မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ အလံကိုကန့်ကွက်

မြတ်ခိုင်ဦး / ၂၁ မေလ ၂၀၁၀


ယမန်နေ့ကထုတ်ဝေသော စစ်အစိုးရထုတ် သတင်းစာများတွင် ပါရှိသည့် ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာချက်တွင် ပါရှိသော “မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ” ၏ အလံနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိနေသည်။

စစ်အစိုးရထုတ် ယမန်နေ့ ကြေးမုံသတင်းစာတွင် “ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်း၊ အမှတ် (၁၅၀) တွင် ပါတီရုံးချုပ်တည်ရှိသော မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၅) အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၉-၅-၂၀၁၀ နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်” ဟုဆိုကာ ယခုလက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ အလံနှင့် ဆင်တူရိုးမှားဖြစ်သော အပေါ်လက်ဝဲဘက်ထောင့်တွင် ကြယ်လေးလုံးအစား ကြယ်ငါးလုံးဖြင့် အစားထိုးထားသည့်အလံကို ဖော်ပြထားသည်။

ယင်းအလံကိစ္စနှင့် ပတ်သက်၍ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီရေး လှုပ်ရှားမှုအပြီး အောက်တိုဘာလ (၁၄) ရက်တွင် ကျောင်းသားလူငယ်များဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သူ ဥက္ကဋ္ဌ ကိုမိုးသီးဇွန် (၁၉၈၈-၈၉) က ကန့်ကွက်ကြောင်း ပြောဆိုသည်။

၎င်းက “ဆင်တူရိုးမှားလုပ်တာကို ကန့်ကွက်တယ်။ နောက်တခုက မှတ်ပုံတင်တဲ့ ရွေးကောက်ပွဲ ၀င်ဖို့လုပ်တဲ့ ပါတီတွေဟာ ဒီနေ့ အများဆန္ဒနဲ့ မကိုက်ညီဘဲ ကိုယ်ထင်ရာ စိုင်းနေတယ်လို့ ယူဆတယ်။ ဒါကိုဆန်ကျင့်တယ်၊ ရွှေဂုံတိုင်မူအတိုင်း ရပ်တည်ကြဖို့ တိုက်တွန်းတယ်” ဟု ဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုခင်မောင်တင့်ကလည်း “အဲဒီပါတီနဲ့ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီနဲ့ မည်သို့မှ သက်ဆိုင်ခြင်းမရှိ” ဟု ပြောဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စတင်ဖွဲ့စည်းတည်ထောင်စဉ်က ပါတီအလံပါ ကြယ်လေးလုံး၏ အမှတ်အသားသည် အလုပ်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင် စသည့် လူတန်းစား (၂) ရပ်နှင့် အလွှာ (၂) လွှာကို ကိုယ်စားပြုခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိပါတီကို ဦးဆောင်နေသူများက အလွှာ (၂) လွှာနေရာတွင် လူလတ်တန်းစားနှင့် အမျိုးသား ဓနရှင်ဆိုကာ ၂၀၀၂ ခုနှစ်ဇန်နဝါရီလတွင် လွတ်မြောက်နယ်မြေတနေရာ၌ ကျင်းပပြုလုပ်ခဲ့သည့် ပါတီညီလာခံတွင် အစားထိုးပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအလံ၌ ပါရှိသော ကြယ်များ၏ အဓိပ္ပာယ်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ ပါတီ ဦးဆောင်ကော်မတီ စာရင်းလည်း မပါရှိသည့်အတွက် ဖြစ်နိုင်ချေရှိသည်မှာ ယခင်ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီမှ ထုတ်ပယ်ထားခြင်းခံရသော ရန်ကင်းမြို့နယ်သား ကိုဇင်အောင်ဆိုသူ တည်ထောင်ခြင်းဖြစ်နိုင်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပါတီမြေပေါ် ရပ်တည်ရေးကို ခြိမ်းခြောက်လာသည့်အတွက် ၁၉၉၁ ခုနှစ် နိုဝင်ဘာလ (၇) ရက်တွင် ဥက္ကဋ္ဌ ကိုမြင့်ဇော် ခေါင်းဆောင်သော ပါတီဗဟိုကော်မတီများဖြင့် လွတ်မြောက်နယ်မြေသို့ ပြောင်းရွှေ့ရပ်တည် လာခဲ့သည်။ ထို့နောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား ၁၉၉၁ ခုနှစ် ဒီဇင်ဘာ (၆) ရက်တွင် စစ်အုပ်စုက ပါတီတရားဝင် တည်ရှိခြင်းကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အနှစ် (၂၀) ကျော်ကာလအတွင်း ပါတီဥက္ကဋ္ဌ (၅) ဦးရှိခဲ့ကာ (၁) ဦးကျဆုံးပြီး (၁) ဦးမှာ မြန်မာနိုင်ငံ၊ (၃) ဦးမှာ ပြင်ပနိုင်ငံများတွင် ရောက်ရှိနေကာ ယခုလက်ရှိပါတီကို ဥက္ကဋ္ဌ ကိုအောင်မိုးဇော် ခေါင်းဆောင်သော ပါတီဗဟိုဦးဆောင်ကော်မတီဝင် (၈) ဦးဖြင့် ဒီမိုကရေစီရေး လုပ်ငန်းစဉ်များကို လွတ်မြောက်နယ်မြေ၌ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

Sources: Khit Pyaing

0 Comments to မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ အလံကိုကန့်ကွက်

Post a Comment