ဒီကေဘီအေ သတင်း

Wednesday, March 9, 2011 5:32 PM | Posted by Anonymous

ယနေ့ သတင်းများ (မတ်လ ၉ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၉ ရက် ၂၀၁၁ ခုနှစ်

သတင်း
နံနက် (၁၁ နာရီ ၂၈ မိနစ်) မြ၀တီမြို့နယ် ဝေါလေဒေသ တောင်နီတွင် နအဖ စစ်တပ် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၃) တပ်အခြေစိုက်ထားသည့် မင်္ဂလာစခန်းနှင့် တောင်နီ-သေ့ဘောဘိုးရွာကြား လမ်းလုံခြုံရေးယူနေသည့် ခမရ (၂၀၃) တပ်ခွဲ အခြေစိုက်နေရာစခန်းများကို ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီ အထိ ဒီကေဘီအေ၊ ကေအန်အယ်အေနှင့် ကျောင်းသားတပ်မတော် ပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ်မှ ဒုအရာခံဗိုလ်တယောက်အပါအ၀င် ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

Tuesday, March 8, 2011

ယနေ့ သတင်းများ (မတ်လ ၇ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၇ ရက် ၂၀၁၁ ခုနှစ်

သတင်း
နေ့လည် (၁၂ နာရီ ၃၈ မိနစ်)
မြဝတီမြို့နယ် ဝေါ်လေဒေသတွင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ မတ်လ ၆ ရက်နေ့က ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ ရိက္ခာသွားရောက် ပို့ဆောင်တဲ့ နအဖ စစ်တပ်ကားအား ကေအန်ယူ၊ ဒီကေဘီအေ တပ်ဖွဲ့ဝင်များက နေရာ ၂ နေရာတွင် ၂ ကြိမ်တိုင်တိုင် ချုံခို တိုက်ခိုက်ခဲ့တဲ့သောကြောင့် နအဖ စစ်တပ်ဘက်မှ ၆ဘီးကားတစီး ပျက်ဆီးသွားပြီး တပ်ကြပ်ကြီးတဦးအပါအ၀င် ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

နေ့လည် (၁၂ နာရီ ၃၀ မိနစ်) ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ တပ်ရိက္ခာပို့ ဆောင်ရန် ၆ဘီးကားတစ်စီးနှင့်အတူ သွားခဲ့ရာ ယမန်နေ့ ညနေ ၄နာရီခွဲခန့်အချိန်၌ ဖောမုဘောထာနေရာ သို့ ရောက်ရှိစဉ် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁တို့မှ ချုံခိုတိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း (၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။ (ကိုးကား - ကေအိုင်စီ)

နေ့လည် (၁၂ နာရီ ၂၀ မိနစ်) မတ်လ ၅ ရက်နေ့ ညပိုင်းက မြ၀တီ မြို့ပေါ် ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် မြို့သူ၊ မြို့သားများ ယနေ့တိုင် စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

Saturday, March 5, 2011

ယနေ့ သတင်းများ (မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်

နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် လက်မခံသော အပစ်ရပ်အဖွဲ့များရှိရာ ဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် နအဖ စစ်တပ်မှ စားနပ်ရိက္ခာ၊ ဘဏ္ဍာငွေ၊ သတင်းအရင်းမြစ်နှင့် တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်းတို့ကို ဖြတ်တောက်ရန်အတွက် သက်ဆိုင်ရာ စစ်ဌာနချုပ်များကို ညွန်ကြားမှုများ ပြုလုပ်ထားကြောင်း သိရှိရပါတယ်။

Wednesday, March 2, 2011

နအဖ စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တိုက်ပွဲသတင်းများ

ကေအန်ယူ တပ်မဟာ(၂) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နံက် (၁၀)နာရီအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)သည်
ကော်သေးဒဲရွာ၏ ကားလမ်းမပေါ်ကို သွားရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ရန်သူဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုကို မသိရသေးပါ။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိချေ။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ထန်းတပင်မြို့နယ်၊ (ကလောမီးဒဲ) စခန်းအခြေစိုက် ရန်သူ ခလရ(၁၀၂)မှ တပ်ရင်းမှူး မြင့်သန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရွာသား(၁၀) ယောက်ကို အတင်းအဓမ္မ ချောဆွဲပြီး ကလောမီးဒဲစခန်းမှ ကွယ်ဒေးစခန်းအထိ လမ်းတလျှောက် မိုင်းရှင်းခိုင်းခဲ့သည်။

ကေအန်ယူ တပ်မဟာ (၄) နယ်မြေ

ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်၊ မွန်းလွဲပိုင်း (၃)နာရီခန့် အချိန်တွင် KNU ပြောက်ကျား(၂) အဖွဲ့က ရန်သူ နအဖ တပ်ဖွဲ့နှင့် ယိုပယောတာ့ရွယ် ဒေသမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူဘက်မှ (၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၊ နံနက် ၁၀ နာရီအချိန်တွင် KNU က ရန်သူ ခလရ (၅၅၈)ကို ထီးဟေထ နေရာတွင် (၁၀)မိနစ်ကြာ သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ နအဖ ဘက်မှ (၂)ယောက်သေပြီး (၃)ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါသည်။

ကေအန်ယူ တပ်မဟာ(၅) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူ၏ တပ်မ (၁၀)လက်အောက်ခံတပ်များက နော်ပလားခို ဒေသမှာသွားရောက်စခန်းချရာတွင် တစ်ချို့တပ်ရင်းသည် သေးဒေရွာတွင် ခရီးတစ်ထောက်နားပြီး ညအချိန်တွင် တယ်ဘိုးဂွင်မှာရှိသော စော်ကဲ့ဒဲ၊ လယ်ကလားပယ်ဟို၊ ထီးမူးထ၊ ဟော့လယ်ထ၊ ပလာ လော့တယ်၊ တယ်နဲ၊ ထီးမီးတော် ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသူ ရွာသားများ ကြောက်လန့်ကာ အသက်အန္တရာယ်အတွက် ညအချိန်မှာပင် တောထဲသို့ ထွက်ပြေး တိမ်းရှောင်ကြရပါသည်။ ရွာသူ ရွာသားများသည် ဘာတစ်ခုမှ ယူဆောင်ရန် အချိန်မရလိုက်သဖြင့် တောထဲတွင် ကလေးသူငယ်များ ဒုက္ခအတိ ရောက်ခဲ့ရကြောင်းလည်း သိရပါသည်။

နောက်တစ်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်၊ နံနက် ၇ နာရီခန့်အချိန်တွင် ရန်သူ နအဖ တပ်များသည် ရွာထဲသို့ ၀င်ရောက်ပြီး အိမ်မွေးတိရိစ္ဆာန် ကြက်၊ ၀က်၊ ဘဲနှင့် ရှိသမျှကို ယူဆောင် စားသောက်ကြပြီး ရွာထဲရှိ စပါး ကျီများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရန်သူ နအဖ တပ်များသည် ထိုရွာများတွင် ခုချိန်ထိ စခန်းချ ထားကြောင်းလည်း သိရပါသည်။

ထိုနေ့မှာပင် ၁၂ နာရီ ၁၂ မိနစ်အချိန်တွင် KNU တပ်ရင်း (၁၀၂)၊ တပ်ခွဲ(၃)တပ်ဖွဲ့နှင့် ရန်သူ နအဖ တပ်ဖွဲ့တို့သည် လေးဖိုးထရွာ၏ အနောက်ဘက်ခြမ်းရှိ ချောင်းကလေး ကမ်းစပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူဘက်မှ (၁)ယောက်သေပြီး (၁)ယောက် ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ထိုနေ့မှာပင် KNU မှ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၅)အဖွဲ့နှင့် ၀င်းမောင်း ရွာမှ ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ပင်ဆိပ်နှင့် သရက်ပင်ဂွကြားရှိ မီးလေးချောင်းကမ်းနားတွင် ရန်သူနအဖတပ်ဖွဲ့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ (၁)ယောက်သေ၊ (၂)ယောက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ KNU တပ်ရင်း(၁၀၂)၊ တပ်ခွဲ (၁)မှ တပ်ဖွဲ့ဝင်များသည် မလေးချောင့်ရွာ၏ ကားလမ်းမပေါ်တွင် ရန်သူ နအဖ တပ်ကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ရန်သူဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။ ၄င်းတိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားရာတွင် KNUဘက်မှ ထိခိုက်သေကြေမှု မရှိကြောင်းလည်း သိရပါသည်။

ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ နအဖ တပ်မ (၁၁)အဖွဲ့နှင့် BGF တပ်ရင်း(၁၀၁၄)တို့ ပူးပေါင်းပြီး စခန်းအမိုး မိုးရန်အတွက် ဒေးမူရွာမှ အင်ဖက် အပြစ်(၄၀၀၀၀)၊ ကွီးနက်ရွာမှ အင်ဖက် အပြစ် (၄၀၀၀၀)၊ ထီးဂေးလိုရွာမှ (၄၀၀၀၀)၊ မယ်ညောရွာမှ ဖက် အပြစ်(၄၀၀၀၀)နှင့် လေးဖိုးဟောရွာမှ ဖက်အပြစ်(၂၀၀၀၀) တို့ကို အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့ပြင် မယ်မွဲကျေးရွာမှ ၀ါးပိုးအလုံး(၃၅၀)၊ ညတေလိုရွာမှ ငွေ (၄၆၀၀၀၀)ကျပ်နှင့် ၀ါးခလုကို့ရွာမှ (၂၆၀၀၀၀)ကျပ်ကို တောင်းခံခဲ့သည်။

နအဖ တပ်မ(၁၁) နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်၊ မဲပါရွာအနီး တ၀ိုက်တွင် မိုင်းများစွာ ထောင်ထားသောကြောင့် ရွာသူရွာသားများသည် တခြားဒေသများသို့ မသွားရောက်နိုင်ကြပဲ မိသားစု (၁၄)စုနှင့် ရွာသူ/သားပေါင်း (၈၄)ယောက်က ပိတ်မိနေကြောင်း သတင်းရရှိပါသည်။

ကေအန်ယူ တပ်မဟာ(၇) နယ်မြေ

ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူနအဖ ခလရ(၆၂)တပ်ဖွဲနှင့် KNU မှ ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာကလိုးနီတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖမှ (၃)ယောက်သေပြီး (၂)ယောက် ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်တွင်မူ နအဖ မှ ခလရ(၆၂)အဖွဲ့နှင့် KNU ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာ တရောတွင် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ နအဖ ဘက်မှ (၁)ယောက် ကျဆုံးသွားပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ၏ ထို ခလရ (၆၂)အဖွဲ့နှင့် KNU တပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားပြန်ရာ နအဖ မှ (၂)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Monday, February 28, 2011

ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားဘွယ်ရဲ့ လတ်တလော နိုင်ငံရေးအမြင် သဘောထားများ

နယ်ခြားစောင့်တပ်အပေါ် ဗိုလ်မှူးချုပ်စောလားဘွယ် သဘောထား

အမှန်တကယ်တော့ DKBA နဲ့ BGF က အတူတူဘဲ၊ သဘောတား တခုထဲဘဲ။ ဒီ နအဖ ရဲ့ သွေးခွဲတဲ့ မက်လုံးနဲ့ တဖက်က မိသားစု အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဖြစ်ရတာ။ BGF ဖြစ်သွားတဲ့ ကျနော်တို့ ရဲဘော်တွေ အပေါ်မှာ ကျနော်နားလည်တယ်။ ကျနော့် ရဲဘော်ရဲဘက်တွေလိုဘဲ သဘောထားပါတယ်။ အခြေအနေ တခုကြောင့်သာ သူတို့လုပ်ရတာ ဖြစ်ပါတယ်။ တချိန်မှာ ကျနော်တို့အားလုံး ပြန်လည် ပေါင်းစည်နိုင်ကြမှာပါ။

BGF လုပ်လိုက်ရင် ဘာဖြစ်မလဲ၊

ကျနော်တို့ တိုင်းရင်းသားတွေက နအဖ လုပ်ခိုင်းတဲ့ BGF လုပ်လိုက်ရင် ကျနော်တို့ရဲ့ တိုင်းရင်းသား လက်ခဏာတွေ ပျောက်ကုန်မယ်။ ကရင်ဆိုရင် ကရင့်အမျိုးသား လက္ခဏာ ပျောက်သွားမယ်။ ဥက္ကဌ ကြီးစောဘဦးကြီးမူ (၄) ချက်လည်း ပျောက်သွားမယ်။ အဲဒီလိုဘဲ မွန်၊ ကချင်၊ ရှမ်း သူတို့ လုပ်ရင် သူတို့ရဲ့ အမျိုးသားရေး လက္ခဏာ ပျောက်သွားမယ်။

နအဖ တပ်မှူးတပ်သားများအပေါ် သဘောထား

ဒီ နအဖ တပ်မှူး တပ်သားတွေအပေါ်မှာလည်း ကျနော်နားလည်တယ်။ မေတ္တာ ထားတယ်။ ကျနော့်ညီအကို မောင်နှမသားချင်းတွေလို သဘောထားတယ်။ အထက်က သူတို့ ခေါင်းဆောင်တွေခိုင်းလို့ လုပ်ရတာဆိုတာ ကျနော်သိတယ်။ ကျနော်တို့ မတိုက်ချင်ဘူး။ ကျနော်တို့ကို လာတိုက်လို့ ကျနော်တို့ ခုခံကာကွယ်နေရတာပါ။

နယ်စပ်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ

ကျနော်တို့ နယ်စပ်တလျှောက်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စည်းလုံး ညီညွတ်ရမယ်။ တဖွဲ့ကိုထိရင် ကျန်တဲ့အဖွဲ့တွေက ဒါ ငါနဲ့မဆိုင်ဘူး၊ ငါ့ကို လာတိုက်တာ မဟုတ်ဘူး၊ အဲ့ဒီလို နေလို့ မရဘူး။ တဖွဲ့ကိုထိတာနဲ့ ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဝိုင်းတိုက်ရမယ်။ ဒါမှ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီရမယ်။ ဥပမာပြောရရင် ကျွဲတကောင်ကို တယောက်ထဲ သယ်လို့ မရဘူး။ တပိုင်းစီ ခုတ်ထစ်ပြီး ဝိုင်းသယ်မှရမယ်။ အဲ့ဒီလိုဘဲ ဒီမိုကရေစီကို ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ၊ ကျနော်တို့ တိုင်းရင်းသားတဖွဲ့ထဲ လုပ်လို့မရဘူး။ တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းပြီး ဝိုင်းလုပ်ကြမှရမှာပါ။

0 Comments to ဒီကေဘီအေ သတင်း

Post a Comment