ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း

Tuesday, February 8, 2011 11:34 PM | Posted by Anonymous
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း
ဂါမဏိ

“ရန်သူမရှိ မိတ်ဆွေသာရှိ” “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” လို့ ဆရာဒဂုန်တာရာ စ ပြောတုန်းက မကျေလည်ခဲ့။ ဒီထက်ပို ရှင်းရှင်းပြောရရင် လုံးဝလက်မခံနိုင်ပါ။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ် မှာ၊ အကျဉ်းထောင်ထဲမှာ၊ တောထဲတောင်ထဲမှာ စစ်အာဏာရှင်တွေကို နှစ် (၃၀) ကျော် ရင်ဆိုင်တိုက်ပွဲဝင် လာသူ၊ ကိုယ့်မျက်စိရှေ့မှာ ရန်သူ့လက်ချက်မိတဲ့ ရွာသားအလောင်းတွေ၊ မုဆိုးမတွေ၊ မီးလောင် ရွာပျက်ငုတ် တိုတွေ၊ မုဒိမ်းကျင့်ခံ မိန်းကလေးတွေ မြင်ခဲ့ရသူအဖို့ ရန်သူနဲ့ လည်ပင်းဖက်ဖို့ ဘယ်လိုမှ စဉ်းစားမရနိုင်ခဲ့ပါ။

ဒါပေမယ့် သူငယ်ချင်းတယောက်ရဲ့ ဦးလေးဖြစ်သူ စိုင်းဗေဒါနဲ့ တွေ့တဲ့အခါ ကျနော့်သံသယတွေ ပျောက် ကွယ်သွားခဲ့ပါတယ်။ မိုညှင်း-မိုးကောင်းနယ်သား စိုင်းဗေဒါဟာ ဖက်ဆစ်တော်လှန်ရေးမှာ ဝင်းဂိတ်တပ်ထဲ ပါ ခဲ့ဖူးပေမယ့် နဂိုမူလဘဝကတော့ ဆင်သမားတယောက် ဖြစ်ခဲ့ပါတယ်။ သူ့အဖိုး လုံးရွှေဝါနဲ့ လုံးရွှေနီတို့လိုပဲ သူဟာ ဆင်ရိုင်းတွေကို ဖမ်းခဲ့၊ ဆင်ရိုင်းကို ဆင်ယဉ်ဖြစ်အောင် ကျင့်ခဲ့၊ ဆင်ယဉ်တွေကို ဦးစီးခိုင်းစေခဲ့တဲ့ ရှမ်းနီအမျိုးသားတယောက် ဖြစ်ပါတယ်။ လုံးရွှေဝါနဲ့ လုံးရွှေနီတို့ကတော့ သီပေါမင်းခေတ် ပဒေသရာဇ်တော် လှန်ရေး၊ အင်္ဂလိပ်ကိုလိုနီခေတ်ဦး တော်လှန်ရေးတွေမှာ ပါခဲ့ဖူးပါတယ်။

စိုင်းဗေဒါနဲ့ လုံးရွှေဝါ-လုံးရွှေနီတို့ရဲ့ ဆင်ဖမ်းအတွေ့အကြုံ၊ ဆင်ကျင့် ဆင်ခိုင်းအတွေ့အကြုံတွေနဲ့ တော်လှန် ရေးအတွေ့အကြုံတွေ ဆက်စပ်နှိုင်းယှဉ်ပြတာတွေ ကြားရတဲ့အခါမှာတော့ ဆရာဒဂုန်တာရာရဲ့ စကားကို ကျ နော် ကောင်းကောင်းကြီး သဘောပေါက် လက်ခံသွားခဲ့ပါတယ်။

တကယ်တော့ တောဆင်ရိုင်းတွေဟာ ရင်ဆိုင်တိုးမိတဲ့ လူသားတွေအတွက် ရန်သူပါပဲ။ ဆင်နဲ့လူ လုံးဝ စည်း ခြား နယ်မြေကန့်သတ်နေလို့ မရနိုင်တဲ့အတွက် လူတွေအပေါ် အန္တရာယ်အမြဲရှိနေပါတယ်။ သိပ်မကြာခင် လေးကပဲ အင်းတကော်မြို့ထဲမှာ အသက် (၈၀) ကျော် သီလရှင်ဆရာကြီးတပါးကို တောဆင်ရိုင်းတွေ နင်း သတ်ခဲ့တဲ့သတင်း ကြားခဲ့ရပါသေးတယ်။ ပေါင်းလောင်းဒေသမှာ စစ်ကြောင်းလှုပ်ရှားနေတုန်း တောဆင်နဲ့ ရင်ဆိုင်တိုးမိခဲ့လို့ ဒိုက်ဦးနယ်သား ဗကပရဲဘော် ကိုအောင် ပေါင်မှာ အစွယ်တချောင်း ထုတ်ချင်းပေါက် ဖောက်ဝင်သွားပြီး ဆင်ခေါင်းပေါ်မှာ အရပ် (၆) ပေကျော် ဂလန်ဂလားလူကြီး ဆင်စွယ်စိုက်လျက်တန်းလန်း နဲ့ ပါသွားခဲ့တာ (မာနယ်ပလောအထိတောင်) ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီဆင်ကိုတော့ ဝ ရဲဘော် တွေက ဝိုင်းပစ်သတ်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီလို ဆိုးသွမ်းရိုင်းစိုင်းလှပြီး အင်အားအရွယ်အစား ကြီးမားလှတဲ့ ရန်သူဆင်တွေကို လူအကျိုးပြုတဲ့ မိတ်ဆွေအိမ်ဆင်ဖြစ်အောင် ဖမ်းဆီးလေ့ကျင့်ပေးတဲ့ဖြစ်စဉ်ဟာ တကယ်တော့ ဆရာဒဂုန်တာရာပြောတဲ့ “ရန် သူကိုမိတ်ဆွေ ဖြစ်အောင်လုပ်ခြင်း” ဖြစ်စဉ်ပဲဖြစ်ပါတယ်။ စိုင်းဗေဒါ-လုံးရွှေဝါတို့ရဲ့ မိတ်ဆက်ပေးချက်တွေ ဟာ ခေါင်းစဉ်အရတင်မကဘဲ အစိတ်အပိုင်းလိုက်လည်း အင်မတန် စိတ်ဝင်စား မှတ်သားစရာကောင်းလှပါ တယ်။ ဒီဖြစ်စဉ်ကြီးတခုလုံးဟာ နိုင်ငံရေးစကားနဲ့ပြောရရင် အကြမ်းဖက်တိုက်ပွဲနည်းနာရော၊ အကြမ်းမဖက် တိုက်ပွဲနည်းနာပါ ပေါင်းစပ်ပါဝင်နေပြီး နှစ်မျိုးစလုံးကို သူ့အပိုင်းနဲ့သူ လှလှပပ အကွက်စေ့စေ့ ဆက်စပ်ကျင့် သုံးသွားတာလို့ စိုင်းဗေဒါတို့က တော်လှန်ရေးသဘောတရားတွေနဲ့ ချိန်ထိုးပြောပြခဲ့ပါတယ်။

ပထမဆုံး ဆင်ရိုင်းဖမ်းတဲ့အဆင့်မှာ အရင်ခေတ်ကလို အုပ်လိုက် ကျုံးသွင်းဖမ်းတာဖြစ်စေ၊ တကောင်ချင်း ကြိုးကွင်းပစ် (မီလာရှီကာနည်း) သို့မဟုတ် ကျင်းထောင်ဖမ်းတာဖြစ်စေ၊ အခုခေတ် မေ့ဆေးသေနတ်နဲ့ ပစ် ဖမ်းတာဖြစ်စေ အကြမ်းနည်းသုံးပြီး ဇွတ်အတင်းဖမ်းတာနဲ့ စခဲ့ရပါတယ် (အိမ်မှာ ခိုင်းဖို့ အသာတကြည် ခေါ် မရလို့ အတင်းဆွဲခေါ်ရတာ အကြမ်းဖက်တာပဲ မဟုတ်ပါလား)။ ဒီနေရာမှာ အိမ်ဆင်အယဉ်ကို စီးပြီး လုပ်ရ တာဖြစ်လို့ ရန်သူထဲက သူ့လူ ကိုယ့်ဘက်သားရှိထားဖို့ အရေးကြီးတာကိုလည်း တွေ့ရပါတယ်။ ဘေးက ဆင် ရိုင်းတွေရဲ့တိုက်ခိုက်မှု၊ ကျုံးထဲဝင်ခါနီး ဆင်ရိုင်းတွေရဲ့ ပြန်လှန်ရုန်းကန် ဖောက်ထွက်တိုက်ခိုက်မှုကို အကြမ်း ဖက်နှိမ်နင်းရတာ၊ ဗျောက်အိုး မီးအိုးတွေ ဖောက်၊ တူမီးသေနတ်တွေ ဖောက်၊ ဗုံတွေ မောင်းတွေ လင်းကွင်း တွေ ကျယ်ကျယ်လောင်လောင် တီးပြီး ပစ်ခတ်ခြောက်လှန့်ရတာတွေနဲ့လည်း ကြမ်းရပါတယ်။ ကျုံးမှန်း မသိ အောင်၊ ကျင်းမှန်း မသိအောင်၊ ကြိုးကွင်းပစ်ဖမ်းမယ့်လူနဲ့ ဆင်ယဉ် မတွေ့အောင် ဖုံးကွယ်ဖို့လည်း အရေးကြီး ပါတယ်။

ဒီလို အကြမ်းနည်းနဲ့ ဖမ်းထားတဲ့ ဆင်ရိုင်းကို (၂) ရက် (၃) ရက်လောက် အစာငတ် ရေငတ်ထားပြီး မာန်စ ချိုးရပါတယ်။ ဒီနောက်မှ တကောင်ချင်းကို ပုခက် သို့မဟုတ် ညှပ်ထဲ သွင်းရပါတယ်။ အဲဒါကတော့ တကိုယ် လုံး ခြေ လက် ခေါင်း လုံးဝမလှုပ်နိုင်အောင် သစ်လုံးအချုပ်ခန်းကျဉ်းကျဉ်းလေးထဲ ထည့်ထားတာ ဒါမှမဟုတ် ကြိုးအထပ်ထပ်တုတ် ထူးခတ်ထားတာဖြစ်ပါတယ်။ ဒါဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးတိုက်ပွဲ လူထု တိုက်ပွဲသဘောဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှုသဘောလည်း ဖြစ်ပါတယ်။ တချို့ကလည်း ဆင်ရိုင်းကို တုံးလုံးလှဲ တံကောက်ကွေး သားရေကို လှီးပြီး တစောင်းလက်ပပ် နို့ရည်ညှစ်ထည့်တဲ့နည်းနဲ့ အနာဖြစ်အောင်လုပ်ပြီးမှ ထူးခတ်ပါတယ်။ အဲဒီအခါမှာ ထူးကြိုးက တအားရုန်းရင် အနာကို သွားထိလို့ ဆင် အရမ်းနာကျင်စေတဲ့နည်း နဲ့ ဆင်ကို ငြိမ်အောင် အကြမ်းဖက်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အစာကို နည်းနည်းချင်း (ငှက်ပျောသီး တလုံးချင်း၊ ကြံ တဆစ်ချင်း၊ စပါး တခွက်ချင်း) ပြန် ကျွေးပြီး မနက်စောစောနဲ့ ညနေစောင်းမှာ ဆင်တကိုယ်လုံး၊ လက် ခြေ ပေါင် ရင်ဘတ် ဗိုက် တင် လိင်အင်္ဂါ အမြီး နားရွက် ခေါင်း ကျော မေးစေ့ မျက်နှာ ဦးကင်း စသဖြင့် နေရာလပ်မကျန်အောင် လူ ၄-၅ ယောက်က လက်နဲ့ ပွတ်သပ်ပေးကြပါတယ်။ လက်နဲ့ ပွတ်ရင်း ပါးစပ်ကလည်း ချိုသာနူးညံ့တဲ့သီချင်းတွေ သံပြိုင်ဆိုပေး အော်ပေးနေရပါတယ်။ ဒီအဆင့်ကတော့ အကြမ်းမဖက် တိုက်ပွဲနည်းနာတွေထဲက အာဏာဖီဆန်ရေးတိုက်ပွဲ နဲ့ ပြန်လည်သင့်မြတ်ရေး ပေါင်းစပ်ထားတဲ့သဘော၊ စေ့စပ်ဆွေးနွေးရေး (ဒိုင်ယာလော့) သဘောလို့လည်း ပြောလို့ရမယ် ထင်ပါတယ်။ ဘေးမှာလည်း အိမ်ဆင်တွေကို ကင်းစောင့်ချထားပြီး ဆင်ရိုင်းက ကလန်ကဆန် လုပ်ရင် အိမ်ဆင်တွေက နှာမောင်းနဲ့ ရိုက်တာမျိုး၊ လူတွေကလည်း ချွန်းနဲ့ ပေါက် လှံနဲ့ထိုးပြီး ဟိန်းဟောက် ငေါက်ငန်းတာမျိုး အကြမ်းဖက်မှု တွဲရပါတယ်။ ကောင်းကောင်းမွန်မွန်နေရင်တော့ ထန်းလျက် (ထညက်) ခဲ တခဲ ကျွေးတာ၊ ငှက်ပျောသီးတလုံး ကျွေးတာ လုပ်ပါတယ်။

အစာနည်းနည်း ပြန်စားလာပြီးနောက် တချိန်တည်းမှာ ဒီဆင်ရိုင်းကြီးတွေကို ဘိန်းနည်းနည်း ကျွေးပါတယ်။ တချို့က ဘိန်းစွဲသွားစေတဲ့နည်းနဲ့ လူကို နာခံအောင်လုပ်တာဖြစ်ပြီး တချို့ကတော့ စိတ်ရိုင်းစိတ်မိုက်တွေ ငြိမ်ဝပ်သွားအောင် ရည်ရွယ်တာဖြစ်ပါတယ်။ ဆင်က အားနည်းသွားတဲ့အတွက် နှိုင်းယှဉ်ချက်အားဖြင့် လူက အားကြီးသွားတာဟာ ကိုယ့်အင်အားကြီးထွားအောင်လုပ်ဖို့ ရည်ရွယ်တဲ့ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့ civil society/NGO တည်ထောင် လူစုတဲ့ အကြမ်းမဖက်တိုက်ပွဲ ပုံစံတမျိုးဖြစ်ပါတယ်။

ဆင်က ငြိမ်လာတဲ့အခါ ကြိုးလျှော့ပေးတာ ဖြေးဖြေးချင်း လုပ်ပေးပါတယ်။ ညှပ်ထဲမှာ စုစုပေါင်း အချိန် (၁၀) ရက် (၁၅) ရက် ထားပါတယ်။ ဒီလိုထားရင်း လူက တက်စီးတာကို စမ်းလုပ်ပါတယ်။ ဒါက လူကို စက်သီးနဲ့ ဆွဲပြီး ဆင်ကျောပေါ် ချပေးတာ ဖြစ်ပါတယ်။ ဆင်က ခေါင်းကိုခါပြီး နှာမောင်းနဲ့ လှမ်းဆွဲချတာကို ဘေးက အိမ်ဆင်တွေက နှာမောင်းနဲ့ ထိန်းချုပ်ရိုက်နှက်တာ၊ ဘေးကလူက လှံနဲ့ ထိုးတာလုပ်ပြီး တက်စီးတဲ့လူကို လည်း အမြန်ပြန်မထုတ်ရပါတယ်။ ဒီလိုနဲ့ ဆင်ကျောပေါ် လူခွစီးနိုင်တဲ့အချိန် တဖြည်းဖြည်းများလာအောင် ကျင့်သွားရပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုနဲ့ အကြမ်းမဖက်မှု ပေါင်းစပ်ရပါတယ်။

လှံနဲ့ထိုး ချွန်းနဲ့ပေါက်လို့ ဆင်မှာ အနာဖြစ်လာတာကို ကြက်သားနုပ်နုပ်စင်းပြီး ဆေးမြစ်တွေနဲ့ရော အနာမှာ သိပ်ပေးတာကတော့ ပြန်လည်ရင်ကြားစေ့ရေးသဘော ဆောင်ပါတယ်။

တကိုယ်လုံး လက်နဲ့ ပွတ်သပ် စကားချိုချိုသာသာပြော ဘိန်းကျွေးတာက တဖက်၊ အစာငတ် ရေငတ်ထား လှုပ်မရအောင် ချုပ်တာက တဖုံ၊ လှံနဲ့ထိုး ချွန်းနဲ့ပေါက် ငေါက်ငမ်းတာကတနည်း ရက် (၂၀) လောက် သူ့ အကန့်နဲ့သူ လုပ်လိုက်တဲ့အခါမှာတော့ ဧရာမ ရန်သူဆင်ရိုင်းကြီးဟာ လူခိုင်းလို့ရတဲ့ မိတ်ဆွေဆင်ယဉ် ဖြစ် သွားပါပြီ။ ဆရာဒဂုန်တာရာ ပြောသလို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လိုက်နိုင်ပါပြီ။

နောက်တချက် စိုင်းဗေဒါတို့ ပြောတာက ဆင်ရိုင်းအမည်းဖြစ်ဖြစ် ဆင်ရိုင်းဆင်ဖြူတော်ဖြစ်ဖြစ် ဒီနည်းတွေနဲ့ပဲ ကိုင်ရတာဖြစ်တယ်တဲ့၊ ဆိုလိုတာက ၂၀၁၀ ရှေ့ပိုင်း နဝတ-နအဖ စစ်အစိုးရဖြစ်ဖြစ်၊ ၂၀၁၀ နောက်ပိုင်း လွှတ်တော်ထွက် စစ်အစိုးရဖြစ်ဖြစ် ဒီနည်းတွေနဲ့ပဲ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဆင် မည်းဖြစ်စေ ဆင်ဖြူဖြစ်စေ ဆင်ရိုင်းတွေဟာ ရန်သူတွေပါပဲ။

ရန်သူဆင်ရိုင်းတွေ ဖမ်းနေ ကျင့်နေတုံးမှာ ကိုယ့်ဘက်က ဆင်သမားတွေ အသက်ဆုံးတာလည်း ရှိတတ်ပါ တယ်။ ကိုယ့်ဘက်က နဂိုရှိထားတဲ့ ဆင်ယဉ် တောဝင်ပြီး ဆင်ရိုင်းတွေနောက် ပါသွားတာလည်း ရှိတတ်ပါ တယ်။ ကျုံးဆောက်ရင် သစ်ဖိုး ဝါးဖိုး အုန်းဆံကြိုးဖိုး လုပ်အားခ ... စတာတွေ အင်မတန် အကုန်အကျများ ပေမယ့် ကျုံးသွင်းဖမ်းတာဟာ ကြိုးကွင်းပစ်ဖမ်း ကျင်းထောင်ဖမ်းတာတွေထက်လည်း ဆင်ပိုရလို့ အရင်းကြေ အမြတ်ပိုထွက်ပါတယ်။ ငွေကြေး ရုပ်ဝတ္ထုပစ္စည်းနဲ့ အချိန် ရင်းရတာတင်မက အသက်သွေးချွေး အရင်းအနှီး တွေကိုလည်း ရှောင်လို့မရပါဘူး။

ဒါပေမယ့် ရှိသမျှ ဆင်ရိုင်းတကောင်မကျန် ဒီနည်းနဲ့ မိတ်ဆွေ ဆင်ယဉ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ကျင့်လို့မ ရ ထိန်းလို့မနိုင်ဖြစ်လို့ သတ်ပစ်လိုက်ရတာလည်း ရှိတတ်ပါတယ်။ တချို့ အင်မတန် ခေါင်းမာတဲ့ ဆင်ရိုင်း တွေလည်း ရုန်းရင်းကန်ရင်း ဒဏ်ရာရ သေသွားတာတွေ ရှိပါတယ်။ (ကိုယ့်ကိုရန်မူတဲ့ ရန်သူကို ဘယ်လိုမှ မ လွှဲမရှောင်သာလို့ သတ်ပစ်လိုက်ရတာ၊ သူ့ဖာသာသူ ခေါင်းမာလွန်းလို့ ကျုံးနံရံ ခေါင်းနဲ့တိုက်သေသွားတာ၊ ရုန်းရင်းကန်ရင်း လက်ကျိုးခြေကျိုးပြီး သေသွားတာ၊ အစာမစားဘဲ သေသွားတာ ဖြစ်တော့လည်း “ရန်သူမရှိ မိတ်ဆွေသာရှိ” ဖြစ်သွားတဲ့အထဲ အကျုံးဝင်သွားပါတယ်)

ဗုဒ္ဓဝင်မှာ ကြည့်ရင် နာဠာဂီရိဆင်၊ အာဠာဝကဘီလူး၊ အင်္ဂုလိမာလလူဆိုးတို့ကို မြတ်စွာဘုရားက မေတ္တာပို့ပြီး အောင်နိုင်ခဲ့ပေမယ့် မာရ်နတ်၊ ဒေဝဒတ်၊ နန္ဒောပနန္ဒနဂါး၊ စိဉ္စမာဏ အမျိုးသမီးတို့ကိုတော့ မေတ္တာပို့ ပြောင်း လဲပစ်လို့ မရခဲ့တာ တွေ့ရပါတယ်။ ဒေဝဒတ်နဲ့ စိဉ္စမာဏဆိုရင် အကြမ်းနည်းနဲ့ မြေမျိုပစ်ခဲ့ရပါတယ်။ အောင် ခြင်း (၈) ပါးမှာ (၅) ပါးပဲ အနုနည်းနဲ့ အောင်မြင်တာ ဖြစ်ပါတယ်။ (ဘုရားရှင်ကိုယ်တိုင် အကြမ်းဖက်တာ မ ဟုတ်ပေမယ့် အမြင်မတော်သူတွေက ‘ကြည့်ကြက်လုပ်’ ပစ်လိုက်တာဖြစ်ပါတယ်) တန်ဖိုးစံတွေကိုသာ ဟော ပြောတဲ့နည်းနဲ့ လိုသလို ပြောင်းလဲဖန်တီးယူလို့ရရင် လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကတည်းက ကမ္ဘာပေါ်က လူအား လုံး မဂ်ဖိုလ်ရပြီး ကျွတ်တန်းဝင်ကုန်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်က ဒီလို မမျှော်မှန်း နိုင်ခဲ့တဲ့အတွက် ဂင်္ဂါဝါဠု သဲစုမက ဗုဒ္ဓတွေ ပွင့်ခဲ့ကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဆင်သမားတွေ အဓိကပေးတဲ့ မက်ဆေ့ခ်ျကတော့ အကြမ်းနည်းတမျိုးတည်း သို့မဟုတ် အနု နည်းတမျိုးတည်းကိုပဲ ပုံသေကားကျ တရားသေကျင့်သုံးတာမျိုး ရှောင်ပြီး နှစ်မျိုးစလုံးကို ကျွမ်းကျွမ်းကျင် ကျင်နဲ့ အကွက်ကျကျ ပေါင်းစပ်ကျင့်သုံးဖို့၊ ရတဲ့အချိန်ကို အကျိုးအရှိဆုံးအသုံးချဖို့၊ ရလာတဲ့ အခွင့်ကောင်း ကို အစွမ်းကုန် အသုံးချဖို့ ဖြစ်ပါတယ်တဲ့။

ကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့ တော်လှန်ရေးအားလုံးကိုကြည့်ရင် အကြမ်းနည်းတမျိုးတည်းနဲ့ အောင်ပွဲရတာ မရှိခဲ့သ လို ရာနှုန်းပြည့် အနုနည်းသက်သက်နဲ့ အောင်ပွဲရတာလည်း မရှိခဲ့ပါဘူး။ (တခါက မြန်မာ့သတင်းသမဂ္ဂ ညီ လာခံတခုမှာ မီဒီယာရဲ့ဘက်မလိုက်ရေးမူကို ဆွေးနွေးရင်း ထိုင်းသတင်းထောက်မ ယင်ဒီးက ထိုင်းနိုင်ငံမှာ လုံးဝ ဘက်မလိုက်တဲ့ သတင်းစာတစောင်မှ မရှိဘူးလို့ ဝန်ခံခဲ့သလိုပဲ လုံးဝ အကြမ်းမဖက်တဲ့ တော်လှန်ရေး ဆိုတာဟာလည်း စိတ်ကူးယဉ် ကမ္ဘာထဲမှာသာရှိပြီး လက်တွေ့ကမ္ဘာမှာ မရှိသေးပါဘူး၊ ဘယ်တော့မှလည်း ရှိ မှာမဟုတ်ပါဘူး) အကြမ်းဖက် တော်လှန်ရေးလို့ ဗြောင်ပြောတဲ့ ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ ကျူးဘား ကွန်မြူ နစ်တော်လှန်ရေးတွေမှာလည်း မြို့ပေါ်ကျောင်းသား ဆန္ဒပြပွဲတွေ၊ အလုပ်သမားသပိတ်တွေ၊ စေ့စပ်ဆွေးနွေး ပွဲတွေ ပါခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့ နိုင်ငံရေးသိပ္ပံမှာတော့ အကြမ်းဖက်မှုဆိုတာ သေနတ်နဲ့ ပစ်၊ ဗုံးနဲ့ ခွဲတာတွေကိုပဲ အဓိကရည်ညွှန်း တာဖြစ်နေပြီး “ငြိမ်းချမ်းစွာ” ဆန္ဒပြပွဲအတွင်း ရိုက်တာနှက်တာ ခဲနဲ့ ထုတာ မီးရှို့်ဖျက်ဆီးတာတွေကို အကြမ်း ဖက်မှုအဖြစ် စာရင်းမသွင်းကြတော့ပါဘူး။

ဂန္ဒီခေတ်ကပဲဖြစ်ဖြစ်၊ မာတင်လူသာကင်းခေတ်ကပဲဖြစ်ဖြစ်၊ အခုနောက်ဆုံး ယူကရိန်း၊ ဂျော်ဂျီယာ ရောင်စုံ တော်လှန်ရေးတွေပဲဖြစ်ဖြစ် အကြမ်းဖက်မှု တွဲဖက်ခဲ့တာ လုံးဝ မရှိဘူးလို့ ဘယ်သူ အာမခံပြောရဲပါသလဲ။ ဂန္ဓီ ခေတ်မှာ ဆူဘတ်စ်ချန်ဒရာဘို့စ် ရှိခဲ့သလို မာတင်လူသာကင်းခေတ်မှာ ကျားသစ်နက် Black Panther ရှိခဲ့ပါ တယ်။ ယူကရိန်း၊ ဂျော်ဂျီယာတို့မှာလည်း အနည်းဆုံးတော့ ခဲနဲ့ ထုတာ၊ ကားမီးရှို့တာလောက်တော့ ပါတာ ချည်းပါပဲ။ အဲဒါတွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ရင် အင်မတန် အသိဉာဏ်နုံ့နည်းရာကျပါလိမ့်မယ်။ ၁၉၈၉ အ ကျယ်ချုပ်မကျခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြမ်းဖက် လက်နက်ကိုင်တော်လှန်ရေးရဲ့ အ ခန်းကဏ္ဍကို မငြင်းပယ်ခဲ့ပါဘူး (အဲဒီတချိန်တည်းမှာ စမူဆာ အောင်ကြီးကတော့ လက်နက်ကိုင်တော်လှန် ရေး မှားကြောင်း၊ ကျောင်းသားတွေ တောခိုတာ မှားကြောင်း ပြောခဲ့ပါတယ်)။

တနိုင်ငံလုံးနဲ့ချီပြီး ရန်သူဆင်ရိုင်းတွေကို မိတ်ဆွေဆင်ယဉ်ဖြစ်အောင်လုပ်မယ့် ဆင်ဖမ်းအဖွဲ့သားတွေ၊ အထူး သဖြင့် ဆင်ဖမ်းခေါင်းဆောင်တွေအနေနဲ့ ဆင်ရိုင်းတွေ အများဆုံး ဖမ်းနိုင်ဖို့နဲ့ ဆင်ယဉ်ဖြစ်အောင် ကျင့်နိုင်ဖို့ ဆိုရင် အထက်မှာ ပြောခဲ့တဲ့ အတတ်ပညာတွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချ ခိုင်းစေနိုင်မှ ပြည် သူလူထုတွေကို နှိပ်စက်နေတဲ့ ဆင်ဆိုးအန္တရာယ် ဖယ်ရှားရေးတာဝန်ကို ကျေပွန်နိုင်မှာ ဖြစ်ပါတယ်။ ဆင်သ မား နိုင်ငံရေးဆရာတွေအနေနဲ့ ဆင်ယဉ်တွေ အမြန်ဆုံး ထုတ်လုပ်နိုင်ဖို့အတွက် မြန်မာပြည်တော်လှန်ရေးမှာ လွှမ်းမိုးကြီးစိုးနေတဲ့ တကြောင်းထိုး၊ တလမ်းသွား၊ သူငယ်နာအတွေးအခေါ်တွေ အမြန်ဖယ်ရှားနိုင်ကြပါစေ။

ဂါမဏိ

0 Comments to ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း

Post a Comment