တရုတ်မှ လက်နက်ဝယ်ယူရေး ဦးတေဇ ပွဲစားလုပ်

Thursday, June 24, 2010 5:44 PM | Posted by Anonymous

သောမတ်စ်မောင်ရွှေ | စနေနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၁၆ မိနစ်



ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရလေတပ်အတွက် ဘက်စုံသုံး ဂျက်ဗုံးကြဲလေယာဉ်အစီး ၅၀ ၀ယ်ယူနိုင်ရန် အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရင်းနှီးသော မဟာမိတ်တဦးဖြစ်သည့် မြန်မာနိုင်ငံမှ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးက ယခုလဆန်းပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပသော ကုန်စည်ပြပွဲတွင် ဦးတေဇ ကို ယခုလ ၇ ရက်နေ့က တွေ့ရှိခဲ့ပြီး၊ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ပူးတွဲထုတ်လုပ်သည့် ၂ ယောက်စီး K-8 Karakorum တာလတ်ဂျက်လေ့ကျင့်ရေးလေယာဉ်နှင့် အပေါ့စားတိုက်လေယဉ်များကို စစ်အစိုးရက ၀ယ်ယူနိုင်ရေးအတွက် ဖြစ်သည်။

လေယာဉ်များ၏ တန်ဖိုးကိုမူ အမျိုးမျိုးခန့်မှန်းပြောကြားနေကြသည်။ အလားတူ လေယာဉ် ၆ စင်း ၀ယ်ယူနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၇.၈ သန်း သုံးစွဲသွားမည်ဟု ဘိုလီးဗီးယားနိုင်ငံက လွန်ခဲ့သော အောက်တိုဘာလက ကြေညာခဲ့သည်။ ဂျိန်းကာကွယ်ရေး အပတ်စဉ်စာစောင်၏ ရေးသားချက်အရ အဆိုပါ ၀ယ်ယူမည့် သဘောတူညီချက်တွင် `အရံအင်ဂျင်နှစ်လုံး၊ KTS2000BW စမ်းသပ်ရေးယာဉ်၊ မာလ်တီမီဒီယာလေ့ကျင့်ရေးစနစ်၊ ကနဦးစက်အရံပစ္စည်းများ လေ့ကျင့်ရေးနှင့် ထိန်းသိမ်းရေးစက်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။

ထိုအချိန်ကတည်းကစ၍ ဗီနီဇွဲလားခေါင်းဆောင် ဟူဂိုးချာဗက် (Hugo Chavez) ကလည်း အဆိုပါ လေယာဉ် ၁၈ စီး ၀ယ်ယူရန် သူ့အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၈၂ သန်း သုံးစွဲသွားမည်ဟု ယခုလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ တောင်အမေရိကတိုက် မြောက်ဘက်ကမ်းခြေရှိ အဆိုပါနိုင်ငံ၏ လေတပ်တွင် အနည်းဆုံး လေယာဉ် အစီး ၂၀၀ ရှိသည်။

မြန်မာလေတပ်ကလည်း K-8 Karakorum အမျိုးအစားလေယာဉ် ၁၂ စီး ၀ယ်ယူခဲ့သည်။ လေတပ်နှင့် နီးစပ်သော သတင်းရပ်ကွက်များ၏ အပြောအရ မြန်မာအစိုးရသည် ရုရှားလုပ် MIG-29 နှင့် တရုတ်က ထုတ်လုပ်သော အလားတူ လေယာဉ် F-5 တို့ ကဲ့သို့သော မဟာဗျူဟာတိုက် လေယာဉ်တို့ထက် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များကို ပိုမိုရယူလိုနေကြောင်း ပြောကြားကြသည်။ အဆိုပါ တိုက်လေယာဉ်မျိုးဖြင့် စစ်အစိုးရအုပ်ချုပ်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေး ငြင်းဆန်နေဆဲဖြစ်သော အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။

လေယာဉ်များသည် ဟုန်တူး (Hongdu) လေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်းက ကြေညာခဲ့သည့် အရောင်းအ၀ယ်စာချုပ်တွင် ပဟေဋိဖြစ်နေသည်။

ကေ-၈ လေယာဉ်များကို ထုတ်လုပ်သည့် ဟုန်တူးလေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် နားလည်ရခက်သော ကြေညာချက်တွင် ကေ-၈ လေယာဉ်အစီး ၆၀ ကို `အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံတနိုင်ငံ´ သို့ ရောင်းချရန်စာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း ပါရှိသည်ဟု (ဂျိန်းထောက်လှမ်းရေး အုပ်စုပိုင်) ဂျိန်းကာကွယ်ရေး စက်မှုအုပ်စုက ကြေညာခဲ့သည်။

ဂျိန်းအုပ်စု၏ ရေးသားချက်အရ အဆိုပါ စာချုပ်ကို ဟုန်တူးကုမ္ပဏီ၊ လျှို့ဝှက်ထားသော အာရှနိုင်ငံတခုနှင့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ ပို့ကုန်သွင်းကုန် ကော်ပိုရေးရှင်းတို့အကြား ကျန်းရှီးပြည်နယ် နန်ချန်းမြို့ရှိ ဟုတ်တူးကုမ္ပဏီရုံးတွင် စက်တင်ဘာလ ၆ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံသည် မိမိတို့၏ လေယာဉ်များကို အဆင့်မြှင့်တင်ရေး ပြုလုပ်နေသည့် အီရန် သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်နိုင်သည်ဟု ဂျိန်းစာစောင်က ခန့်မှန်းသုံးသပ်သည်။ အဆိုပါ အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံမှာ မြန်မာနိုင်ငံလည်း ဖြစ်နိုင်သည်။ သို့သော် မဇ္ဈိမက ဤကိစ္စကို အတည်ပြုနိုင်ခြင်း မရှိပါ။

ဂျိန်းစာစောင်၏ အဆိုအရ ဟုန်တူးကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အဆိုပါစာချုပ်၌ အဆင့် ၃ ဆင့် ပါရှိသည်ဟု ဆိုသည်။ ပထမအဆင့်တွင် လေယာဉ် ၁၂ စီးကို တင်ပို့ရောင်းချမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ကေ-၈ နှင့် ဆက်စပ်သော နည်းပညာ၊ စက်ပစ္စည်းကိရိယာများကို ပေးအပ်ရေးဖြစ်သည်။ တတိယအဆင့်တွင် ၀ယ်ယူသူက ကျန်လေယာဉ် ၄၈ စီးကို မိမိနိုင်ငံတွင်ပင် လိုင်စင်ဖြင့် ထုတ်လုပ်နိုင်ရေး ဖြစ်သည်။

ဦးတေဇသည် သူ့လေကြောင်းလုပ်ငန်းဖြစ်သည့် အဲပုဂံတွင် အသုံးပြုရန် ခရီးတို ပြည်တွင်းခရီးစဉ်သုံး တာဘိုဂျက်အင်ဂျင် ၂ လုံးတပ် ATR-72 လေယာဉ်တစီးကို Chinese Southern Airline မှ ၀ယ်ယူရန် စုံစမ်းလေ့လာနေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံမှ အဲဘတ်စ် A-310 လေယာဉ် ၂ စီးကို သူဝယ်ယူခဲ့သေးသော်လည်း အသုံးပြုနိုင်ခြင်း မရှိဘဲ လုံခြုံရေးအရ စိတ်မချရသည့်အတွက် ရန်ကုန်မြို့တွင် ရပ်နားထားရသည်။

အမေရိကန်၊ ဥရောပနိုင်ငံများ၊ ကနေဒါ၊ သြစတြေလျနှင့် ဆွစ်ဇာလန်နိုင်ငံတို့က ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် တေဇအတွက် စီးပွားရေးလုပ်ကိုင်နိုင်သည့်နေရာ အနည်းငယ်တွင် တရုတ်နိုင်ငံလည်း တနေရာဖြစ်သည်။ အမေရိကန်အစိုးရက `လက်နက်ပွဲစားနှင့် ဘဏ္ဍာရေးလူယုံတော်´ အဖြစ် ရည်ညွှန်းဖော်ပြလေ့ရှိသည့် ဦးတေဇသည် အနောက်နိုင်ငံတခုက ပထမဆုံး ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံရသူ ဖြစ်သည်။

သူသည် အာဏာရှင်ကြီး ဦးသန်းရွှေနှင့် ဘဏ္ဍာရေးအဆက်အဆံများရှိပြီး အိမ်တွင်းပုန်း အာဏာရှင်ကြီး၏ သားသမီးများနှင့်လည်း အလားတူ အဆက်အဆံများ ရှိသည်ဟု စွပ်စွဲကိုးကားကာ ထိုသို့ နာမည်ပျက်စာရင်းသွင်း ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားလင့်ကစား ဦးတေဇသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်မျှရှိသော စီးပွားဥစ္စာများကို စုဆောင်းပိုင်ဆိုင်နေပြီဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

0 Comments to တရုတ်မှ လက်နက်ဝယ်ယူရေး ဦးတေဇ ပွဲစားလုပ်

Post a Comment