ရှင်သန်နေတဲ့ စိတ်ဓါတ် (ကဗျာဆရာကြီး ဦးတင်မိုး)

Monday, July 19, 2010 10:36 PM | Posted by Anonymous
(ကဗျာဆရာကြီး ဦးတင်မိုး)


ရှစ် လေးလုံး အရေးတော်ပုံ ဟာ
လူထုရဲ့ ဂုဏ်ကို အနက်ဖွင့် ပြခြင်းပါ ။

လူထု ကို ခိုင်းနွား လို
မြက် စားရုံ စားရ
လုပ်အား ကျ အကုန် ပေး
ချွေးနဲ့ ရင်း သွေးနဲ့ ရင်း
ခြင်း စွပ်တဲ့ ပါးစပ်နဲ့
ခိုင်းဖတ် ဖြစ်ခဲ့ ရတဲ့ ဘဝကို
အုံကြွ တော်လှန် ခဲ့ကြတယ် ။

ဆိုရှယ်လစ် တံဆိပ်နဲ့
စစ် မိစ္ဆာတွေ ကြီးစိုး
ခါးရိုး ကျိုးနေတဲ့ လူထု ဘဝ
မ ဆ လ အာဏာရှင် ခေတ်ကို
အမြစ်က လှန်ဖို့
ကြွေးကြော် သံတွေ ဟစ်အော်
နိုင်ငံတော် တစ်ခုလုံး
လက်ရုံးတွေ ဆန့် တန်းပြီး
အံ့မခန်း ခြေလှမ်း ညီညီ နဲ့
ဒီမိုကရေစီ တောင်းဆို ခဲ့ကြတယ် ။

တစ်နှစ် .. နှစ်နှစ်
သုံးနှစ် .. လေးနှစ် ...
အခု ၁၃ နှစ် ရှိခဲ့ ပြီ ။

စစ်တပ်က ပိတ်ဆို့
ငါ တို့ကို ဖြိုခွဲ
ပြို ကွဲအောင် နှိမ်နင်း
တို့ လည်ပင်း ကြိုးကွင်း စွပ်
တို့ လွတ်လပ်မှုကို မပေးနိုင်
လက်နက် ကိုင်ပြီး ဟန့်တားဆဲ
တို့ တိုက်ပွဲ မဆုံးသေး
တို့ သွေးတွေ ကျဆဲပါ ။

ဒီမိုကရေစီ တိုက်ပွဲ ဝင်
ကောင်းကင်ယံက ခွပ်ဒေါင်း အလံဟာ
လေမှာ တလွင့်လွင့် ပျံဆဲပါ ။

လူထုရဲ့ ဆန္ဒ ဟာ
မုချ အောင်မြင် ရမည် လို့
ယုံကြည်ချက် ပြင်းပြ ဆဲပါ ။ ။

(တင်မိုး)
၈-၈-၂၀၀၁
(ကဗျာဆရာကြီး ဦးတင်မိုး ရဲ့ ရှစ်လေးလုံး ၁၃ နှစ် ပြည့် ဂုဏ်ပြုကဗျာ ဖြစ်ပါတယ်)

0 Comments to ရှင်သန်နေတဲ့ စိတ်ဓါတ် (ကဗျာဆရာကြီး ဦးတင်မိုး)

Post a Comment