[ဓါတ်ပုံဟောင်းများက ပြောပြနေသော ရှေးဟောင်းနှောင်းဖြစ်များ-ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး]
ကျွန်တော်သည် ရန်ကုန်တွင် တည်ထောင်ထားသော ချင်းတွင်းအသင်းတွင် အတွင်းရေးမှူးအဖြစ် ၁၉၇၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ ၆ နှစ်တိုင်တိုင် တာဝန်ယူခဲ့ရသည်။ ထိုနှစ်များတွင် ချင်းတွင်းအသင်းမှ ကြီးမှူး၍ အခြေခံပညာရေး အထက်တန်း (ဆယ်တန်း) စာမေးပွဲတွင် ဂုဏ်ထူး နှစ်ဘာသာနှင့် အထက် အောင်မြင်ခဲ့ကြသော ချင်းတွင်းဒေသမှ ကျောင်းသူ ကျောင်းသားများအား အသင်းအမှုဆောင် လူကြီးများ ကိုယ်တိုင် မုံရွာမြို့သို့ သွားရောက်၍ ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ကြသည်။
၁၉၈၃ ခုနှစ်က မှတ်မှတ်ရရ မုံရွာသို့ အဆိုပါ ပညာရည်ချွန် ဆုပေးပွဲအတွက် သွားရောက်ခဲ့စဉ်က ဖြစ်သည်။ မုံရွာမြို့နယ် ပါတီကောင်စီ၏ ကူညီပံ့ပိုးမှုဖြင့် ပညာရည်ချွန်ဆုပေးပွဲအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် လုပ်ကိုင်ရင်း ကျွန်တော်သည် ဖိတ်စာများနှင့် အခြားစာရွက်စာတမ်းများ ရိုက်နှိပ်ရန် မုံရွာမြို့ ရွှေစည်းခုံဘုရား မုခ်ဝတွင် စာကူးစက်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသော ငယ်သူငယ်ချင်း 'ဘမောင်ဇုံ' ထံသို့ ရောက်သွားခဲ့သည်။ ငယ်နာမည်မှာ 'ဘမောင်' ဖြစ်၍ ကြီးလာမှ ဖခင်ဖြစ်သူ 'ဦးဖိုးဇုံ' ကို အကြောင်းပြု၍ 'ဇုံ' တလုံး တိုးပြီး 'ဘမောင်ဇုံ' ဖြစ်လာခဲ့သည်။
ကျွန်တော်က သူ့အား လက်နှိပ်စက် ရိုက်ရန်နှင့် စာကူးစက်လှည့်ရန် ဖိတ်စာမူကြမ်းနှင့် စာရွက်စာတမ်း များ ပေးအပ်ပြီးနောက် ဟိုအကြောင်း သည်အကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောမိကြသည်။ ထိုစဉ်မှာပင် သူငယ်ချင်း ဘမောင်ဇုံက ရုတ်တရက် ကောက်ခါငင်ခါ ပြောလိုက်သည်။ 'အတော်ပဲ မောင်ရေ... ကြုံကြိုက်တုန်း မောင်ရင့်ကို အမှတ်တရ ရှားရှားပါးပါး လက်ဆောင်တခု ပေးလိုက်ရဦးမယ်' ပြောပြောဆိုဆို သူက အလုပ်အံဆွဲထဲမှ စာအုပ်တအုပ်ကို ထုတ်ယူလိုက်ပြီး ထိုစာအုပ်ကြားထဲမှ ဓာတ်ပုံလေးတပုံကို ကျွန်တော့်အား ရုတ်တရက် လှမ်းပေးလိုက်သည်။
ဓာတ်ပုံမှာ ခတ်သေးသေးပင် ဖြစ်သည်။ ကျွန်တော်တို့ ငယ်ငယ်က 'သေတ္တာကင်မရာ' ဖြင့်ရိုက်သည့် အရွယ်အစား ဖြစ်၍ အလျား ၃လက်မခွဲ၊ အနံ ၂ လက်မခွဲခန့်သာရှိသည်။ ထို ဓာတ်ပုံလေးကို သေသေချာချာ ကြည့်လိုက်မိသည်နှင့် ကျွန်တော့်မှာ အတိုင်းမသိ ပီတိတွေဖြာ၍ ၀မ်းအသာကြီး သာသွားခဲ့သည်။ အကြောင်းသော်မူ ထိုဓာတ်ပုံကလေးသည် ဒုတိယကမ္ဘာစစ် မတိုင်မီလေးက မုံရွာခရိုင် ဒို့ဗမာ အစည်းရုံးဝင် သခင်များ၏ နိုင်ငံရေးလှုပ်ရှားမှုကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံကလေးဖြစ်ကြောင်း ကျွန်တော် အတိအကျ သိလိုက်ရသောကြောင့် ဖြစ်သည်။ ပို၍ တိကျအောင် ပြောရမည်ဆိုပါက ထိုဓာတ်ပုံလေးသည် လွန်ခဲ့သော ၁၉၃၉ ခုနှစ်က ရိုက်ကူးခဲ့သော ပုံဖြစ်၍ (ယခုဆိုလျှင်) နှစ်ပေါင်း ၄၉ နှစ်မျှ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ဓာတ်ပုံလေး၏ ဆေးသားများမှာ မမှုန်ဝါးသေးဘဲ မူလကူးထားသည့် စီပီယာအရောင်အတိုင်း လူတွေရော အဆောက်အဦများပါ ထင်ရှားနေဆဲ ဖြစ်သည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဆိုသော စာတန်းမှာ ဓာတ်ပုံထဲတွင် ထင်းခနဲ မြင်နေရသည်။
ထိုနေ့က ဘမောင်ဇုံ၏ စာကူးစက်သို့ ကျွန်တော်နှင့်အတူ လိုက်ပါလာသော မုံရွာကောလိပ်မှ သမိုင်းဌာနမှူး ဆရာဝင်းမောင်သည် ကျွန်တော့် လက်ထဲမှ ဓာတ်ပုံကို ခေတ္တ တောင်းယူလိုက်သည်။ သူသည် ဓာတ်ပုံထဲမှ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဟူသော စာတန်းကို ကြည့်ပြီး ရုတ်တရက် နားမလည်အောင် ဖြစ်သွားဟန်တူသည်။
'နေပါဦးဆရာ ဒီ ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး ဆိုတာ ဘာကို ဆိုလိုတာလဲ ဆရာ၊ ပြီးတော့ ဒီဓာတ်ပုံက ဘယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလဲ'
သမိုင်းဌာနမှူးက ထူးဆန်းသော အဆိုပါ စာတန်း၏ အဓိပ္ပါယ်ကို စူးစမ်းသော စိတ်ဖြင့် မေးမြန်းလိုက် သည်။ သည်တော့မှ ကျွန်တော်က သည်ဓာတ်ပုံလေး၏ သမိုင်းကြောင်းကို သမိုင်းဌာနမှူးအား ရှင်းပြရသည်။ မှန်သည်။ သည်ဓာတ်ပုံလေးမှာ ၁၉၃၉ ခုနှစ်က ရိုက်ကူးခဲ့သည့် ပုံဖြစ်သည်။ ထိုအချိန် ထိုအခါက ၁၃၀၀ ပြည့် အရေးတော်ပုံနှင့် ဗိုလ်အောင်ကျော် အရေးအခင်းကို အကြောင်းပြု၍ ဒေါက်တာဗမော် အစိုးရ ပြုတ်ကျပြီး နန်းရင်းဝန် ဦးပုခေါင်းဆောင်သော အစိုးရ တက်လာချိန် ဖြစ်သည်။
ဦးပုသည် နန်းရင်းဝန်ဖြစ်လာပြီး မကြာမီ အထက်မြန်မာနိုင်ငံသို့ တိုင်းခန်းလှည့်လည်ရန် စီစဉ်ခဲ့ရာ မန္တလေးမှ တဆင့် မုံရွာသို့ လာရောက်မည် ဖြစ်ကြောင်း ကျွန်တော်တို့ မုံရွာသခင်များက သတင်းရထားကြသည်။ ဤတွင် နန်းရင်းဝန် ဦးပုနှင့်တကွ နောက်လိုက်နောက်ပါ မင်းတိုင်ပင်အမတ်များ မုံရွာရောက်မလာကြမီ မုံရွာသခင်များက ကန့်ကွက်ဆန္ဒပြကြရန် အစီအစဉ်တခု ပြုလုပ်ခဲ့ကြသည်။ ယင်းအစီအစဉ်မှာ နန်းရင်းဝန်ဦးပုနှင့် မင်းတိုင်ပင်အမတ်များအား ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည့် 'ခွေးဋီကာ' 'ခွေးဂဏ္ဍိ' စသည့် စာအုပ်များထဲမှ စားခွက်လုကြသည့် ခွေးငတ်များအဖြစ် နှိုင်းယှဉ်တင်စားကာ မုံရွာမြို့ပေါ်ရှိ ခွေးလေခွေးလွင့်များ အား အစာကျွေး၍ ဆန္ဒပြ ကန့်ကွက်ကြရန် ဖြစ်သည်။ သို့ဖြစ် နန်းရင်းဝန် ဦးပု ရောက်မလာမီ တပါတ်ခန့်အလိုတွင် အဆိုပါ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။
သတ်မှတ်ထားသော ထိုနေ့ ထိုရက်တွင် မုံရွာဈေးကြီး (ယခု ဈေးဟောင်း) ထဲမှ အမဲရိုးများနှင့် ဆန်ကွဲ များကို အလှူခံ၍ မိုးဗြဲဒယ်ကြီးတလုံးတွင် ထည့်၍ ပြုတ်ကြသည်။ ပြီးမှ ထိုအမဲရိုးနှင့် ဆန်ကွဲများ ပြုတ်ထားသည့် မိုးဗြဲဒယ်ကြီးကို မြင်းလှည်းတစီးပေါ်တွင် တင်ကာ တမြို့လုံး လှည့်လည်၍ လမ်းဆုံလမ်းခွများတွင် အမဲရိုးပြုတ်များကို ဖက်များဖြင့် ပုံပြီး ခွေးလေခွေးလွင့်များကို စတုဒီသာ ကျွေးကြသည်။ ဤတွင် ခွေးများ၏ သဘာဝအတိုင်း အမဲရိုးပြုတ်များကို အေးအေးဆေးဆေး မစားကြပဲ တကောင်နှင့်တကောင် မာန်ဖီကာ လုယက်ကြ၊ ကိုက်ကြ၊ ခဲကြနှင့် တ၀ုန်းဝုန်း တရုန်းရုန်း ဖြစ်နေကြသည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဟူသော စာတန်းများကို ဖတ်၍ အထူးအဆန်း ဖြစ်နေကြသော မုံရွာ မြို့သူ မြို့သားများသည် ကျွန်တော်တို့ သခင် များက လမ်းဆုံလမ်းခွများတွင် ခွေးလေခွေးလွင့်များအား ထိုသို့ အမဲရိုးပြုတ်များ ကျွေးနေကြသည်ကို တအံ့တသြ ၀ိုင်းအုံ ကြည့်ရှုခဲ့ရမှ တဖြည်းဖြည်း လူစုလူဝေးကြီး ဖြစ်မှန်းမသိ ဖြစ်လာကြသည်။ သည်တော့မှ ကျွန်တော်တို့ သခင်များက အမဲရိုးပြုတ်များကို တကောင်နှင့် တကောင် ရန်စောင် မာန်စောင်ကာ လုယက်စားသောက် နေကြ သော ခွေးများအား 'စားခွက်လု' နေကြသည့် မင်းတိုင်ပင် အမတ်များနှင့် နှိုင်းယှဉ်ကာ အင်္ဂလိပ်အစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေးတရားများကို ဟောကြပြောကြသည်။
ထိုနေ့က 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ကျင်းပကာ လက်တွေ့ကျကျ ဟောခဲ့ပြောခဲ့ကြသော သခင်များ၏ နိုင်ငံရေးတရားများကို မြို့လူထုက သဘောအကျကြီး ကျကာ လက်ခုပ်လက်ဝါးတီး၍ သြဘာပေးခဲ့ ကြသည်ကို ကျွန်တော်ကောင်းကောင်းကြီး မှတ်မိနေခဲ့သည်။ နောက်တခု ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေသည့် အဖြစ်အပျက်တခု ရှိသေးသည်။ အဆိုပါ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' အကြောင်းကို ထိုစဉ်က မုံရွာသခင်တဦးဖြစ်သော သတင်းထောက်သခင်ကိုကြီး (ပေါင်မုန့်ရောင်းသည့်အတွက် သူ့ကို 'ပေါင်မုန့်ကိုကြီး' ဟု တမြို့လုံးက ခေါ်ကြသည်။) က သတင်းနှင့်တကွ ဓာတ်ပုံကိုပါ ရိုက်၍ ရန်ကုန်ရှိ သတင်းစာတိုက်များသို့ ပို့လိုက်ရာ မြန်မာ့အလင်းသတင်းစာက သတင်းရော ဓာတ်ပုံကိုပါ ဖော်ပြလိုက်သည်။ (ယခုဖော်ပြထားသော ဓာတ်ပုံပင် ဖြစ်သည်) ဤတွင် ထိုဓာတ်ပုံထဲ၌ ခွေးစာကျွေးသည့် သံပုံးစုတ်ကို ကိုင်ထားလျက်သား ကျွန်တော့်ပုံသည် ရှေ့ဆုံးမှ ထင်းကနဲ ပါသွားခဲ့ရာ ထိုဓာတ်ပုံကို အကြောင်းပြု၍ ထိုစဉ်က အင်းစိန် စီအိုင်ဒီတွင် ပုလိပ်စုံထောက် အရာရှိအဖြစ် အမှုထမ်းနေသော ကျွန်တော့်ဖခင်အား မျက်နှာဖြူပုလိပ် မင်းကြီးက ထုချေလွှာတောင်းခဲ့သည်ကို ကျွန်တော်ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ၏ ဂယက်သည် ထိုမျှဖြင့် မပြီးဆုံးသေးပါ။ ၁၉၃၉ ခုနှစ် ဇွန်လဆန်းတွင် နန်းရင်းဝန် ဦးပုသည် မူလစီစဉ်ထားသည့်အတိုင်း အထက်မြန်မာပြည်သို့ တိုင်းခန်းလှည့်လည်ရင်း မန္တလေးမှတဆင့် မုံရွာသို့ ရောက်လာခဲ့သည်။ ဤတွင် ကြိုတင်ပြင်ဆင်၍ 'မောင်းတင်' ထားကြသော ကျွန်တော်တို့ မုံရွာသခင်များက မုံရွာမြို့အ၀င်၊ မြို့တောင်ဘက် ညောင်ပင်အောက် ကွေ့မှ နေ၍ နန်းရင်းဝန် စီးလာသော မော်တော်ကားရှေ့တွင် လှဲအိပ်ကာ ဆန္ဒပြ ကန့်ကွက် တာဆီးခဲ့ကြသည်။ မိမိစီးလာသော ဇိမ်ခံကားကြီးရှေ့တွင် လှဲအိပ်ကာ ကြွေးကြော်သံများဖြင့် လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ဆန္ဒပြနေကြသည့် သခင်များကို ကြည့်ကာ နန်းရင်းဝန် ဦးပုမှာ ရာဇအိနြေ္ဒ အပျက်ကြီး ပျက်၍ ရှက်လည်းရှက် ဒေါသလည်း ထွက်ခဲ့ရသည်။ နောက်ဆုံး၌ ဗောင်းတော်ညိတ် စိတ်တော်သိ ဆိုသည့်စကားအတိုင်း နန်းရင်းဝန်တယောက်လုံး အရှက်တကွဲ ဖြစ်နေသည်ကို လက်ပိုက်ကြည့်၍ မဖြစ်တော့သည့်အလျောက် မုံရွာအရေးပိုင်နှင့် ခရိုင်ရာဇ၀တ်ဝန်ကြီးတို့၏ အမိန့်အရ ဦးပုကားရှေ့တွင် လှဲအိပ်ကာ ဆန္ဒပြခဲ့ကြသော မုံရွာ သခင်များအား ပုလိပ်များက တယောက်ပြီးတယောက် ခြေထောက်နှစ်ချောင်းနှင့် ချိုင်းနှစ်ဘက်မှ မကာ အချုပ်ကားထဲသို့ ပစ်သွင်းပြီး အတင်းတရကြမ်း ဖမ်းဆီးခဲ့ကြသည်။ ထိုနေ့က စုစုပေါင်း သခင် ၁၆ ဦး အဖမ်းခံခဲ့ကြရသည်ဖြစ်ရာ အဆိုပါ သခင်များမှာ ၁။ သခင်လှဖေ၊ ၂။ သခင်ကျော်ဇေယျ၊ ၃။ သခင်ဗမောင်၊ ၄။ သခင်ကိုကြီး၊ ၅။ သခင်ရွှေဒေါင်း၊ ၆။ သခင်သန်းတင်၊ ၇။ သခင်လှမောင်၊ ၈။ သခင်စိန်၊ ၉။ သခင်တုံဟော၊ ၁၀။ သခင်ကြည်၊ ၁၁။ သခင်လှသိန်း၊ ၁၂။ သခင်ကံညွန့်၊ ၁၃။ သခင်တင်မြင့်၊ ၁၄။ သခင်သိန်းမောင်၊ ၁၅။ သခင်သောင်းတင်၊ ၁၆။ သခင်ရွှေ တို့ပင် ဖြစ်သည်။
နောက်ဆုံး ကျွန်တော် သိရသလောက် အထက်ပါအဖမ်းခံ သခင် ၁၆ ဦးအနက် သခင်လှဖေ (ယခင် ကျောက်တံတားသ/မ)၊ သခင်ဗမောင် (မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့)၊ သခင်သောင်းတင် (ဇောက်ထိုးသောင်းတင်) နှင့် သခင်ရွှေ (ယခု စာရေးဆရာ လင်းယုန်မောင်မောင်) တို့သာလျှင် မသေသေးဘဲ ကျန်ရှိနေကြ၍ အခြားသခင်များမှာ အားလုံးပင် ကွယ်လွန်ခဲ့ကြပေပြီ။
'သတင်းစာများသည် သမိုင်းကို ပြောနေကြသည်' ဟူသော ကွယ်လွန်သူ လူထုဦးလှ၏ စာအုပ်ကို နှစ်သက်စွဲလန်းခဲ့သော ကျွန်တော်သည် ကျွန်တော့်လက်ထဲမှ ဓာတ်ပုံကလေးကို ကြည့်ရင်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မုံရွာခရိုင် ဒို့ဗမာအစည်းရုံးဝင် သခင်များ၏ လှုပ်ရှားမှု ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်းသတိ ရနေမိလေသည်။
လင်းယုန်မောင်မောင်
(ဧပြီ ၁၉၈၈ ပန် ရုပ်စုံမဂ္ဂဇင်း)
[ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် ၃၆၊ နိုဝင်ဘာလ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။]
ရင်းမြစ် မာယာမဂ္ဂဇင်း
Post a Comment