မိုးမခ သတင်းစဉ်

Tuesday, July 20, 2010 4:54 AM | Posted by Anonymous

ရှင်သန်နေတဲ့ စိတ်ဓါတ် (ကဗျာဆရာကြီး ဦးတင်မိုး)

Monday, July 19, 2010 10:36 PM | Posted by Anonymous
(ကဗျာဆရာကြီး ဦးတင်မိုး)


ရှစ် လေးလုံး အရေးတော်ပုံ ဟာ
လူထုရဲ့ ဂုဏ်ကို အနက်ဖွင့် ပြခြင်းပါ ။

လူထု ကို ခိုင်းနွား လို
မြက် စားရုံ စားရ
လုပ်အား ကျ အကုန် ပေး
ချွေးနဲ့ ရင်း သွေးနဲ့ ရင်း
ခြင်း စွပ်တဲ့ ပါးစပ်နဲ့
ခိုင်းဖတ် ဖြစ်ခဲ့ ရတဲ့ ဘဝကို
အုံကြွ တော်လှန် ခဲ့ကြတယ် ။

ဆိုရှယ်လစ် တံဆိပ်နဲ့
စစ် မိစ္ဆာတွေ ကြီးစိုး
ခါးရိုး ကျိုးနေတဲ့ လူထု ဘဝ
မ ဆ လ အာဏာရှင် ခေတ်ကို
အမြစ်က လှန်ဖို့
ကြွေးကြော် သံတွေ ဟစ်အော်
နိုင်ငံတော် တစ်ခုလုံး
လက်ရုံးတွေ ဆန့် တန်းပြီး
အံ့မခန်း ခြေလှမ်း ညီညီ နဲ့
ဒီမိုကရေစီ တောင်းဆို ခဲ့ကြတယ် ။

တစ်နှစ် .. နှစ်နှစ်
သုံးနှစ် .. လေးနှစ် ...
အခု ၁၃ နှစ် ရှိခဲ့ ပြီ ။

စစ်တပ်က ပိတ်ဆို့
ငါ တို့ကို ဖြိုခွဲ
ပြို ကွဲအောင် နှိမ်နင်း
တို့ လည်ပင်း ကြိုးကွင်း စွပ်
တို့ လွတ်လပ်မှုကို မပေးနိုင်
လက်နက် ကိုင်ပြီး ဟန့်တားဆဲ
တို့ တိုက်ပွဲ မဆုံးသေး
တို့ သွေးတွေ ကျဆဲပါ ။

ဒီမိုကရေစီ တိုက်ပွဲ ဝင်
ကောင်းကင်ယံက ခွပ်ဒေါင်း အလံဟာ
လေမှာ တလွင့်လွင့် ပျံဆဲပါ ။

လူထုရဲ့ ဆန္ဒ ဟာ
မုချ အောင်မြင် ရမည် လို့
ယုံကြည်ချက် ပြင်းပြ ဆဲပါ ။ ။

(တင်မိုး)
၈-၈-၂၀၀၁
(ကဗျာဆရာကြီး ဦးတင်မိုး ရဲ့ ရှစ်လေးလုံး ၁၃ နှစ် ပြည့် ဂုဏ်ပြုကဗျာ ဖြစ်ပါတယ်)

သူ့ ကျွန် မခံ (မင်းကိုနိုင်)

10:27 PM | Posted by Anonymous

သူ့ ကျွန် မခံ



တိုင်း တစ်ပါး ကျွန်

စစ်တပ် ကျွန်

ဘယ် ကျွန် မှ မခံ .. ဒေါင်း အလံ ဟေ့ ..

ကျောင်း နံရံ တစ်ဝိုက်

ဒေါင်း အလံ ပြန် စိုက်မယ် ။


မင်းကိုနိုင်

၈-၈-၂၀၀၇

ရှစ်လေးလုံး ကြွေးကြော်သံ

10:20 PM | Posted by Anonymous

သပိတ် သပိတ် ....................... မှောက် မှောက်

မီးဒုတ် မီးဒုတ် ......................... ရှို့ ရှို့

ဒီမိုကရေစီ ရရှိရေး ....................... ( ဒို့ အရေး ) ၂

၂၀၁၀ ရွေးကောက်ပွဲ......................... ( အလိုမရှိ) ၂

လူသတ် အစိုးရ ........................ ( အလို မရှိ ) ၂

စစ်အာဏာရှင် စနစ် ................... ( တိုက်ဖျက် ပစ် ) ၂

အာဏာရူး စစ်ခေါင်းဆောင်တွေ .......................... ( ဖြုတ်ချ ပစ် ) ၂

စစ်ရာဇဝတ်ကောင် သန်းရွှေ၊ မောင်အေး ................ ( ထောင်ထဲ ပို့ ) ၂

နအဖ အစိုးရ ............................... ( ချက်ချင်း ဖျက် ) ၂

ပြည်သူ့ အစိုးရ ............................. ( ချက်ချင်း ဖွဲ့ ) ၂

တိုင်းရင်းသား အခွင့်အရေး ............... ( ချက်ချင်း ပေး ) ၂

နိုင်ငံရေး အကျဉ်းသား အားလုံး ........... ( ချက်ချင်း လွှတ် ) ၂

အကျဉ်းကျခံ သံဃာတော် များ ............... ( ချက်ချင်း လွှတ် ) ၂

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်... (ချက်ချင်းလွှတ်)၂

မင်းကိုနိုင် နှင့် ဖမ်းဆီးခံ ကျောင်းသားများ .... ( ချက်ချင်း လွှတ် ) ၂

ရှစ်လေးလုံး စိတ်ဓါတ် ........................... ( မြှင့် တင်ကြ )၂

ဒီမိုကရေစီ အရေးတော်ပုံ ...................... ( အောင် ရမည် ) ၂

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ( ၁၃၅၀ ပြည့် လူထုအရေးတော်ပုံ )

8:50 PM | Posted by Anonymous
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ( ၁၃၅၀ ပြည့် လူထုအရေးတော်ပုံ )




၁၉၈၅၊ ၁၉၈၇ ငွေစက္ကူ ၂ ကြိမ် ရုပ်သိမ်းခြင်း နှင့် ဆင်းရဲလာသော နိုင်ငံ


၃-၁၁-၁၉၈၅ တွင် ကျပ် ၁၀၀ တန်၊ ၅-၉-၁၉၈၇ တွင် ၂၅ / ၃၅/ ၇၅ ကျပ်တန် ငွေစက္ကူများကို တရားမဝင်တော့ကြောင်း ကြေညာလိုက်ခြင်းဖြင့် ပြည်တွင်း သုံးစွဲနေသော ငွေကြေး ၈၀ % ကို မဆလ အစိုးရက အတင်း အဓမ္မ သိမ်းပိုက်လိုက်သည်။ မဆလ အစိုးရ၏အုပ်ချုပ်မှုအောက် ချွတ်ခြုံကျ လာသော မြန်မာ နိုင်ငံ သည် ယခင် ဖွံ့ဖြိုးဆဲ နိုင်ငံမှ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ ( Least Development Country – LDC ) သို့ ၁၉၈၇၊ ဒီဇင်ဘာလ တွင် စာရင်းသွင်း အတည်ပြု ရောက်ရှိ သွားရသည်။

၁၃-၃-၁၉၈၈ ကိုဖုန်းမော် ကျဆုံးခြင်း
( စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် )

ရန်ကုန်စက်မှုတက္ကသိုလ် အနီး ကျောင်းသားနှင့် အရပ်သား တို့၏ သာမန် ပဋိပက္ခ ကို မဆလ အစိုးရက အကြမ်းဖက်ဖြေရှင်းခဲ့၍ ကျောင်းသား ကိုဖုန်းမော် သည် သေနတ်ဒါဏ်ရာ အချက်ပေါင်းများစွာဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။ မရှေးမနှောင်းမှာပင် ကိုစိုးနိုင် လည်း သေဆုံးခဲ့ရသည်။

တံတားဖြူ မှ တံတားနီ
စက်မှုတက္ကသိုလ် က ခါးသီးလှသော ဖိနှိပ်ခံခဲ့ရမှုအပေါ် မကျေနပ် ချက်များသည် ရန်ကုန်တက္ကသိုလ်သို့ ပြန့်နှံ့ လာရာမှ ၁၆-၃-၁၉၈၈ လုံထိန်း များ ၏အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် အင်းယားကန်ရေပြင်နှင့် တံတားဖြူ သည် ကျောင်းသား/သူ တို့၏ သွေးချင်းများ ဖြင့် နီ လာခဲ့ရသည်။

အချုပ်ကားထဲ က သေဆုံး သူ ( ၄၁ ) ဦး
တက္ကသိုလ်ကျောင်းများထဲက ရင်ဖွင့်သံများနှင့် ပြည်သူတို့၏ ခံစား နေရသော မကျေနပ်ချက်များ ပေါင်းသွားကြရာမှ မဆလ အစိုးရ၏ အရေးယူ ကိုင်တွယ်ပုံမှာ မတ်လ ၁၇ - ၁၈ ရက်များတွင် အချုပ်ကားအတွင်း လူ(၄၁)ဦး သေဆုံးရသည် အထိဖြစ်ခဲ့သည်။

ဇွန် ( ၂၁ ) သွေးစွန်းသော မြေနီကုန်း
မတ်လ၊ဇွန်လ ကျောင်းသားလှုပ်ရှားမှုကိုထောက်ခံသော မြေနီကုန်း ဆန္ဒပြမှု တွင် ကျောင်းသားငယ်များပါ သွေးမြေကျခဲ့ရသည်။

နေဝင်း ထွက်ပြီး ၊ စိန်လွင် တက်ပြီ
“ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်ခဲ့လို့ ရှိရင်တော့ .. စစ်တပ် ဆိုတာ.. ပစ်ရင် မှန်အောင်ပစ်တယ်... မိုးပေါ်ထောင်ပြီး ဖေါက်တာ မပါဘူး ... အဲဒါ .. နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ .. အဲဒီလို ဆူတဲ့လူတွေ .... မသက်သာဘူးသာ မှတ်ပေတော့ ..... ” ဟုနောက်ဆုံးပြောကြားသွားခဲ့သည့် ချိန်းခြောက်စကား နဲ့ အတူ နေဝင်း နှုတ်ထွက်ခဲ့ရသည်။
၂၃-၇-၁၉၈၈ တွင် လူသတ်သမား စိန်လွင် တက်လာသည်။

(မြန်မာ့ စစ်အာဏာရှင် နေဝင်း )

(သားသတ်သမား-လူသတ်သမား အမည်ရ လူသတ်ကောင် စိန်လွင်)

စစ်အုပ်ချုပ်ရေး စပြီ


ကျောင်းသားများ၏ တောင်းဆိုဆန္ဒပြ ခဲ့ကြမှုမှ အစပြုလာခဲ့ သော မကျေနပ်ချက်များ မှသည် မဆလ ၏အုပ်ချုပ်မှုအောက် တဖြည်းဖြည်းဆိုးဝါး လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေဆိုးများ ကြောင့် ကြပ် တည်း လာသော လူထုကြီးမှာ ပေါက်ကွဲရန် တာစူနေကြပြီ။ ကျောင်းသားနှင့် ရဟန်းရှင်လူ၊ ပြည်သူတို့ ပေါင်းစပ်သွားပြီး အထွေထွေသပိတ်ကြီး တစ်ခုစီသို့ တဖြည်းဖြည်း ဦးတည် လာနေခဲ့သည်။
၎-၈-၁၉၈၈ တွင် မဆလ က စစ်အုပ်ချုပ်ရေးကို စတင် လိုက်သည်။

၈-၈-၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး


(ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး)

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (ခေါ်) ၁၃၅၀ ပြည့် ဒီမိုကရေစီ လူထု အရေးတော်ပုံကြီးဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ် အတွက် တောင်းဆို တိုက်ပွဲ ဝင်ခဲ့ကြသည်။
၈-၈-၈၈ ည မှာပင် စစ်တပ်က လူထုကိုအကြမ်းဖက် ပစ်ခတ်နှိမ်နင်း ဖြိုခွင်းသည်။ လူထု ဆန္ဒပြပွဲများ တစ်နိုင်ငံလုံးသို့ ပြန့်နှံ့ လာသည်။
၁၈ ရက် သမ္မတ စိန်လွင် ဆင်းပေးခဲ့ရပြီး၊ ဒေါက်တာမောင်မောင် တက်လာခြင်းဖြင့် လူထုကို နှစ်သိမ့်ရန် ကြိုးစားသည်။ လူထုက မယုံကြည်။
တစ်တိုင်းပြည်လုံး အတိုင်းအတာအားဖြင့် လူထု ဆန္ဒပြပွဲကြီးများ၊ အထွေထွေ သပိတ်ကြီးများဖြင့် အစိုးရ အုပ်ချုပ်ရေး ယန္တယားများ အားလုံးကို ရပ်ဆိုင်းသွားစေသည်။ မဆလ တစ်ပါတီအာဏာရှင်အစိုးရကိုဖြုတ်ချခဲ့သည်။

(မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)

၂၆-၈-၁၉၈၈ တွင် ရွှေတိဂုံစေတီ အနောက်ဘက်မုခ်၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာ လူထု ၁ သိန်းကျော် တက်ရောက်ခဲ့သည်။


(ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်)

၂၈-၈-၁၉၈၈ တွင် ရန်ကုန်တက္ကသိုလ် အားကစားရုံ မြက်ခင်းပြင်၌ “ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ” ကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ သည်။ ယင်းနေ့တွင်ပင် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု ကလည်း ဒီမိုက ရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ် (ယာယီ) ကို တည်ထောင် ဖွဲ့စည်းသည်။

( နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု)

၉-၉-၁၉၈၈ တွင် ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ မိမိသာလျှင် တရားဝင် ဝန်ကြီးချုပ်ဖြစ်ကြောင်း ဦးနု က ကြေညာ သည်။
၁၁-၉-၁၉၈၈ တွင် မဆလ အရေးပေါ် လွှတ်တော်က ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်သည်။
အစာငတ်ခံ ဆန္ဒပြပွဲများ ပြုလုပ်၍ သပိတ်တိုက်ပွဲ အရှိန်ကို တိုးမြှင့် ကြသည်။ တပ်မတော်(လေ)၊ ကစလ တပ်၊ လက်ရုံးတပ်၊ ရဲတပ်ဖွဲ့ဝင်များ အထွေထွေသပိတ်တွင် ပူးပေါင်းပါဝင် လာကြသည်။ မဆလ ပါတီ နှုတ်ထွက် ရန်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်နှင့် ကြားဖြတ် အစိုးရ ဖွဲ့စည်းပေး ရန် လူထုက တောင်းဆိုလာကြသည်။ မလိုက်လျောပါက အဆုံးမသတ်နိုင် သော ဆန္ဒပြပွဲများနှင့် ရင်ဆိုင်ရမည်ဟု ပြည်သူလူထုက ရာဇသံပေးလိုက် သည်။
အစိုးရ၏ အုပ်ချုပ်ရေး ယန္တယားမှာ လုံးဝ ပြိုကွဲသွားသည်။ ရဟန်း သံဃာနှင့် ကျောင်းသားများ ဦးဆောင်မှုဖြင့် ရပ်ရွာလုံခြုံရေးကို ကိုယ်ပိုင် တာဝန် ယူကြရသည်။
စစ်တပ်၏ ပဉ္စမံ တပ်သားများက ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးကို သေးသိမ်စေရန်၊ အကျဉ်းတန်စေရန်၊ မင်းမဲ့စရိုက်ကို ဖန်တည်းရန် တန်ပြန် သပိတ် အဖျက်အမှောက် လုပ်ငန်းများကို လုပ်ဆောင်လာသည်။ နိုင်ငံတဝှမ်း ရှိ ထောင်များမှ အကျဉ်းသားများအား ထောင်တံခါးဖွင့် ပေးခဲ့ကြသည်။
၁၇-၉-၁၉၈၈ တွင် ရန်ကုန်မြို့၊ ကုန်သွယ်ရေးဌာန ရုံး အဆောက် အဦ ပေါ်မှ စစ်သားများက ဆန္ဒပြလူထုအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ သဖြင့် စစ်တပ်နှင့် ပြည်သူတို့ကို စတင်ထိပ်တိုက်တွေ့စေခဲ့သည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် မဆလ အစိုးရက ငြင်းဆန်သဖြင့် ဆန္ဒပြမှု အရှိန်အဟုန် ကြီးမား ခဲ့သည်။ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားရာ နယ်စပ် ဒေသများသို့ စစ်သင်တန်းနှင့် လက်နက်များ ရယူရန် ကျောင်းသား အချို့ စတင် ထွက်ခွာကြသည်။

စစ်တပ်က အာဏာ သိမ်းပြီ

(ဗိုလ်စောမောင်)

၁၈-၉-၁၉၈၈၊ ညနေ ၄ နာရီတွင် ဗိုလ်စောမောင် ခေါင်းဆောင်သော စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်သည်။ သပိတ်စခန်းများ ကို သိမ်းယူကာ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး အောက်သို့ ကျရောက်စေခဲ့သည်။

မပြီးဆုံးသေးသော လူထုတိုက်ပွဲ
ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးမှာ အကြမ်းဖက် ဖြိုခွင်းခြင်း ခံခဲ့ရသည်။ စစ်အုပ်စု၏ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည် ဟု လှည့်စားရန် ကြိုးစားသည်။ မဆလ တစ်ပါတီ အာဏာရှင်စနစ် မှ နဝတ စစ် အာဏာရှင်စနစ်သို့ အာဏာ လွှဲပြောင်းလိုက်ခြင်းပင် ဖြစ်သည်။

(၁၉၉၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ပြီးလျှင်ပြီးချင်း စစ်တပ် က စစ်တမ်းလျှား ပြန်မည်- အနိုင်ရပါတီကို အမြန်ဆုံးအာဏာလွှဲပေးမယ် လို့ ကတိပြုခဲ့သူ နဝတ ဗိုလ်ချုပ်မှူးကြီး ဗိုလ်စောမောင်ဆန္ဒမဲ ပေးနေပုံ )

ထောင်နှင့်ချီသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ များမှာ လူထု အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရပြီး၊ အများအပြားမှာ ဖမ်းဆီး၊ နှိပ်စက်၊ အကျဉ်းကျ ခံခဲ့ရပါသည်။ လူ့အခွင့်အရေးများ ဖိနှိပ်၊ ချိုးဖေါက်ခံ ကြရသည်။


(ကွယ်လွန်သွားပြီဖြစ်သော နဝတ ဗိုလ်ချုပ်မှူးကြီး ဗိုလ်စောမောင် နှင့် အတူတွေ့ရှိရသော လက်ရှိအာဏာသိမ်းစစ်အစိုးရ နအဖ အကြီးအကဲ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး ဗိုလ်သန်းရွှေ နှင့် ထောက်ချုပ်ဟောင်း ဗိုလ်ခင်ညွန့် တို့အား အတူတကွတွေ့ရှိရစဉ်)

ကျောင်းသားလူငယ်၊ ပြည်သူ အများအပြား မှာ စစ်အာဏာရှင်စနစ် လုံးဝ ပျက်သုန်းရေး အတွက် နည်းသဏ္ဌာန်မျိုးစုံ နှင့် ဆက်လက် တိုက်ပွဲဝင် သွားနိုင်ရန် တော်လှန်ရေးဒေသများ၊ နယ်စပ်ဒေသများ သို့ ထွက်ခွါသွား ခဲ့ကြ သည်။ မြေပေါ်၊ မြေအောက် တိုက်ပွဲဝင်ခဲ့ကြသည်။
တော်လှန်ရေး ရဲဘော်များ ဖြစ်သော အင်အားစု အသီးသီးတို့သည် စစ် အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ စစ်ဝါဒ ကျဆုံးရေး၊ ဒီမိုကရေစီ ရရှိရေး တို့အတွက် ပြည်တွင်း၊ပြည်ပတွင် ပုံစံသဏ္ဌာန် အမျိုးမျိုး၊ နည်းဗျူဟာ အမျိုးမျိုး တို့ဖြင့် ဆက်လက် တိုက်ပွဲဝင်နေ ကြဆဲပင် ဖြစ်သည်။


(ရှစ်လေးလုံး စိတ်ဓါတ်ကို ဆက်လက် စွဲကိုင်ခြင်းဖြင့် ပြည်သူအပေါ် သစ္စာရှိပါ)

တို့  တိုင်း ပြည် ( ဇော်ဂျီ )

8:45 PM | Posted by Anonymous
တို့  တိုင်း ပြည်

ထ လော့ မြန်မာ၊ အို မြန်မာ တို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ ၀ယ်
စေတီ စပါး၊ များလည်း များ၏
များပါ လေလည်း၊ တမွဲမွဲ နှင့်
ဆင်းရဲ ကာသာ၊ ကာလ ကြာလျှင်
ယာ စကာမျိုး၊ တညှိုးညှိုး နှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည် သွားလျှက်
မစား လေရ၊ ၀မ်း မ၀ ၍
ဆွမ်းမျှ မတင်နိုင်၊ ရှိမည်တည်း ။

ထ လော့ မြန်မာ၊ အို မြန်မာ တို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ ၀ယ်
ရေချို သောက်ရန်၊ မြစ်ချောင်း ကန် နှင့်
သီးနှံ ချိုပျား၊ များလည်း များ၏
များပါ လေလည်း၊ တမွဲမွဲ နှင့်
ဆင်းရဲ ကာသာ၊ ကာလ ကြာလျှင်
မြင်သာ မြင်ရ၊ မစား ရ၍
တောက ပြိတ္တာ၊ ဖြစ်မည်တည်း ။

ထ လော့ မြန်မာ၊ မြန်မာ ထ လော့၊
အား မပျော့ နှင့်၊ မလျော့ လုံ့ လ
သူက စ၍၊ ငါက အားလုံး
လက်ရုံး များမြောင်၊ ဉာဏ် များမြောင်နှင့်
စွမ်းဆောင် ကြလေ
ဤမြေ ဤရွာ၊ ဘယ်သူ့  ရွာလဲ
ဤယာ စပါး၊ ဘယ်သူ့  စပါးလဲ
ထားလော့ တာဝန်၊ ဉာဏ်ရှေ့  ပန်း၍
တ၀မ်း တစိတ်၊ ညီစေ သတည်း ။ ။ ( ဇော်ဂျီ )

၁၉၃၅ ခုနှစ် သြဂုတ်လ ကြီးပွါး ရေး မဂ္ဂဇင်း အတွဲ -၃ ၊ အမှတ် -၁၁၊

ဦးအောင်ဆန်း၏နောက်ဆုံးနေ့ (ရေး - ဒဂုန်တာရာ)

3:51 AM | Posted by Anonymous



ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသောပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန်(ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထား သည်။

၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင် သင့် တွေ့ သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါ လာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။

ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။

ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။

သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။

ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရ သည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။

ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည် ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက် တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ၊

လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်းကိုကျော်၍ဇော်ဂျီ၏အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာ လည်း တံခါး ပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည်ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်းအသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့တဖန်လှည့်၍ ‘‘အထဲမှာအစည်းအဝေးလုပ်နေသလား’’ ဟု မေးရသည်။

ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီးအတွင်းသို့ ၀င်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။

ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက် ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာတိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလိုအုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည်။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော်သည်ထိက်ကနဲဖြစ်သွားသည်။

‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။

‘‘မင်း မကြားသေးဘူးလား’’ဟု ဇော်ဂျီက အံ့သြနေသည်။

‘‘ဟင့်အင်း … ကျနော်အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ’’
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအားစတင်းဂန်းဖြင့်ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။

ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ်တုန်လာ သည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့် ကလေး က လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။

‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည်ငြီးတွားလျက်ရှိကြသည်။

ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်းတရပ်ပဲ’’ ဟု တသသပြောသည်။

‘‘ကျနော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကိုမတားကြ ဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’။

‘‘လူတွေဟာမပြောရက်ကြဘူး’’ ဟု ဇော်ဂျီကဆိုလေသည်။

လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံကပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က ၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှ တပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။

‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။

‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’

ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း(ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။

လူတယောက်က ကျနော်၏ လက်မောင်းကိုဆွဲကိုင်၍ ‘‘ဒီမယ်… ခုနက၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူးရင်းအသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက် သည်။ ကားသည် လမ်းမတော်ဘက်သို့ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက်ရှိသည်။

ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍ နေသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦး က‘‘အားကီး ရက်စက်တာပဲ’ဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ် ကား ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်းပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။

ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့်ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။

လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။

မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ဟူသောအသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။

တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။

ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။

တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တရေးနိုးတိုင်းသတိရလျက် ရှိသည်။ မကြာခဏအိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်ထိုညကို လွန်မြောက်ရသည်။

၁၉၄၇
သြဂုတ်လ

“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်မှ

အာဇာနည်နေ့ (သို့) နိုင်ငံတော် လုပ်ကြံမှုကြီး

Sunday, July 18, 2010 10:36 PM | Posted by Anonymous

စိုးရိမ်ဖွယ်ရာ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး (အိတ်ဖွင့်ပေးစာ)

10:34 PM | Posted by Anonymous
ရဲဘော်ကျော်သန်း

အတွေးခေါင်နေမလားတော့မသိပါ။ သတိဆိုတာ ပိုသည်မရှိ လိုသည်ချည်းပါ။ အာဇာနည်နေ့ အခါသမယမှာ ကောလဟဠအဖြစ် အွန်လိုင်းတွေမှာ ပေါ်ထွက်လာတဲ့ သတင်းတွေကို အခြေခံတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စိုးရိမ်စရာအခြေအနေတချို့ကို မျှဝေပေးချင်ပါတယ်။

စစ်အုပ်စုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကြားမှာ ဒေါ်စုကို ပြန်လွှတ်ပေးတော့မယ်ဆိုတဲ့ ကောလဟဠဖြစ်နေ တာ သီတင်းပတ်တွေ အတော်ကြာခဲ့ပါပြီ။ အခုတော့ အာဇာနည်နေ့မှာ လွတ်မယ်လို့ အတိအကျ အွန်လိုင်း တွေမှာ တွေ့လာရပါတယ်။ ဒီသတင်းတွေ စကြားစဉ်ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ မြင်မိပါတယ်။ တမင်ဖမ်း ဆီးထိန်းသိမ်းထားချင်လို့ ယက်ထောနဲ့ အမှုဆင်ထောင်ချခဲ့တဲ့ စစ်အုပ်စုဟာ ဒေါ်စုကို လွှတ်ပေးရင်တောင်မှ ရွေးကောက်ပွဲပြီးမှသာ ဖြစ်နိုင်မယ်လို့ ယူဆခဲ့တာပါ။

အခုတော့ အဲဒီစဉ်းစားချက်တွေကို အလေးအနက် ပြန်လည်သုံးသပ်စရာဖြစ်လာပါတယ်။ လွှတ်ပေးရင်လည်း အကောင်းထက် အဆိုးက ပိုများနေမလား စဉ်းစားမိလာပါတယ်။ ဝမ်းနည်းစရာ အဖြစ်ပျက်တွေများ ဖြစ်လာ လေဦးမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်မိပါတယ်။

အကြောင်းကတော့ စစ်အုပ်စုရဲ့ ပညာရေးဒုဝန်ကြီး ဗိုလ်မှုးချုပ်အောင်မျိုးမြင့်က ဒီလ (၆) ရက်နေ့က မန္တလေး တက္ကသိုလ်ရတနာပုံနယ်မြေမှာ ဆရာ/ဆရာမတွေ ကျောင်းသူကျောင်းသားတွေကို ကြံ့ဖွတ်အတွက် မဲဆွယ် စည်းရုံးရင်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရတာ သူတို့အတွက် တာဝန်ကြီးကြောင်း၊ တစုံတဦးက ဒေါ်စုကို စနိုက်ပါနဲ့ ချောင်းမြောင်းလုပ်ကြံခဲ့ရင် အများက သူတို့ (နအဖ) ကိုပဲ ရိုးစွပ်မှာဖြစ်ကြောင်း၊ အမေရိ ကန်ထောက်လှန်းရေး စီအိုင်အေကော မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်သွားတယ် ဆိုပါတယ်။ ဒီစကားကို သူရောက်လေရာ တွေ့ဆုံသူတိုင်းကို ပြောတယ်လို့ ကြားရပါတယ်။ ဒါဟာ သူတို့ရဲ့ ယုတ်မာပက်စက်တဲ့ အ ကြံအစည်အတွက်၊ ကြိုတင်လမ်းခင်းမှုလား၊ သို့တည်းမဟုတ် သူတို့ရဲ့ အကြံအစည် အကောင်အထည်ဖော်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေအတွက် တီးခေါက်ကြည့်တဲ့သဘော (searching- fire) လား စဉ်းစားစရာ ဖြစ်ပါတယ်။

ဒေါ်စုအတွက် ပိုပြီးစိုးရိမ်မိစေတဲ့ အချက်က လွန်ခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးခင်း မတိုင်မီက တွေ့ခဲ့ရတဲ့ ပြည် တွင်းမိတ်ဆွေတဦးရဲ့ ပြောပြချက်ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ ဒေါ်စုကို ထပ်လုပ်ကြံဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။ ဗိုလ်သန်းရွှေက ဗမာပြည်နိုင်ငံရေးမှာ ဒေါ်စုရှိနေတာကို လုံးဝမကြိုက်ပါဘူး၊ လက်မခံနိုင်ပါဘူး၊ မရှိ စေချင်ပါဘူး။ သူတို့လုပ်သမျှ မအောင်မြင်တာ ဒေါ်စုကြောင့်၊ သူတို့ကို လူထုမထောက်ခံတာ ဒေါ်စုကြောင့် လို့ ယူဆပါတယ်။ ဒါကြောင့် ဒေါ်စုကို သုတ်သင်ရှင်းလင်းရမယ်၊ ဒေါ်စု မရှိရင် ဗမာပြည်မှာ သူတို့လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ယူဆတယ်ဆိုပါတယ်။ ဒါပေမယ့် ဒေါ်စုဟာ သာမာန်ပုဂ္ဂိုလ်မဟုတ်လို့ အလွယ်တကူ သုတ် သင်ဖို့ မဖြစ်နိုင်လို့ ဟောလီးဝုဒ်ရုပ်ရှင်တွေထဲကလို၊ သမ္မတကနေဒီလုပ်ကြံမှု ပုံစံလို၊ ပြဇာတ်ဆန်ဆန် လုပ်ကြံ ဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။

သူတို့အကြံအစည်ကတော့ လက်ရွေးစင်လူတစု သို့မဟုတ် တဦးက ဒေါ်စုကို လုပ်ကြံမယ်။ အဲဒီလူကို နောက် တစုက ထပ်ပြီး သုတ်သင်မယ် (အဓိက တရားခံ prime suspect or hard evident ကို ဖျောက်ဖျက်တဲ့သ ဘော)။ နောက် အဲဒီလုပ်ကြံမှုမှာ ဒုတိယအဆင့် ပါဝင်ပတ်သက်သူကို ရုံးတင်စစ်ဆေး အပြစ်ပေးမယ်။ ပြီး တော့ ဒေါ်စုကို နိုင်ငံတော်အခမ်းအနားနဲ့ သင်္ဂြိုဟ်မယ်၊ ဒေါ်စုအတွက် အမှတ်တရ ကျောက်ရုပ်တခုထုလုပ် ဂုဏ်ပြုပြီး နိုင်ငံတကာနဲ့ ဗမာပြည်သူတွေကို မျက်လှည့်ပြပြီး လုပ်ကြံမှုက ရှောင်ထွက်မယ်လို့ ဆိုပါတယ်။ ဒီလို နဲ့ ဒေါ်စုကို အပျောက်ရှင်းပြီး သူတို့ရဲ့ ခြေရာလက်ရာကို အစဖျောက်ဘို့ အကြံအစည်ဖြစ်ပါတယ်။

ဒီတုန်းကတော့ ကျနော့်မိတ်ဆွေကို ဒါဟာ သိပ်စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ ပြောမိခဲ့ပါတယ်။ သူကလည်း ဘာမှပြန်မပြောတော့ သူလည်း ဒီအကြောင်း ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ဟန်တူပါတယ်။ အခုတော့ နောက် ထပ်သိလာရတဲ့ အချက်အလက်တွေအရ ဒီအရေး (စစ်အုပ်စုရဲ့ လျှို့ဝှက်အကြံနဲ့ ဒေါ်စုရဲ့လုံခြုံရေး) ဟာ အ လေးအနက်ထား စဉ်းစားရမယ့် အခြေအနေ၊ ကြိုတင်ကာကွယ်ရေးတွေ ဝိုင်းဝန်းရှာဖွေရမယ့် အခြေအနေတွေ ရှိနေပါပြီ။

ဟိုအရင်ကတော့ ဒီပဲယင်းလုပ်ကြံမှုဟာ ဒေါ်စုကို ခြောက်လှန့်ရုံသက်သက် (သို့) ဒေါ်စုနှင့် လူထုကို ခွဲခြားဖို့ သက်သက်ပဲလား၊ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြံစည်ခဲ့တာလားဆိုတာ သိပ်မကွဲပြား မသေချာခဲ့ပါဘူး။ အခု တော့ ဒီပဲယင်းလုပ်ကြံမှုဟာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ရည်ရွယ်တယ်ဆိုတာ ဦးတင်ဦးရဲ့ ကိုယ်တွေ့ ပြန်လည်ပြောပြချက်တွေနဲ့ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှန်းရေးဟောင်း ဗိုလ်အောင်လင်းထွဋ် ထုတ်ဖော်ဝန်ခံ ချက်တွေက အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ဦးတင်ဦးရဲ့ ပြန်လည်ပြောပြချက်တွေထဲမှာ တိုက်ခိုက်သူတွေ (အရပ်ဝတ်စစ်သားတွေနဲ့ အကျဉ်းသားတွေ) ဟာ ဒေါ်စုရဲ့ကားကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ပုံနဲ့ ဒေါ်စုကို ကြည်ညိုလေးစားတဲ့ ပါတီဝင်အမျိုးသား/အမျိုး သမီးတွေက အသက်ပေးကာကွယ်ခဲ့လို့ လွတ်မြောက်သွားရပုံတွေကို ပြောသွားခဲ့ပါတယ်။ ဗိုလ်မှုးအောင်လင်း ထွဋ်ကလည်း သူရဲ့စာတပိုဒ်ထဲမှာ ဗိုလ်ခင်ညွန့်က ဒီပဲယင်းအဖြစ်အပျက်တွေကို ဗိုလ်သန်းရွှေထံ သွားသတင်း ပို့တော့ သန်းရွှေက “အေး ငါသိတယ်၊ အဲဒါ ငါလုပ်ထားတာ မင်းဘာသာမင်း ကြည့်ရှင်းလိုက်” လို့ ပြန်ပြော တယ်လို့ ဖော်ထုတ်ထားပါတယ်။

နိုင်ငံရေးလုပ်ကြံမှုဆိုတာ တိုင်းပြည်တပြည် လူမျိုးတမျိုးရဲ့ အပေါ်ယံလွှာ အုပ်ချုပ်သူလူတန်းစားတွေထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်ဖြစ်ပါတယ်။ အများစုကတော့ ဖောက်ပြန်တဲ့လက္ခဏာရှိပါတယ်။ အောက်လွှာ အခြေခံလူတန်းစားနဲ့ ဆက်နွယ်မှုနည်းပါတယ်။ ဆက်နွယ်မှု ရှိလာပြီဆိုရင်လည်း အောက်ခြေလူထုအာဏာ ကို စုစည်းဖော်ထုတ်နိုင်ပြီး လူထုအာဏာကို မြှင့်တင်ဖို့ ကြိုးစားခဲ့တဲ့ လူထုခေါင်းဆောင်တွေ လုပ်ကြံသတ် ဖြတ်ခံရတာနဲ့ အဆုံးသတ်သွားလေ့ရှိပါတယ်။

ကမ္ဘာ့သမိုင်းစဉ်တလျှောက်မှာ နိုင်ငံရေးလုပ်ကြံမှုနဲ့ ကင်းလွတ်တဲ့ နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။ အဲဒီထဲမှာ ဗမာပြည်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်မှုတခုကတော့ အင်္ဂလန် လစ်ဘရယ်နိုင်ငံရေးပုံစံ ထူထောင်ခဲ့ကြတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ ကိုလိုနီ နိုင်ငံဟောင်းတွေမှာလည်း နိုင်ငံရေးလုပ်ကြံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အချက်ပါ။ ဗမာပြည်ကတော့ လွတ်လတ်ရေး သန္ဓေတည်စမှာပဲ နိုင်ငံရေး လုပ်ကြံမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပိုပြီးလည်း ပက်စက်ပါတယ်။ လုပ်ကြံမှုမှာ ခေါင်းဆောင်အများစု ဆုံးရှုံးခဲ့ရလို့ ပန်းကောင်းအညွန့်ကျိုး၊ တာမထွက်ခင် မြင်းကောင်းခွာလိပ်ဖြစ်ခဲ့ရတာပါ။ လက်ရှိဗမာလူထု ရင်ဆိုင်ခံစားနေရ တဲ့ ဒုက္ခသုက္ခအပေါင်းနဲ့ စစ်အာစဏာရှင်စံနစ်ဟာ ဒီနိုင်ရေးလုပ်ကြံမှုရဲ့အကျိုးဆက်လို့လည်း ပြောနိုင်ပါတယ်။

လက်ခံနိုင်စရာမဟုတ်ပေမယ့် အိန္ဒိယ၊ ပါကစ္စတန်စတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးလုပ်ကြံမှုတွေက တစုံတ ရာသော အတွေးအခေါ် အယူအဆ၊ တခုသော လူအုပ်စု ရည်ရွယ်ချက်တခုခုအတွက် ကိုယ်စားပြုတယ်လို့ ဆို နိုင်ပါတယ်။ ဗမာပြည် ရင်ဆိုင်လိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံလိုက်ရတဲ့ လုပ်ကြံမှုကတော့ အင်္ဂ လိပ်နယ်ချဲ့စနစ်နဲ့ အင်္ဂလိပ်ဓနရှင်တစုက အရင်းခံအကြောင်းလို့ ဆိုသော်လည်း ကာယကံမြောက် ကျူးလွန် သူကတော့ ဗမာတယောက်ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အာဃာတ သို့မဟုတ် ပုဂ္ဂိုလ်ရေးလောဘဆန္ဒကြောင့် ကျူးလွန်ခဲ့တာပါ။ အင်မတန် ကျဉ်းမြောင်းပါတယ်။ ဒါကြောင့် တဘက်က တွေးကြည့်ရင် အမျိုးသားရေး ဂုဏ် သိက္ခာမဲ့မှုတခုဖြစ်ပါတယ်။

အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ ဖောက်ပြန်မှုပုံစံအမျိုးမျိုးနဲ့ နိုင်ငံတကာအလယ်မှာ အမျိုးသားရေး ဂုဏ်သိက္ခာကို တရစ်ပြီးတရစ်ချခဲ့တယ်။

အမြင်မတူတဲ့ နိုင်ငံရေး ပြိုင်ဘက်၊ ကျောင်းသားပြည်သူတွေကို သတ်ဖြတ်ပြီး ရိုင်းစိုင်းရက်စက်မှုကို ပြခဲ့တယ်။

ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သတ်၊ ဘုရားကျောင်းကန်တွေ ဖျက်ဆီးပြီး အာဏာလောဘနဲ့ သူရဲ ဘောကြောင်မှုကို ပြခဲ့တယ်။

နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်တွေအပေါ် နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး လူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာမှုကို ပြခဲ့တယ်။

နိုင်ငံရေးကတိ အမျိုးမျိုးပေးပြီး ဗြောင်လိမ်ဗြောင်စားနဲ့ အရှက်သိက္ခာမဲ့မှု ယုတ်မာပက်စက်မှုကို ပြခဲ့တယ်။

အခုလည်း အမျိုးသားရေး ဂုဏ်သိက္ခာပျက်စေမယ့်၊ အမျိုးသားရေး ဆုံးရှုံးမှုကြီးကို ဖြစ်စေမယ့် ယုတ်မာပက် စက်တဲ့ အကြံအစည်တခုကို အားထုတ်နေပြန်ပြီလို့ ယူဆရပါတယ်။ အခုလို အာဇာနည်နေ့ အခါသမယမှာ ဗိုလ်ချုပ်အောင်းဆန်းနဲ့ အာဇာနည်ကြီးတွေရဲ့ ဂုဏ်ပုဒ်တွေကို ချီးမွမ်းခြင်း၊ ဂဠုန်ဦးစောရဲ့ ယုတ်မာတဲ့ လုပ်ရပ် ကို ရှုတ်ချခြင်းတွေ လျော့ပါးပြီး ဂဠုန်စောရဲ့အစွမ်းအစနဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ဖော်သလို ပြည်တွင်းစာစောင် တွေမှာ ဖော်ပြနေတာ တွေ့ရတယ်။ ဒါဟာ နောင်ဖြစ်ပေါ်လာစရာရှိတဲ့ ဂဠုန်စောလို လုပ်ရပ်တခုအတွက် ကြို တင် လမ်းခင်းနေတာများလား စဉ်းစားစရာဖြစ်ပါတယ်။

ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုဟာ အနှစ် (၂၀) ကျော်ခဲ့ပါပြီ အခုထိ မပြီးဆုံးသေးပါ။ ဒါဟာ ကျနော်တို့အရေးတော်ပုံတပ်သားတွေနဲ့ ပြည်သူလူထုရဲ့ အားထုတ်ပံ့ပိုးမှု လိုအပ်နေဆဲဆိုတာကို ပြသလို ဒေါ် အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ဝေဖန်စရာတွေ ရှိကောင်းရှိမှာပါ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကို ခံယူရရှိထားဆဲဖြစ်ပါ တယ်။ လူထုရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ခါးခါးသီးသီး ကွဲလွဲနေတဲ့ စစ်အာဏာရှင် အုပ်စုနဲ့ ပြည်သူလူထု အ ကြားက ပဋိပက္ခရဲ့အဖြေလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးရှုံးစေမှုဟာ ဗမာပြည်သူတွေအ တွက် အမျိုးသားရေးဆိုင်ရာ ဂုဏ်သိက္ခာပျက်သုဉ်းမှုဖြစ်စေသလို နိုင်ငံတကာမိသားစုအတွက်လည်း အမှန်တ ရားဆိုင်ရာ ရှုံးနိမ့်မှုဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာသာမက နိုင်ငံတကာမိသားစုရဲ့ စောင့်ကြည့်ကာကွယ်မှုကို လို အပ်နေပြီဖြစ်ပါတယ်။

ဗမာပြည်မှာ ဒုတိယအာဇာနည်နေ့ ထပ်မံမပေါ်ပေါက်ရေး သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်သန်း ရွှေနဲ့ စစ်အုပ်စုရဲ့ ပက်စက်ယုတ်မာတဲ့ အကြံစည်မှကာကွယ်ရေးဟာ လူစိတ်မကုန်သေးတဲ့ နအဖ ဝန်ထမ်းများ အပါအဝင် ပြည်သူတရပ်လုံးရဲ့တာဝန်ဖြစ်ကြောင်း နှိုးဆော်သတိပေးအပ်ပါတယ်။

ဒါဟာ အမျိုးသားဂုဏ်သိက္ခာ ကာကွယ်ရေးဖြစ်ပါတယ်။ လက်ငင်းအမျိုးသားရေး တာဝန်ဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း