Showing posts with label U Win TIn John McCain. Show all posts
Showing posts with label U Win TIn John McCain. Show all posts

မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော

မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော



နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း John McCain မြန်မာ့အရေး လာရောက်ဆွေးနွေးသည်မှာ အင်အားသစ်တခု တိုးလာခြင်းဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

“မြန်မာပြည်အရေးကို သံတမန်ချင်း လက်ဝါးရိုက်ပြီး ဗမာပြည်ကိုလည်း ပြန်မပြော၊ အဲလိုလုပ်မယ့်အစား ဂျွန်မက်ကိန်းလို ပွင့်ပွင့်လင်းလင်းပြောတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူဆွေးနွေးသမျှကို လူသိရှင်ကြား ပြန်ပြောမှာပဲ၊ ဖွင့်ချမှာပဲလို့ ယူဆပါတယ်။ တခြားသော သံတမန်တွေထက် ပိုပြီး ပွင့်လင်းမှု ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မက်ကိန်းလာခြင်းဟာ ဘာပဲပြောပြော အင်အားသစ်တခု တိုးလာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ကာ ဂျွန်မက်ကိန်းသည် ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် NLD ရုံးချုပ်၌ CEC အဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ပြီး၊ ဦးဝင်းတင်မှာမူ ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်မည် မဟုတ်ပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်လာရန်အတွက် ကြိုးပမ်းပေးရန် မစ္စတာဂျွန်မက်ကိန်းကို NLD ဘက်က ပြောဆိုရန် စီစဉ်ထားသည်။

“ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟိုဘက်က ဦးသိန်းစိန်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းပေးပါလို့ ပြောရမှာပေါ့။ နောက် ကျနော်တို့အဖွဲ့ချုပ် ဆက်လက်ရပ်တည်ရေး ကြိုးပမ်းနေတဲ့ ကိစ္စတွေ ရှင်းပြမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ အခြေခံဖြစ်တယ်။ ဒါကို ကူညီဆောင်ရွက်ပေးပါလို့ ပြောမယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

တနေ့တည်းတွင် မစ္စတာမက်ကိန်းက ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအဝင် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP နှင့်ပါ တွေ့ဆုံဦးမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေအိမ်သို့ သွားရောက်တွေ့ဆုံမည်။

မေလ ၁၈ ရက်နေ့တွင် အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Y Yun မြန်မာနိုင်ငံသို့ ၄ ရက်ကြာ လာရောက်ခဲ့အပြီး သီတင်းပတ်နှစ်ပတ်အကြာ ဆီးနိတ်အမတ်တဦး ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။

“ခက်တာက အမေရိကန်က ဒီမိုကရေစီနိုင်ငံဗျ။ လွှတ်တော်ကလည်း ၂ ရပ်၊ ကဏ္ဍ ကဏ္ဍအလိုက် check and balance လုပ်နေရတော့၊ လွှတ်တော်အမတ်ကလည်း လွှတ်တော်အမတ်တာဝန် လုပ်ရတာရှိတော့ သူ့ကဏ္ဍနဲ့သူ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။



မစ္စတာကိန်းသည် ကြာသပတေးနေ့ နေ့လည် ၁၂ နာရီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်များအပြင် ကချင်ဘာသာရေး ခေါင်းဆောင်တဦးနှင့်လည်း တွေ့ဆုံဖို့ရှိကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။



“သူ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆက်ထားဖို့သင့်တယ်ဆိုရင် ကျနော်တို့က မေးစရာ ရှိတာပေါ့ဗျာ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် ပိတ်ဆို့ထားတယ်။ ဒီနှစ် ၂ဝ မှာ မရခဲ့ဘူး။ အခု ဆက်ပိတ်ထားမယ်ဆိုရင်ရော ရနိုင်မယ်လို့ ဘယ်သူက အာမခံချက်ရှိလို့လဲ။ ဘယ်အာမခံချက်နဲ့ ဆက်ပိတ်မှာလဲဆိုတာ ကျနော်တို့ မေးကောင်း မေးရဖို့ အကြောင်းရှိမှာပါ။ ကျနော်တို့နိုင်ငံမှာ စီးပွားရေးပိတ်ဆို့ထားမှုက နံပါတ်တစ် ဖြစ်နေတာကိုး” ဟု သူက ဆိုသည်။

မစ္စတာကိန်းအနေနှင့် အစိုးရ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသားများအရေးနှင့် ဒုက္ခသည်များအရေးကို ဆွေးနွေးသွားမည်ဟု အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အမေရိကန်ခေါင်းဆောင်များ တလအတွင်း ၂ ကြိမ် လာရောက်ခဲ့သလို၊ အိမ်နီးချင်း တရုတ်နိုင်ငံမှ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကျာချင့်လင်လည်း ဧပြီလဆန်းပိုင်းတွင် လာရောက်ခဲ့ပြီး၊ မြန်မာသမ္မတ ဦးသိန်းစိန်လည်း တရုတ်နိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် သွားရောက်ခဲ့သေးသည်။

“အမေရိကန်အစိုးရနဲ့ တရုတ်နဲ့ ဗမာပြည်ပြင်ပမှာ ဆွေးနွေးစေချင်တယ်။ ဒီစစ်အစိုးရကို မဏ္ဍိုင်ပြုပြီးတော့ တရုတ်က ဆွေးနွေးလိုက်၊ အမေရိကန်က ဆွေးနွေးလိုက် လုပ်နေရင် အရပ်စကားနဲ့ ပြောရရင် လူရာသွင်းပြီး လုပ်နေသလို ဖြစ်နေတယ်။ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အာရှမြောက်ပိုင်း၊ အာရှ အရှေ့မြောက်ပိုင်းဒေသပေါ့။ အဲလိုနေရာမျိုးမှာ ခိုင်ခိုင်မာမာ ဆွေးနွေးသင့်တယ်လို့ ယူဆတယ်ဗျ” ဟု ဦးဝင်းတင်က ဆိုသည်။



အမေရိကန် ခေါင်းဆောင်များအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်တိုင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလေ့ရှိသည်။

ရန်ကုန်မြို့ရှိ တရုတ်သံရုံးသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပအပြီး NLD ထံ လာရောက်တွေ့ဆုံသည့် ပထမဆုံးသော နိုင်ငံခြားသံရုံး ဖြစ်ခဲ့သော်လည်း ယခုအခါ NLD နှင့် တရားဝင် ဆက်ဆံရေး မရှိတော့ကြောင်း သိရသည်။