Showing posts with label nuclear and missile technology/ North Korean ship. Show all posts
Showing posts with label nuclear and missile technology/ North Korean ship. Show all posts

မြန်မာကို ဦးတည်သည့် မြောက်ကိုရီးယားသင်္ဘော တားမြစ်ခံရ



မြန်မာနိုင်ငံသို့ ဒုံးကျည်လက်နက်နှင့် ဆက်စပ်ပစ္စည်များ သယ်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား ကုန်တင်သဘောင်္ တစီးသည် အမေရိကန် ရေတပ်က တားမြစ်သောကြောင့် မိခင်နိုင်ငံသို့ လွန်ခဲ့သည့် ၂ ပတ်ခန့်က လှည့်ပြန် သွားခဲ့ရကြောင်း သိရသည်။

alt

၂၀၀၇ ခုနှစ်က ရန်ကုန်တွင် ဆိုက်ကပ်ထားသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘော (ဓာတ်ပုံ - AFP)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တောင်ဘက် ပင်လယ်ပြင်တွင် M/V Light အမည်ရှိ မြောက်ကိုရီးယားသင်္ဘောကို တာဝေး မိုင် ၃၅၀ ခန့်အထိ ပစ်ခတ်နိုင်သည့် ဝေဟင်ပစ် ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများကို သယ်ဆောင်လာခဲ့ သည်ဟု သံသယရှိ၍ အမေရိကန် ရေတပ် ဖျက်သင်္ဘော McCompbell က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း New York Times ၏ ယမန်နေ့က သတင်းတပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သည့် နေ့သည် မေလ၂၆ ဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီးနောက် မဟာဗျူဟာမြောက်မိတ်ဘက်နိုင်ငံများအဖြစ် ကြေညာခဲ့ချိန်နှင့်လည်း တိုက်ဆိုင် ခဲ့သည်။ ထို့နေ့မတိုင်ခင်တရက်ကလည်း မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် သည်တရုတ် သမ္မတ ဟူကျင်း တောင် နှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့သေးသည်။

သံသယဖြစ်ဖွယ် သင်္ဘောသည် ဗဟိုအမေရိကတိုက် နိုင်ငံတခုဖြစ်သည့် ဘလစ်ဇ် (Belize) နိုင်ငံ အလံလွှင့်ထူထား သည့်အတွက် တက်ရောက်စစ်ဆေးရန် ခွင့်ပြုချက်ကို အမေရိကန်ရေတပ်က သက်ဆိုင်ရာ နိုင်ငံသို့ တောင်းခံခဲ့သည်။

ဘီလစ်ဇ် နိုင်ငံက ခွင့်ပြုခဲ့ပြီးနောက် အမေရိကန် ရေတပ်ဖျက်သင်္ဘောက အဆိုပါသင်္ဘောပေါ်သို့ တက်ရောက် စစ်ဆေး ရန် ၄ ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း ၄င်းကုန်တင်သင်္ဘောပေါ်ရှိ မြောက်ကိုရီးယားသင်္ဘောသားများက ခွင့်မပြုခဲ့ပေ။

ထို့နောက် အဆိုပါသင်္ဘောသည် ရှေ့ဆက်မသွားတော့ဘဲ ပင်လယ်ပြင်ထဲတွင် ရပ်တန့်နေခဲ့သည်။ ၄င်းနောက် ရက် အနည်းငယ်အကြာ အမေရိကန် ဂြိုဟ်တုများ၊ ထောက်လှမ်းရေး လေယာဉ်များ၏ စောင့်ကြည့်မှုအောက်တွင် မိခင် ဆိပ် ကမ်း သို့ ပြန်လည်ဆိုက်ရောက်သွားခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်ပြီးနောက် နျူကလီးယား စစ်လက်နက် ပစ္စည်းနှင့် ပတ်သက်ပြီး ပထမဆုံး သံသယဖြစ်စေခဲ့မှုလည်း ဖြစ်သည်။

ယင်း ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် အပါအ၀င် မြန်မာနိုင်ငံကလည်းကောင်း၊ မြောက်ကိုရီးယားနိုင်ငံမှ လည်း ကောင်း၊ သက်ဆိုင်ရာ နှစ်နိုင်ငံနှင့် အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံကလည်းကောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အမေရိကန်ရေတပ်အနေဖြင့် သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘောပေါ်သို့ အင်အားသုံး၍ တက်ရောက်ရှာဖွေမှု မရှိခဲ့ခြင်းမှာ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးကို ရှေးရှု ၍ဖြစ်ကြောင်း အမေရိကန်အရာရှိတဦးကို ကိုးကားပြီး New York Times တွင် ဖော်ပြထားသည်။

မေလ၂၇ ရက်နေ့တွင် အာဆီယံကိုယ်စားလှယ်များသည် ၀ါရှင်တန် ဒီစီသို့ရောက်နေပြီး အမေရိကန် သမ္မတ အိုဘားမား ၏ ထိပ်တန်း နျူကလီးယားဆိုင်ရာအကြံပေးအရာရှိကလည်း ယင်းမြောက်ကိုရီးယား သဘောင်္ပြဿနာကိုရှင်းပြ၍ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ ကိုယ်စားလှယ်များကို နျူကလီးယား လက်နက်ဆိုင်ရာ မပြန့်ပွားရေး ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် ဆွေးနွေးပွဲတွင် အမေရိကန်အရာရှိက မြန်မာနိုင်ငံသို့ ဦးတည်နေသည့် သံသယဖြစ်ဖွယ် မြောက်ကိုရီးယား သင်္ဘော၏ ဓာတ်ပုံထုတ်ပြကာ မြန်မာအပါအ၀င် အာဆီယံကိုယ်စားလှယ်များကို ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုလေးစားလိုက်နာရန် သတိပေးပြောကြား ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်လည်း ပါဝင်ပြီး မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ ဒုံးကျည်နှင့် ဒုံးကျည် ဆိုင်ရာ အစိတ်အပိုင်းများကို ၀ယ်ယူနေသည်ဟူသည့် အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုကာကွယ် ပြောကြားသွားကြောင်း အမေရိကန်အရာရှိကို ကိုးကားပြီး New York Times က ရေးသားသည်။

နျူကလီးယားစမ်းသပ်မှုလုပ်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံ၏ မသင်္ကာဖွယ်ရှိသော ယာဉ်၊ သင်္ဘောများကို အချိန်မရွေး စစ်ဆေးပိုင်ခွင့်ရှိသည်ဟူသည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ခဲ့ သည်။

၎င်းဆုံးဖြတ်ချက်အရ အမေရိကန်ရေတပ် က ယခုကဲ့သို့ စစ်ဆေးရန်ကြိုးစားခဲ့ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည်လက်နက်ဆိုင်ရာ နည်းပညာနှင့် နျူကလီးယား ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံ က ၀ယ်ယူရန်ကြိုးစားခဲ့သည့် သံသယများ ယခင်ကလည်းဖြစ်ခဲ့ဖူးသည်။

၂၀၀၉ ခုနှစ်က မြန်မာရေပိုင်နက်ကိုဦးတည်လာခဲ့သော မြောက်ကိုရီးယားသင်္ဘော Kang Nam (1) သည် အမေရိကန် ရေတပ်က နောက်ယောင်ခံ ဖိအားပေးခဲ့ပြီးနောက် မိခင်နိုင်ငံဘက်သို့ ပြန်လည်လှည့်ပြန် သွားခဲ့ဖူးသည်။

၂၀၀၇ ခုနှစ် ဧပြီလတွင်လည်း မြန်မာနှင့်မြောက်ကိုရီးယားနိုင်ငံတို့ ၂ နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ပြီး လပိုင်း အကြာ တွင် မြောက်ကိုရီးယားသင်္ဘောတစီးသည် မြန်မာနိုင်ငံ သီလ၀ါ နိုင်ငံတကာ သင်္ဘောဆိပ်ကမ်းသို့ ဆိုက်ရောက် လာ ခဲ့ဖူးသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးကို အမေရိကန်ကလည်း အနီးကပ်စောင့်ကြည့်နေခဲ့ရာ အထူး သဖြင့် တရားမ၀င်လက်နက်နှင့် နည်းပညာ ဖလှယ်သည့်ကိစ္စအပေါ် အထူးအာရုံစိုက်လျက်ရှိသည်။

မကြာသေးခင်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သော အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က လည်း မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် မြန်မာနှင့်မြောက်ကိုရီးယားတို့၏ ကန့်သတ်လက်နက် ဆိုင်ရာ သိုသိပ်သောဆက်ဆံရေးကိစ္စများကို ပြောကြားခဲ့ပြီး အမေရိကန်၏ စိုးရိမ်မှုကို ပြသခဲ့သည်။

ထို့အပြင် ဂျွန်မက်ကိန်းက မြန်မာအစိုးရ အနေနှင့်လည်း ကုလသမဂ္ဂ က ချမှတ်ထားသော ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုလေးစား လိုက်နာရန်လည်း သတိပေးပြောကြားခဲ့သည်။

မြန်မာအစိုးရဘက်ကလည်း နျူကလီးယားဆိုင်ရာစွပ်စွဲချက်များ မဟုတ်မှန်ကြောင်း ဂျွန်မက်ကိန်းကိုတုံ့ပြန်ပြောဆို ခဲ့သည်။