ဝါးခယ်မ သခင်သိန်းမောင် မွေးနေ့ဆွမ်းကျွေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Friday, February 4, 2011 2:59 AM | Posted by Anonymous
ဝါးခယ်မသခင်သိန်းမောင် မွေးနေ့ဆွမ်းကျွေးသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
တာရာဝေယံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၁
ဖေဖော်ဝါရီ ၂ ရက်နေ့၊ မနက် ၉ နာရီက ၁၂ နာရီအထိ ရန်ကုန်တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ဒို့ဗမာအစည်းအရုံးဝင်၊ ၀ါးခယ်မသခင်သိန်းမောင်ရဲ့ ၉၂ နှစ် မြောက် မွေးနေ့ပွဲကို ကျင်းပခဲ့ပါတယ်။




မွေးနေ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာဒဂုန်တာရာ၊ ဆရာ ပါရဂူ၊ သခင်ချန်ထွန်း အပါအ၀င် နိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ အများအပြား တက်ရောက်ခဲ့ကြပါတယ်။



ဆရာဒဂုန်တာရာက မွေးနေ့အမှတ်တရ စကားပြောကြားရာမှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလများနဲ့ နှိုင်းယှဉ်ပြီး သူရဲ့ ငြိမ်းချမ်းရေးအယူအဆကို ပြောကြားခဲ့ပါတယ်။ ဆရာပါရဂူက ၀ါးခယ်မသခင်သိန်းမောင်ရဲ့ ကူညီအားပေးမှုကြောင့် စာရေးဆရာဖြစ်လာခဲ့ရတဲ့ သမိုင်းကြောင်းကို အမှတ်တရ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ လူကြီးတွေ ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို အနာဂတ်အတွက် ပုံဖော်ရာမှာ လူငယ်မျိုးဆက်သစ်တွေဟာ တာဝန်ယူရမယ့်သူတွေ ဖြစ်တဲ့အတွက် လူကြီးတွေရဲ့ အတွေ့အကြုံတွေ၊ ရယူပေးခဲ့တဲ့ တန်ဘိုးတွေကို နားလည်တန်ဘိုးထားပြီး ဒီနေ့ခေတ်ကာလရဲ့ အခြေအနေများနဲ့ ပေါင်းစပ်လို့ အနာဂတ်ကို ကောင်းအောင် ဖန်တီးကြရမှာ ဖြစ်တယ် ဆိုတဲ့ အကြောင်း ရှုင်းလင်း ပြောကြားသွားခဲ့ပါတယ်။



မွေးနေ့ပွဲကို လာရောက်ကြတဲ့ နိုင်ငံရေးသမားများ၊ စာရေးဆရာများကို ဒေါ်အောင်ဆန်းစုကြည်က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။ မွေးနေ့ပွဲ တက်ရောက်လာသူများကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး တက်ရောက်သူများက သခင်သိန်းမောင် အသက် ၉ ၂ နှစ်မှသည် သက်တော်ရာကျော် ရှည်စေကြောင်း ၀ိုင်းဝန်း ဆုတောင်းပေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူတာဝန်ယူထားတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ ဓာတ်ပုံရင်ထိုးကို တပ်ဆင်ထားတာကို တွေ့ရပါတယ်။








0 Comments to ၀ါးခယ်မ သခင်သိန်းမောင် မွေးနေ့ဆွမ်းကျွေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Post a Comment