒေအရ ဘယ်လို အာမခံထားတယ် ဆိုတာမျိုးပြော မသွားခဲ့ပါဘူး။

ပုဂ္ဂလိကပိုင် သတင်းဂျာနယ်တွေ ထုတ်ဝေခွင့် လက်မှတ် လူတိုင်းလျှောက်ခွင့်မရှိတာလည်း မီဒီယာလွတ်လပ်ခွင့် မရှိသေးတဲ့အချက်ကို ပြဆိုနေပါတယ်။ အခုအချိန်ထိ သတင်းဂျာနယ် ထုတ်ဝေခွင့်ရဖို့ရာ နီးစပ်တဲ့ လုပ်ငန်းရှင်တွေသော်လည်းကောင်း၊ အငြိမ်းစား အစိုးရအရာရှိ အချို့သော်လည်းကောင်း ပြန်ကြားရေးဝန်ကြီးက ယုံကြည်စိတ်ချတဲ့ မီဒီယာသမားဖြစ်မှ သော်လည်းကောင်း ခွင့်ပြုတဲ့ အနေအထားမှာ ရှိပါတယ်။ ထုတ်ဝေခွင့် လျှောက်ထားသူတွေမှာ ဘယ်လို အချက်အလက်နဲ့ ညီညွှတ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိသလို လျှောက်ထားသူတိုင်း မရရှိနိုင်တာကြောင့် ထုတ်ဝေခွင့်ရပြီးသားသူတွေရဲ့ ကဒ်ကို အခပေးငှားရမ်းထုတ်ဝေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

မျက်နှာလိုက်တဲ့ စိစစ်ရေး

ပုဂ္ဂလိက သတင်းဂျာနယ်များအားလုံးအပေါ် စာပေစိစစ်ရေးက ပေးတဲ့ အခွင့်အရေးကလည်း တပြေးညီမဟုတ်ပါဘူး။ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဖေါ်ပြခွင့်ရမရဆိုတာ ဂျာနယ်အပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှု တခုခုကို တချို့ဂျာနယ်မှာဖေါ်ပြခွင့်ရပေမယ့် ဂျာနယ် အတော်များများ ဖေါ်ပြခွင့်မရတဲ့ အဖြစ်မျိုးလည်း မကြာခဏကြုံတွေ့ရတတ်ပါတယ်။

ဒီလိုအဖြစ်မျိုးကြုံလို့ စာပေစိစစ်ရေးကို အထောက်အထားပြပြီး စောဒက တက်ခွင့်မရှိပါဘူး။ ဘယ်ဂျာနယ်ကို ဘာမူဝါဒကြောင့် ခွင့်ပြုတယ်ဆိုတဲ့ အချက်ကို စိစစ်ရေးက ရှင်းပြပေးဖို့ တာဝန်မရှိပါဘူး။ စာပေစိစစ်ရေးရဲ့ ပင်ကိုယ် မူဝါဒကိုက ဘယ်လိုလုပ်ထုံးလုပ်နည်း၊ ဘယ်လိုသတင်းမျိုး၊ ဖေါ်ပြမှုမျိုးကို ခွင့်ပြု ခွင့်မပြု အများသိသာအောင် ထုတ်ပြန်ထားခြင်းမရှိလို့ပဲ ဖြစ်ပါတယ်။

ဆောင်းပါးတပုဒ်၊ သတင်းတပုဒ်ကို ငြင်းပယ်တဲ့အခါ ဆိုင်းငံ့ ဆိုတဲ့ အကြောင်းပြချက်၊ ခိုင်လုံတဲ့ အထောက်အထား တင်ပြရန်ဆိုတာမျိုးနဲ့ ငြင်းပယ်လေ့ရှိပါတယ်။ သတင်းရဲ့ သဘောသဘာဝအရ နောက်တပတ်ကြာသွားတဲ့အခါမှာ အရေးပါမှု စိတ်ဝင်စားမှုလျော့သွားမှာပါ။ တခါတရံ ဂျာနယ်တစောင်နဲ့ တစောင်အကြား အပြေးပြိုင်နေတဲ့ ခြေလှမ်းတွေကို စာပေစိစစ်ရေးက ဖြတ်ရိုက်တဲ့ အဖြစ်မျိုးကြုံကြရတယ်လို့ ပြည်တွင်းက ဂျာနယ်အယ်ဒီတာတွေ ပြောဆိုလေ့ရှိပါတယ်။

ယခုဖေါ်ပြခဲ့တာတွေ ကတော့ ပြည်တွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုရာမှာ အရေးပါနေဆဲဇတ်ကောင်ဖြစ်တဲ့ စာပေစိစစ်ရေးရဲ့ ကဏ္ဍတွေပါပဲ။ လွန်ခဲ့တဲ့သီတင်း ၂ ပတ်က True News သတင်းဂျာနယ်ကို ၂ပတ်နားစေခဲ့တဲ့ အဖြစ်က စာပေစိစစ်ရေး ရှိနေသေးတယ်။ ဂျာနယ်တွေအားလုံးကိုလည်း ချုပ်ကိုင်ထားနိုင်တယ်ဆိုတာကို မမေ့ဖို့ သတိပေးလိုက်တဲ့ ခရာသံဖြစ်လည်း ဖြစ်နေပါတယ်။

0 Comments to အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့်

Post a Comment