သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

Thursday, September 30, 2010 2:53 PM | Posted by Anonymous

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

မြတ်ခိုင်ဦး / ၃၀ စက်တင်ဘာ ၂၀၁၀

(ခေတ်ပြိုင်)

သွေးကြောများပေါ်နေသော သူရဦးတင်ဦး၏ ဘယ်ဘက်မျက်စိအား ယနေ့နေ့လယ် စင်ကာပူစံတော်ချိန် (၃) နာရီတွင် Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း သိရသည်။

ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသော သူရဦးတင်ဦး၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ သားဖြစ်သူ ဦးသန့်စင်ဦးက “ဟုတ်ကဲ့အခုပဲ ပြီးတာပါ၊ ကျန်းကျန်းမာမာပါပဲ။ ထွက်လာတော့ မေးပါတယ်၊ ဘယ်လောက်ကြာသွားလဲပေါ့။ ဒီလောက်ပါပဲ” ဟု ဆိုသည်။

ဦးတင်ဦးသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စင်ကာပူတွင် (၄-၅) ရက်ခန့် ကြာဦးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့အတွက် လိုအပ်သော ခွဲစိတ်ကုသမှုများပြုလုပ်ရန် အင်္ဂါနေ့က စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဦးတင်ဦးနှင့်အတူ ဇနီးသည် ဒေါက်တာဒေါ်တင်မိုးဝေလည်း လိုက်ပါလာပြီး ဂျပန်နိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) မှ သားဖြစ်သူ ဦးသန့်စင်ဦးနှင့် ဇနီးလည်း စင်ကာပူသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ သားအဖ (၂) ဦး ကွဲကွာနေရသည်မှာ (၁၈) နှစ်ရှိပြီဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောဆေးစစ်မှုများ ခံယူပြီးနောက် ယနေ့ ခွဲစိတ်ကုသမှု ခံယူခြင်းဖြစ်သည်။

ဆေးရုံတွင် ခွဲစိတ်ကုသရေးအတွက် လိုအပ်သောအကူအညီများ ပေးနေသည့် ဒေသခံတဦးဖြစ်သူ ကိုခင်အောင်က “အခုဆေးရုံမှာ ခွဲစိတ်တာ မျက်စိအထူးကုဆရာဝန်တွေက ခွဲစိတ်ပေးနေတာပါ။ ဒီဆေးရုံကလည်း တော်တော်လေးကို ဂရုစိုက်ပါတယ်။ VIP လိုမျိုးပါပဲ” ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံမှ ဆရာဝန်ဆရာမများလည်း လိုက်ပါလာကြသည်ဟု သိရသည်။

ဦးတင်ဦး၏ ကျန်ရှိသော တိမ်စွဲနေသည့် ညာဘက်မျက်စိကိုမူ နောင်နှစ်မှသာ ခွဲစိတ်ကုသမှု ခံယူမည်ဟု သိရသည်။

သူရဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအဖြစ် တပ်မတော်သားများ၏ ချစ်ခင်လေးစားမှုကို ခံယူရသော တပ်ချုပ်တဦးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုမှုမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့ကာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်နေသူတဦး ဖြစ်သည်။

0 Comments to သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

Post a Comment