ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ပြန်လွတ်

Thursday, July 15, 2010 4:39 AM | Posted by Anonymous
ဧရာဝတီ Thursday, July 15, 2010

ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းခဲ့ဖူးသူ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသော ဦးဝင်းထိန်ကို စစ်အစိုးရက စစ်ကိုင်းတိုင်း ကသာ အကျဉ်းထောင်မှ ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း မိသားစုဝင်များနှင့် လူ့ အခွင့်အရေး လှုပ်ရှားနေသူများက ပြောသည်။

[ဦးဝင်းထိန်]

ဦးဝင်းထိန် “ကသာ ထောင်ကနေ လွတ်လာပြီလို့ သိရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ရှိ မိသားစုဝင်များက ထောင်မှ ပြန်လည် လွတ်မြောက် လာသော ဦးဝင်းထိန်သည် ၎င်း၏ အိမ်သို့ ယခု အချိန်အထိ ပြန်ရောက် မလာ သေးကြောင်း ပြောဆိုသည်။

ဗိုလ်ကြီး ဟောင်းလည်း ဖြစ်သော အသက် ၆၉ နှစ်အရွယ်ရှိ ဦးဝင်းထိန်သည် ၁၉၉၆ ခုနှစ်တွင် ပြည်ပ သတင်းမီဒီယာ သမားများကို သတင်း အမှားများ ပေးသည် ဟူသော စွဲဆိုချက်ဖြင့် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၀၁၀ ရွေးကောက်ပွဲ အတွက် နိုင်ငံတော် အကျိုးကို ထမ်းဆောင်နိုင်ရန်ဟု ဆိုကာ အကျဉ်းသား ၉၀၀၂ ဦးကို စစ်အစိုးရက လွှတ်ပေးရာတွင် ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။

ထိုစဉ်က ဦးဝင်းထိန် လွတ်မြောက်လာသော်လည်း ကသာမြို့ရှိ တည်းခိုခန်းတခု၌ တည်းခိုနေစဉ် အာဏာပိုင်များ၏ ထပ်မံ ဖမ်းဆီး ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးခြင်း၏ အကြောင်းအရင်းကိုမူ မသိရှိရပေ။

၁၉၈၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော လူထု အုံကြွမှုတွင် ဦးဝင်းထိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

၎င်းသည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင် ၅ နှစ်ကြာ စစ်မှုထမ်း ခဲ့ပြီးနောက် တပ်တွင်း၌ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုကာ တပ်မှ ထွက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။

0 Comments to ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ပြန်လွတ်

Post a Comment