ဦးအောင်ဆန်း၏နောက်ဆုံးနေ့ (ရေး - ဒဂုန်တာရာ)

Monday, July 19, 2010 3:51 AM | Posted by Anonymous



ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသောပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန်(ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထား သည်။

၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင် သင့် တွေ့ သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါ လာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။

ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။

ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။

သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။

ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရ သည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။

ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည် ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက် တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ၊

လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်းကိုကျော်၍ဇော်ဂျီ၏အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာ လည်း တံခါး ပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည်ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်းအသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့တဖန်လှည့်၍ ‘‘အထဲမှာအစည်းအဝေးလုပ်နေသလား’’ ဟု မေးရသည်။

ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီးအတွင်းသို့ ၀င်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။

ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက် ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာတိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလိုအုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည်။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော်သည်ထိက်ကနဲဖြစ်သွားသည်။

‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။

‘‘မင်း မကြားသေးဘူးလား’’ဟု ဇော်ဂျီက အံ့သြနေသည်။

‘‘ဟင့်အင်း … ကျနော်အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ’’
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအားစတင်းဂန်းဖြင့်ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။

ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ်တုန်လာ သည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့် ကလေး က လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။

‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည်ငြီးတွားလျက်ရှိကြသည်။

ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်းတရပ်ပဲ’’ ဟု တသသပြောသည်။

‘‘ကျနော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကိုမတားကြ ဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’။

‘‘လူတွေဟာမပြောရက်ကြဘူး’’ ဟု ဇော်ဂျီကဆိုလေသည်။

လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံကပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က ၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှ တပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။

‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။

‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’

ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း(ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။

လူတယောက်က ကျနော်၏ လက်မောင်းကိုဆွဲကိုင်၍ ‘‘ဒီမယ်… ခုနက၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူးရင်းအသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက် သည်။ ကားသည် လမ်းမတော်ဘက်သို့ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက်ရှိသည်။

ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍ နေသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦး က‘‘အားကီး ရက်စက်တာပဲ’ဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ် ကား ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်းပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။

ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့်ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။

လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။

မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ဟူသောအသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။

တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။

ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။

တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တရေးနိုးတိုင်းသတိရလျက် ရှိသည်။ မကြာခဏအိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်ထိုညကို လွန်မြောက်ရသည်။

၁၉၄၇
သြဂုတ်လ

“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်မှ

အာဇာနည်နေ့ (သို့) နိုင်ငံတော် လုပ်ကြံမှုကြီး

Sunday, July 18, 2010 10:36 PM | Posted by Anonymous

စိုးရိမ်ဖွယ်ရာ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး (အိတ်ဖွင့်ပေးစာ)

10:34 PM | Posted by Anonymous
ရဲဘော်ကျော်သန်း

အတွေးခေါင်နေမလားတော့မသိပါ။ သတိဆိုတာ ပိုသည်မရှိ လိုသည်ချည်းပါ။ အာဇာနည်နေ့ အခါသမယမှာ ကောလဟဠအဖြစ် အွန်လိုင်းတွေမှာ ပေါ်ထွက်လာတဲ့ သတင်းတွေကို အခြေခံတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စိုးရိမ်စရာအခြေအနေတချို့ကို မျှဝေပေးချင်ပါတယ်။

စစ်အုပ်စုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကြားမှာ ဒေါ်စုကို ပြန်လွှတ်ပေးတော့မယ်ဆိုတဲ့ ကောလဟဠဖြစ်နေ တာ သီတင်းပတ်တွေ အတော်ကြာခဲ့ပါပြီ။ အခုတော့ အာဇာနည်နေ့မှာ လွတ်မယ်လို့ အတိအကျ အွန်လိုင်း တွေမှာ တွေ့လာရပါတယ်။ ဒီသတင်းတွေ စကြားစဉ်ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ မြင်မိပါတယ်။ တမင်ဖမ်း ဆီးထိန်းသိမ်းထားချင်လို့ ယက်ထောနဲ့ အမှုဆင်ထောင်ချခဲ့တဲ့ စစ်အုပ်စုဟာ ဒေါ်စုကို လွှတ်ပေးရင်တောင်မှ ရွေးကောက်ပွဲပြီးမှသာ ဖြစ်နိုင်မယ်လို့ ယူဆခဲ့တာပါ။

အခုတော့ အဲဒီစဉ်းစားချက်တွေကို အလေးအနက် ပြန်လည်သုံးသပ်စရာဖြစ်လာပါတယ်။ လွှတ်ပေးရင်လည်း အကောင်းထက် အဆိုးက ပိုများနေမလား စဉ်းစားမိလာပါတယ်။ ဝမ်းနည်းစရာ အဖြစ်ပျက်တွေများ ဖြစ်လာ လေဦးမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်မိပါတယ်။

အကြောင်းကတော့ စစ်အုပ်စုရဲ့ ပညာရေးဒုဝန်ကြီး ဗိုလ်မှုးချုပ်အောင်မျိုးမြင့်က ဒီလ (၆) ရက်နေ့က မန္တလေး တက္ကသိုလ်ရတနာပုံနယ်မြေမှာ ဆရာ/ဆရာမတွေ ကျောင်းသူကျောင်းသားတွေကို ကြံ့ဖွတ်အတွက် မဲဆွယ် စည်းရုံးရင်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရတာ သူတို့အတွက် တာဝန်ကြီးကြောင်း၊ တစုံတဦးက ဒေါ်စုကို စနိုက်ပါနဲ့ ချောင်းမြောင်းလုပ်ကြံခဲ့ရင် အများက သူတို့ (နအဖ) ကိုပဲ ရိုးစွပ်မှာဖြစ်ကြောင်း၊ အမေရိ ကန်ထောက်လှန်းရေး စီအိုင်အေကော မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်သွားတယ် ဆိုပါတယ်။ ဒီစကားကို သူရောက်လေရာ တွေ့ဆုံသူတိုင်းကို ပြောတယ်လို့ ကြားရပါတယ်။ ဒါဟာ သူတို့ရဲ့ ယုတ်မာပက်စက်တဲ့ အ ကြံအစည်အတွက်၊ ကြိုတင်လမ်းခင်းမှုလား၊ သို့တည်းမဟုတ် သူတို့ရဲ့ အကြံအစည် အကောင်အထည်ဖော်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေအတွက် တီးခေါက်ကြည့်တဲ့သဘော (searching- fire) လား စဉ်းစားစရာ ဖြစ်ပါတယ်။

ဒေါ်စုအတွက် ပိုပြီးစိုးရိမ်မိစေတဲ့ အချက်က လွန်ခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးခင်း မတိုင်မီက တွေ့ခဲ့ရတဲ့ ပြည် တွင်းမိတ်ဆွေတဦးရဲ့ ပြောပြချက်ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ ဒေါ်စုကို ထပ်လုပ်ကြံဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။ ဗိုလ်သန်းရွှေက ဗမာပြည်နိုင်ငံရေးမှာ ဒေါ်စုရှိနေတာကို လုံးဝမကြိုက်ပါဘူး၊ လက်မခံနိုင်ပါဘူး၊ မရှိ စေချင်ပါဘူး။ သူတို့လုပ်သမျှ မအောင်မြင်တာ ဒေါ်စုကြောင့်၊ သူတို့ကို လူထုမထောက်ခံတာ ဒေါ်စုကြောင့် လို့ ယူဆပါတယ်။ ဒါကြောင့် ဒေါ်စုကို သုတ်သင်ရှင်းလင်းရမယ်၊ ဒေါ်စု မရှိရင် ဗမာပြည်မှာ သူတို့လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ယူဆတယ်ဆိုပါတယ်။ ဒါပေမယ့် ဒေါ်စုဟာ သာမာန်ပုဂ္ဂိုလ်မဟုတ်လို့ အလွယ်တကူ သုတ် သင်ဖို့ မဖြစ်နိုင်လို့ ဟောလီးဝုဒ်ရုပ်ရှင်တွေထဲကလို၊ သမ္မတကနေဒီလုပ်ကြံမှု ပုံစံလို၊ ပြဇာတ်ဆန်ဆန် လုပ်ကြံ ဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။

သူတို့အကြံအစည်ကတော့ လက်ရွေးစင်လူတစု သို့မဟုတ် တဦးက ဒေါ်စုကို လုပ်ကြံမယ်။ အဲဒီလူကို နောက် တစုက ထပ်ပြီး သုတ်သင်မယ် (အဓိက တရားခံ prime suspect or hard evident ကို ဖျောက်ဖျက်တဲ့သ ဘော)။ နောက် အဲဒီလုပ်ကြံမှုမှာ ဒုတိယအဆင့် ပါဝင်ပတ်သက်သူကို ရုံးတင်စစ်ဆေး အပြစ်ပေးမယ်။ ပြီး တော့ ဒေါ်စုကို နိုင်ငံတော်အခမ်းအနားနဲ့ သင်္ဂြိုဟ်မယ်၊ ဒေါ်စုအတွက် အမှတ်တရ ကျောက်ရုပ်တခုထုလုပ် ဂုဏ်ပြုပြီး နိုင်ငံတကာနဲ့ ဗမာပြည်သူတွေကို မျက်လှည့်ပြပြီး လုပ်ကြံမှုက ရှောင်ထွက်မယ်လို့ ဆိုပါတယ်။ ဒီလို နဲ့ ဒေါ်စုကို အပျောက်ရှင်းပြီး သူတို့ရဲ့ ခြေရာလက်ရာကို အစဖျောက်ဘို့ အကြံအစည်ဖြစ်ပါတယ်။

ဒီတုန်းကတော့ ကျနော့်မိတ်ဆွေကို ဒါဟာ သိပ်စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ ပြောမိခဲ့ပါတယ်။ သူကလည်း ဘာမှပြန်မပြောတော့ သူလည်း ဒီအကြောင်း ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ဟန်တူပါတယ်။ အခုတော့ နောက် ထပ်သိလာရတဲ့ အချက်အလက်တွေအရ ဒီအရေး (စစ်အုပ်စုရဲ့ လျှို့ဝှက်အကြံနဲ့ ဒေါ်စုရဲ့လုံခြုံရေး) ဟာ အ လေးအနက်ထား စဉ်းစားရမယ့် အခြေအနေ၊ ကြိုတင်ကာကွယ်ရေးတွေ ဝိုင်းဝန်းရှာဖွေရမယ့် အခြေအနေတွေ ရှိနေပါပြီ။

ဟိုအရင်ကတော့ ဒီပဲယင်းလုပ်ကြံမှုဟာ ဒေါ်စုကို ခြောက်လှန့်ရုံသက်သက် (သို့) ဒေါ်စုနှင့် လူထုကို ခွဲခြားဖို့ သက်သက်ပဲလား၊ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြံစည်ခဲ့တာလားဆိုတာ သိပ်မကွဲပြား မသေချာခဲ့ပါဘူး။ အခု တော့ ဒီပဲယင်းလုပ်ကြံမှုဟာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ရည်ရွယ်တယ်ဆိုတာ ဦးတင်ဦးရဲ့ ကိုယ်တွေ့ ပြန်လည်ပြောပြချက်တွေနဲ့ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှန်းရေးဟောင်း ဗိုလ်အောင်လင်းထွဋ် ထုတ်ဖော်ဝန်ခံ ချက်တွေက အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ဦးတင်ဦးရဲ့ ပြန်လည်ပြောပြချက်တွေထဲမှာ တိုက်ခိုက်သူတွေ (အရပ်ဝတ်စစ်သားတွေနဲ့ အကျဉ်းသားတွေ) ဟာ ဒေါ်စုရဲ့ကားကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ပုံနဲ့ ဒေါ်စုကို ကြည်ညိုလေးစားတဲ့ ပါတီဝင်အမျိုးသား/အမျိုး သမီးတွေက အသက်ပေးကာကွယ်ခဲ့လို့ လွတ်မြောက်သွားရပုံတွေကို ပြောသွားခဲ့ပါတယ်။ ဗိုလ်မှုးအောင်လင်း ထွဋ်ကလည်း သူရဲ့စာတပိုဒ်ထဲမှာ ဗိုလ်ခင်ညွန့်က ဒီပဲယင်းအဖြစ်အပျက်တွေကို ဗိုလ်သန်းရွှေထံ သွားသတင်း ပို့တော့ သန်းရွှေက “အေး ငါသိတယ်၊ အဲဒါ ငါလုပ်ထားတာ မင်းဘာသာမင်း ကြည့်ရှင်းလိုက်” လို့ ပြန်ပြော တယ်လို့ ဖော်ထုတ်ထားပါတယ်။

နိုင်ငံရေးလုပ်ကြံမှုဆိုတာ တိုင်းပြည်တပြည် လူမျိုးတမျိုးရဲ့ အပေါ်ယံလွှာ အုပ်ချုပ်သူလူတန်းစားတွေထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်ဖြစ်ပါတယ်။ အများစုကတော့ ဖောက်ပြန်တဲ့လက္ခဏာရှိပါတယ်။ အောက်လွှာ အခြေခံလူတန်းစားနဲ့ ဆက်နွယ်မှုနည်းပါတယ်။ ဆက်နွယ်မှု ရှိလာပြီဆိုရင်လည်း အောက်ခြေလူထုအာဏာ ကို စုစည်းဖော်ထုတ်နိုင်ပြီး လူထုအာဏာကို မြှင့်တင်ဖို့ ကြိုးစားခဲ့တဲ့ လူထုခေါင်းဆောင်တွေ လုပ်ကြံသတ် ဖြတ်ခံရတာနဲ့ အဆုံးသတ်သွားလေ့ရှိပါတယ်။

ကမ္ဘာ့သမိုင်းစဉ်တလျှောက်မှာ နိုင်ငံရေးလုပ်ကြံမှုနဲ့ ကင်းလွတ်တဲ့ နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။ အဲဒီထဲမှာ ဗမာပြည်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်မှုတခုကတော့ အင်္ဂလန် လစ်ဘရယ်နိုင်ငံရေးပုံစံ ထူထောင်ခဲ့ကြတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ ကိုလိုနီ နိုင်ငံဟောင်းတွေမှာလည်း နိုင်ငံရေးလုပ်ကြံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အချက်ပါ။ ဗမာပြည်ကတော့ လွတ်လတ်ရေး သန္ဓေတည်စမှာပဲ နိုင်ငံရေး လုပ်ကြံမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပိုပြီးလည်း ပက်စက်ပါတယ်။ လုပ်ကြံမှုမှာ ခေါင်းဆောင်အများစု ဆုံးရှုံးခဲ့ရလို့ ပန်းကောင်းအညွန့်ကျိုး၊ တာမထွက်ခင် မြင်းကောင်းခွာလိပ်ဖြစ်ခဲ့ရတာပါ။ လက်ရှိဗမာလူထု ရင်ဆိုင်ခံစားနေရ တဲ့ ဒုက္ခသုက္ခအပေါင်းနဲ့ စစ်အာစဏာရှင်စံနစ်ဟာ ဒီနိုင်ရေးလုပ်ကြံမှုရဲ့အကျိုးဆက်လို့လည်း ပြောနိုင်ပါတယ်။

လက်ခံနိုင်စရာမဟုတ်ပေမယ့် အိန္ဒိယ၊ ပါကစ္စတန်စတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးလုပ်ကြံမှုတွေက တစုံတ ရာသော အတွေးအခေါ် အယူအဆ၊ တခုသော လူအုပ်စု ရည်ရွယ်ချက်တခုခုအတွက် ကိုယ်စားပြုတယ်လို့ ဆို နိုင်ပါတယ်။ ဗမာပြည် ရင်ဆိုင်လိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံလိုက်ရတဲ့ လုပ်ကြံမှုကတော့ အင်္ဂ လိပ်နယ်ချဲ့စနစ်နဲ့ အင်္ဂလိပ်ဓနရှင်တစုက အရင်းခံအကြောင်းလို့ ဆိုသော်လည်း ကာယကံမြောက် ကျူးလွန် သူကတော့ ဗမာတယောက်ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အာဃာတ သို့မဟုတ် ပုဂ္ဂိုလ်ရေးလောဘဆန္ဒကြောင့် ကျူးလွန်ခဲ့တာပါ။ အင်မတန် ကျဉ်းမြောင်းပါတယ်။ ဒါကြောင့် တဘက်က တွေးကြည့်ရင် အမျိုးသားရေး ဂုဏ် သိက္ခာမဲ့မှုတခုဖြစ်ပါတယ်။

အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ ဖောက်ပြန်မှုပုံစံအမျိုးမျိုးနဲ့ နိုင်ငံတကာအလယ်မှာ အမျိုးသားရေး ဂုဏ်သိက္ခာကို တရစ်ပြီးတရစ်ချခဲ့တယ်။

အမြင်မတူတဲ့ နိုင်ငံရေး ပြိုင်ဘက်၊ ကျောင်းသားပြည်သူတွေကို သတ်ဖြတ်ပြီး ရိုင်းစိုင်းရက်စက်မှုကို ပြခဲ့တယ်။

ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သတ်၊ ဘုရားကျောင်းကန်တွေ ဖျက်ဆီးပြီး အာဏာလောဘနဲ့ သူရဲ ဘောကြောင်မှုကို ပြခဲ့တယ်။

နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်တွေအပေါ် နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး လူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာမှုကို ပြခဲ့တယ်။

နိုင်ငံရေးကတိ အမျိုးမျိုးပေးပြီး ဗြောင်လိမ်ဗြောင်စားနဲ့ အရှက်သိက္ခာမဲ့မှု ယုတ်မာပက်စက်မှုကို ပြခဲ့တယ်။

အခုလည်း အမျိုးသားရေး ဂုဏ်သိက္ခာပျက်စေမယ့်၊ အမျိုးသားရေး ဆုံးရှုံးမှုကြီးကို ဖြစ်စေမယ့် ယုတ်မာပက် စက်တဲ့ အကြံအစည်တခုကို အားထုတ်နေပြန်ပြီလို့ ယူဆရပါတယ်။ အခုလို အာဇာနည်နေ့ အခါသမယမှာ ဗိုလ်ချုပ်အောင်းဆန်းနဲ့ အာဇာနည်ကြီးတွေရဲ့ ဂုဏ်ပုဒ်တွေကို ချီးမွမ်းခြင်း၊ ဂဠုန်ဦးစောရဲ့ ယုတ်မာတဲ့ လုပ်ရပ် ကို ရှုတ်ချခြင်းတွေ လျော့ပါးပြီး ဂဠုန်စောရဲ့အစွမ်းအစနဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ဖော်သလို ပြည်တွင်းစာစောင် တွေမှာ ဖော်ပြနေတာ တွေ့ရတယ်။ ဒါဟာ နောင်ဖြစ်ပေါ်လာစရာရှိတဲ့ ဂဠုန်စောလို လုပ်ရပ်တခုအတွက် ကြို တင် လမ်းခင်းနေတာများလား စဉ်းစားစရာဖြစ်ပါတယ်။

ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုဟာ အနှစ် (၂၀) ကျော်ခဲ့ပါပြီ အခုထိ မပြီးဆုံးသေးပါ။ ဒါဟာ ကျနော်တို့အရေးတော်ပုံတပ်သားတွေနဲ့ ပြည်သူလူထုရဲ့ အားထုတ်ပံ့ပိုးမှု လိုအပ်နေဆဲဆိုတာကို ပြသလို ဒေါ် အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ဝေဖန်စရာတွေ ရှိကောင်းရှိမှာပါ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကို ခံယူရရှိထားဆဲဖြစ်ပါ တယ်။ လူထုရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ခါးခါးသီးသီး ကွဲလွဲနေတဲ့ စစ်အာဏာရှင် အုပ်စုနဲ့ ပြည်သူလူထု အ ကြားက ပဋိပက္ခရဲ့အဖြေလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးရှုံးစေမှုဟာ ဗမာပြည်သူတွေအ တွက် အမျိုးသားရေးဆိုင်ရာ ဂုဏ်သိက္ခာပျက်သုဉ်းမှုဖြစ်စေသလို နိုင်ငံတကာမိသားစုအတွက်လည်း အမှန်တ ရားဆိုင်ရာ ရှုံးနိမ့်မှုဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာသာမက နိုင်ငံတကာမိသားစုရဲ့ စောင့်ကြည့်ကာကွယ်မှုကို လို အပ်နေပြီဖြစ်ပါတယ်။

ဗမာပြည်မှာ ဒုတိယအာဇာနည်နေ့ ထပ်မံမပေါ်ပေါက်ရေး သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်သန်း ရွှေနဲ့ စစ်အုပ်စုရဲ့ ပက်စက်ယုတ်မာတဲ့ အကြံစည်မှကာကွယ်ရေးဟာ လူစိတ်မကုန်သေးတဲ့ နအဖ ဝန်ထမ်းများ အပါအဝင် ပြည်သူတရပ်လုံးရဲ့တာဝန်ဖြစ်ကြောင်း နှိုးဆော်သတိပေးအပ်ပါတယ်။

ဒါဟာ အမျိုးသားဂုဏ်သိက္ခာ ကာကွယ်ရေးဖြစ်ပါတယ်။ လက်ငင်းအမျိုးသားရေး တာဝန်ဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း

ဗိုလ်အောင်ဆန်း

Saturday, July 17, 2010 5:52 AM | Posted by Anonymous

အလယ်တန်းပြ ဆရာမမှ ကျောင်းသူနှစ်ဦးကို ထိုင်၊ ထ အကြိမ်တထောင် အပြစ်ပေး

5:51 AM | Posted by Anonymous

သင်္ချာပုစ္ဆာမတွက်နိုင်သဖြင့် အလယ်တန်း ကျောင်းသူနှစ်ဦးကို သင်္ချာဆရာမက ထိုင်၊ ထ အကြိမ်တထောင် အပြစ်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့က တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ အေးရိပ်ငြိမ်အထက်ကျောင်းတွင် အလယ်တန်းပြ သင်္ချာဆရာမက အသက် (၁၃)နှစ်အရွယ် သတ္တမတန်းကျောင်းသူ မဇာလွင်နှင့် မဇင်နိုင်ကို တို့(၂)ဦးကို မသင်ရသေးသော သင်္ချာပုစ္ဆာများ တွက်ခိုင်းပြီး မတွက်နိုင်သောကြောင့် ထိုင်၊ ထ အကြိမ် (၁၀၀၀) အပြစ်ဒဏ် ပေးခဲ့သည်။

ဆရာမအပြစ်ဒဏ်ပေးသည့်အတိုင်း ထိုင်၊ ထလုပ်နေစဉ် မဇာလွင်မှာ အကြိမ် (၈၀၀)ပြည့်ချိန်နှင့် မဇင်နိုင်မှာ အကြိမ် (၂၁၀)ပြည့်သည့်အချိန်တွင် ကျောင်းဆင်း ခေါင်းလောင်းထိုးသောကြောင့် ရပ်နားခဲ့ရသည်ဟု မဇာလွင်က ပြောပြသည်။

“သမီးကို သင်္ချာတွက်ရအောင်လို့ သင်္ချာဆရာမ ဒေါ်နေဇာထွန်းက ခေါ်ပါတယ်။ သမီးကို စာတော်တယ်ဆိုပြီး အမြဲခေါ်ပါတယ်။ ပထ၀ီလည်းမေး၊ သမိုင်းလည်းမေးတယ်ရှင့်။ ပြီးတော့ မသင်ရသေးတဲ့ သင်္ချာကို တွက်ခိုင်းတော့ သမီးတို့ မတွက်တတ်ဘူးလေ။ မတတ်ရကောင်းလားဆိုပြီး သမီးကို ထိုင်၊ ထအကြိမ်(၁၀၀၀) လုပ်ခိုင်းပါတယ်။ သမီးရှက်လည်း ရှက်တယ်။ ၀မ်းလည်း နည်းတယ်ရှင့်။ ကိုယ်လက်တွေနာလို့ သမီးလမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ဒီနေ့ သမီး ကျောင်းမတက်နိုင်ဘူး’’ဟု ငိုရှိုက်ရင်း ပြောပြသည်။

ကျောင်းသူမိဘများနှင့် နီးစပ်သူတစ်ဦးက “ဇာလွင်ကလေးက စာတော်တယ်။ နှစ်တိုင်း မထမ၊ ဒုတိယရတယ်။ မနေ့က ကျောင်းကဆင်းလာတာ လမ်းတောင် မလျှောက်နိုင်ဘူး။ ငိုပြီးတော့ လာတယ်။ သူမိဘတွေလည်း စိတ်မကောင်းကြဘူး။ သူ့အမေက ကျောင်းအုပ်ကြီးကို သွားပြီး တိုင်လိုက်တယ်” ဟုပြောပြသည်။

မဇာလွင်နှင့် မိခင် ဒေါ်ဖြူဖြူတို့အပါအ၀င် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက အထူးအစည်းအဝေး ပြုလုပ်ပြီး သင်္ချာဆရာမ ဒေါ်နေဇာထွန်းကို သူငယ်တန်းပြသို့ ပြောင်းရွှေ့ ပြစ်ဒဏ်ပေးခဲ့ကြောင်း အမည်မဖေါ်လိုသူ ဆရာမတစ်ဦးကပြောသည်။

“ကလေးက စာညံ့လို့ ပြစ်ဒဏ်ခံရတာ မဟုတ်ဘူးရှင့်။ အဲဒီသင်္ချာ ဆရာမဆီမှာ ကျူရှင်မယူတဲ့ အတွက် အတန်းထဲမှာ စာတော်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ရွေးပြီးနှိပ်ကွပ်တာပါ။ ဒါမျိုး မလုပ်သင့်ဘူးပေါ့နော်” ဟု ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ ကျောင်းသူနှစ်ယောက်အပေါ် အပြစ်ပေးခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနမှ ပညာရေးဌာနတာဝန်ခံ ဦးမင်းသိမ်းကျော်က “ပညာရေး စံနစ်ကတော့ တူချင်မှ တူမယ်လေ၊ ဒါပေမယ့် ကလေးကို ပြစ်ဒဏ် ပေးတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု မဖြစ်အောင် စဉ်းစားရပါမယ်။ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်” ဟုပြောသည်။

ကလေးများတွင် စွမ်းရည်ဆယ်တစ်မျိုးခန့် ရှိကြောင်းနဲ့ ဒါတွေကို ဆရာ၊ ဆရာမတွေအနေနဲ့ သိထားစေချင်ကြောင်း ဦးမင်းသိမ်းကျော်မှ အခုလို ဆက်ပြောပြသည်။

“သင်္ချာပုစ္ဆာမရတာ ပြစ်မှုမှ မဟုတ်ပဲဗျ။ သင်္ချာမရလို့ အပြစ်ပေးလိုက်မယ်ဆိုရင် ကလေးတွေမှာ ဆိုးကျိုးတွေ အများကြီး သက်ရောက်သွားပါမယ်။ သင်္ချာမရလို့ အပြစ်ရှိတယ်ထားအုံး၊ ကလေးက တခြား ဘာသာရပ်တွေမှာ တော်မယ်။ ကလေးတွေမှာ စွမ်းရည် ဆယ်တစ်မျိုးလောက် ရှိတယ်။ အများကြီး ရှိတယ်။ ဒါတွေကို ပြည်တွင်းပြည်ပက ဆရာ၊ ဆရာမတွေကို သိထားစေချင်တယ်လို့ အကြံပြုလိုပါတယ်”

ကလေးများရဲ့ အခွင့်အရေးနှင့် ပတ်သက်ပြီးလည်း အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနမှ ကလေးအခွင့်အရေး ဌာနတာဝန်ခံ ကိုဗညားက

“တိုင်းပြည်ရဲ့ အနာဂတ်ဟာ လက်ရှိ ကလေးတွေရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကလေးအခွင့်အရေး မရှိဘူး၊ နားမလည်ဘူးဆိုရင်၊ အဲဒီနိုင်ငံဟာ မဲမှောင် ကျတဲ့နိုင်ငံပါ။ နိုင်ငံသားကောင်းတွေ မရှိတော့တဲ့ နိုင်ငံက ဘယ်လို တိုးတက်နိုင်တော့မလဲ။ ကလေးတွေကို ပညာသင်ချင်အောင် ကျောင်းမှာပျော်အောင် လုပ်ပေးနိုင်ရပါမယ်။ ပညာရေး အခန်းကဏ္ဍဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ တိုင်းပြည်အုပ်ချုပ်တဲ့ လူတွေ သိဖို့လိုပါတယ်။ နောက်တစ်ပိုင်းက ဆရာ၊ ဆရာမတွေလည်း သိဖို့ လိုပါတယ်။ အဆင့်အတန်း ခွဲခြားမှုတွေ မရှိဖို့လိုပါတယ်။ လူထုအားလုံးလည်း ပညာရေး အခွင့်အလမ်းကို ရယူခွင့် ရှိရပါမယ်။ အပြင်ကကျူရှင်ကို အားကိုးပြီးတော့မှ ပညာသင်ကြားရတဲ့စနစ်ကို ရှောင်ရှားနိုင်ရပါမယ်”ဟု ပြောသည်။

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် အထက်တန်းကျောင်းတွင် ပဉ္စမတန်းမှ ဆယ်တန်းအထိရှိပြီး ကျောင်းသား ကျောင်းသူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

VOA Burmese: အမေရိကန်ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု မြန်မာပြည်သူတွေအတွက် အကျိုးရှိ

3:57 AM | Posted by Anonymous


နယူးယောက်မြို့ Wall Street


အမေရိကန်ပြည်ထောင်စုက ငွေကြေးကုမ္ပဏီတွေကို ကြပ်ကြပ်မတ်မတ် ကွပ်ကဲရေး ဆိုင်ရာ ဥပဒေမူကြမ်း တရပ်ကို မနေ့က အမေရိကန် အောက်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးက ထောက်ခံအတည်ပြုခဲ့ကြပါတယ်။ နောက်အပတ်ထဲမှာ သမ္မတ အိုဘားမား လက်မှတ် ရေးထိုးပြီး ရင်တော့ ဒီဥပဒေ အတည်ဖြစ်မှာ ဖြစ်ပါတယ်။ ဒီဥပဒေ အတည်ဖြစ်သွားရင် မြန်မာနိုင်ငံ သားတွေအတွက်လဲ အကျိုးဖြစ်နိုင်တယ်လို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကို ကစောဝါးက ပြောပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်တယ် ဆိုတာကိုတော့ ကိုကစောဝါးက အခုလို ရှင်းပြပါတယ်။

“မနေ့ကမှ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းပေါ့လေ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် ကနေပြီးတော့ Wall Street Reforming Consumer Production Act ဆိုတဲ့ ဥပဒေမူကြမ်းဟာ ကျနော်တို့ မြန်မာပြည်သားတွေအတွက် အင်မတန်ကိုပဲ အကျိုးကျေးဇူး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေက မြန်မာပြည်မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံနေတာကို ဗမာပြည်အစိုးရက ငွေကြေး ဘယ်လောက်ရနေလဲဆိုတာကို မြန်မာပြည်သူပြည်သားတွေ မသိနိုင်ပါဘူးခင်ဗျ။ ဒါပေမဲ့ ဒီဥပဒေကြီး အတည်ပြုလိုက်ပြီဆိုရင် ဗမာပြည်မှာ ရင်းနှီးမြှုပ်နှံနေတဲ့ကုမ္ပဏီတွေဟာ သူတို့ ဗမာစစ်အစိုးရကို ငွေကြေးဘယ်လောက်ပေးရလဲဆိုတာကို သူတို့က အမေရိကန် အစိုးရကို အသိပေးရမှာပါခင်ဗျ။ အဲဒီလို အသိပေးတဲ့အချိန်မှာ ကျနော်တို့ Earth Rights Organization က ဒီ အခြေအနေ အကြောင်းအချက်တွေကို Information တွေကို ယူပြီးတော့ ကျနော်တို့အနေနဲ့ ဗမာပြည်သူပြည်သားတွေကို အသိပေးနိုင်တဲ့ အတွက် ဗမာပြည်သူပြည်သားတွေဟာ ဘယ်လိုကုမ္ပဏီမျိုးတွေမှာ ဘယ်လို ဘယ်လောက်ငွေကြေးရတယ်ဆိုတာကို သိနိုင်မယ်ဆိုရင် မြန်မာပြည်သားတွေအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။”

၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့ငွေကြေး အကျပ်ရိုက်မှု ပြဿနာ နောက်တခါ မကြုံရလေအောင် ကာကွယ်ဖို့ ရည်ရွယ်တဲ့ ဒီဥပဒေ မူကြမ်းဟာ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကို ပိုပြီး ကြပ်ကြပ်မတ်မတ် ထိန်းကွပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ အမေရိကန် ကုမ္ပဏီတွေရဲ့ ငွေစာရင်းရှင်းတမ်းတွေကို သိနိုင်ယုံတင်မက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ တခြား နိုင်ငံတွေက နိုင်ငံခြား ကုမ္ပဏီကြီးတွေရဲ့ ငွေကြေးရှင်းတမ်းတွေကိုလဲ တဖက်တလှမ်းကနေ သိနိုင်မှာဖြစ်တယ်လို့ ကိုကစောဝါးက ထောက်ပြပါတယ်။

“ဒီမူက အမေရိကန် ကုမ္ပဏီတခုတည်းကိုသာ အကျိုးသက်ရောက်မှု မကပါဘူးခင်ဗျ၊ အခြား တရုတ်တို့၊ ပြင်သစ်ကုမ္ပဏီ တိုတယ်လ်တို့မှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ကော်ပရေးရှင်းတွေက အမေရိကန်နိုင်ငံရဲ့ စတော့ပ်အိပ်စ်ချိန်းမှာ ရှိနေတဲ့အတွက် ဒီကုမ္ပဏီတွေကလည်း အမေရိကန်နိုင်ငံကို အသိပေးရမှာ ဖြစ်တဲ့အတွက် ဥပမာအားဖြင့် ရှယ်ဗလွန်တို့ကတော့ သေချာပြီ။ ဒါကတော့ အမေရိကန် ကုမ္ပဏီဖြစ်တဲ့အတွက်။ ဒါပေမယ့် Total တို့ CMPC တို့ China ကုမ္ပဏီတွေက သူတို့က ဒီအမေရိကန်နိုင်ငံမှာ သူတို့ရဲ့ရှယ်ယာတွေကို ရောင်းနိုင်ဖို့အတွက် ယူအက်စ် အိပ်စ်ချိန်းမှာ ၀င်ပါထားတယ်ခင်ဗျ။ ၀င်ပါထားတယ်ဆိုတော့ ဒီဥပဒေက ယူအက်စ် စတော့ အိပ်စ်ချိန်းမှာ ၀င်ပါထားတဲ့ ကုမ္ပဏီတိုင်းက အမေရိကန်အစိုးရကို ငွေစာရင်းတွေကို အသိပေးရမယ်လေ။ ဆိုတော့ သူတို့တွေကလည်း ဒီ အမေရိကန် အစိုးရကို သူတို့ ဗမာပြည်ကို ငွေဘယ်လောက်ပေးလဲ၊ ဗမာစစ်အစိုးရကို ငွေဘယ်လောက်ပေးလဲဆိုတဲ့ ငွေစာရင်းကို သူတို့ တင်ပြရပါလိမ့်မယ်။”

ခုချိန်မှာ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေနဲ့ ပတ်သက်လို့ ဘာမှမသိကြသလို သဘာဝ သံယံဇာတ အရင်းအမြစ်တွေ ပေါကြွဝတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေကတော့ ဒီကရတဲ့ အကျိုးအမြတ်ကို ခံစားရလေ့ မရှိပါဘူး။ ဒါကြောင့် ဒီဥပဒေ မူကြမ်း အတည်ဖြစ်သွားမယ် ဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမဏီတွေကနေ မြန်မာစစ်အစိုးရ ဘယ်လောက် ၀င်ငွေ ရနေတယ်ဆိုတာတွေကို ဖော်ထုတ်နိုင်မှာဖြစ်သလို ပြည်သူတွေ ဒီအကြောင်းတွေကို သိလာခြင်းအားဖြင့် မြန်မာစစ်အစိုးရ အနေနဲ့ လူထုအတွက် အကျိုးပြုမှု တစုံတရာ လုပ်လာနိုင်တဲ့ တွန်းအားဖြစ်လာဖို့လဲ ကိုကစောဝါးက မျှော်လင့်ပါတယ်။

“ဗမာပြည် စစ်အစိုးရကြီးဟာ အများသိတဲ့အတိုင်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေဘာတွေကို သူတို့ တည်ဆောက်နေတယ်။ ဒါပေမဲ့ တကယ်တန်းတွက်ကြည့်လိုက်ရင် ဒီငွေကြေးတွေဟာ တိုင်းသူပြည်သားတွေအတွက် အနည်းဆုံးတော့ နည်းနည်းပါးပါး ရောက်သင့်တယ်။ ဒီ ရှယ်ဗရွန်းက ပေးတဲ့ပိုက်ဆံတို့ တိုတယ်လ်က ပေးတဲ့ ပိုက်ဆံတို့ ဒီငွေကြေးအများကြီးတွေဟာ တိုင်းသူပြည်သားတွေဆီမရောက်ဘဲ ဒီဘာမဟုတ်တဲ့ မလုပ်သင့်တဲ့ဟာတွေ ဒီစစ်အစိုးရကို အာဏာခိုင်မြဲဖို့အတွက်ပဲ ဖြစ်နေတော့ ကြည့်ရတာ ကျနော်တို့ တော်တော်လေးကို စိတ်မကောင်းဖြစ်နေပါတယ်။ အခုကြည့်မယ်ဆိုရင် ဗမာပြည်သူပြည်သားတွေ ဘယ်လောက်ဒုက္ခရောက်နေလဲ ကျနော်တို့ မျက်မြင် တွေ့နေရပါတယ်။ ဒါတွေကို ကြည့်နေရတာ စိတ်မချမ်းသာတဲ့အတွက် အနေအထားတခုမှာ ကျနော်တို့ ဘာအကောင်းဆုံးလုပ်နိုင်မလဲ၊ ဒီလိုသာ ကုမ္ပဏီတွေက ငွေကြေးရှင်းတမ်းတွေကို တင်ပြရမယ်ဆိုရင် အနည်းဆုံးတော့ ဗမာပြည်သူပြည်သားတွေ ဒီအနေအထားကို သိမယ်ဆိုရင် စစ်အစိုးရက အနည်းဆုံးတော့ တခုခု လုပ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ချင်ပါတယ်ခင်ဗျ။”

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကို ကစောဝါးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

ကမ္ဘာကျော် မွေးနေ့ရှင်

3:31 AM | Posted by Anonymous
ကမ္ဘာကျော် မွေးနေ့ရှင်
ရွှေပြည်စိုး
ဇူလိုင် ၁၆၊ ၂၀၁၀
(သက်ရှိထင်ရှားနေဆဲ မွေးနေ့ရှင် မပါဘဲနဲ့ တကမ္ဘာလုံးက လူသားတွေ ဆယ်စုနှစ်တခုကျော် နေရာဒေသအသီးသီးမှာ နှစ်စဉ် ကျင်းပကြတာမျိုး အခု ၂၁ ရာစုသစ်မှာ ဘယ်သူကြုံဖူးသလဲ။)
မွေးနေ့ဆိုတာ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး သူ့အနေအထားနဲ့သူ ကျင်းပတတ်ကြပါတယ်။ ကျင်းပတဲ့နေရာမှာလည်း မွေးနေ့ရှင်ကိုယ်တိုင်က ကျင်းပတာ အလွန်နည်းပါတယ်။ မိသားစုထဲက (သို့) ဆွေမျိုးသားချင်းထဲက (သို့) ခင်မင်ရင်းနှီးသူတွေက ကျင်းပပေးတာ များပါတယ်။ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ချစ်ခင်ကြည်ညို လေးစားအပ်တဲ့ ဂုဏ်သိက္ခာပေါ် မူတည်ပြီး ကြီးကျယ်ခန်းနားမှု ကွဲပြားခြားနားတတ်ပါတယ်။ ချစ်ခင်ကြည်ညို လေးစားခံရမှု များလေလေ ကြီးကျယ်ခန်းနားကျယ်ပြန့်မှု များလေလေ ဖြစ်ပါတယ်။
အခုပြောမယ့် ကမ္ဘာကျော် မွေးနေ့ရှင်ဆိုသူဟာ ကမ္ဘာတ၀န်းက ဂုဏ်ပြုချီးကျူးပြီး ကျင်းပပေးခြင်းခံရတဲ့ မွေးနေ့ရှင် ဖြစ်ပါတယ်။ ထိုသူကတော့ ကမ္ဘာမှာ တဦးတည်းသော အာရှတိုက်သား မြန်မာပြည်ဖွား ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဒီနှစ် ဒေါ်စုရဲ့ ၆၅-နှစ်မြောက် မွေးနေ့မင်္ဂလာဟာ ရာစုနှစ်ဝက်အတွင်းမှာ ပထမဆုံးအကြိမ် အကြီးမား အကျယ်ပြန့် အထူးခြားဆုံးသော မွေးနေ့ဖြစ်တာ တွေ့ရပါတယ်။ တချိန်က “နေမ၀င်နိုင်ငံ” အဖြစ် ကမ္ဘာက အသိအမှတ်ပြုခြင်းခံရတဲ့ အင်္ဂလန်နိုင်ငံက ဘုရင်မကြီး အယ်လီဇဘက် (Queen Elizabeth II ) ရဲ့ မွေးနေ့၊ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးများရဲ့ သမတ, ၀န်ကြီးချုပ် စသူတွေရဲ့ မွေးနေ့မင်္ဂလာ ပွဲများကတောင် ဒေါ်စုရဲ့ မွေးနေ့လောက် မကြီးမား မကျယ်ပြန့်ပါဘူး။
ဒီနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲဟာ ဘယ်လောက်များပြား ကျယ်ပြန့်လည်းဆိုရင် ကမ္ဘာ့တိုက်ကြီး ၇-တိုက်အနက် တိုက်ကြီး ၆-တိုက် (အာရှတိုက်၊ အာဖရိကတိုက်၊ တောင်အမေရိကတိုက်၊ မြောက်အမေရိကတိုက်၊ ဥရောပတိုက်၊ နဲ့ သြစတြေးလျတိုက်) ရှိ နိုင်ငံပေါင်း နှစ်ဆယ်ခန့်က နိုင်ငံခေါင်းဆောင်ကြီးတွေ (လက်ရှိနဲ့အဟောင်း) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တွေ (လက်ရှိနဲ့အဟောင်း) ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကြီးတွေ၊ ထင်ရှားတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ အခြားထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေက ဒေါ်စုမွေးနေ့ ကျရောက်တဲ့ ဇွန်လ ၁၉-ရက်နေ့မှာ သ၀ဏ်လွှာပို့ကြ၊ နှုတ်ခွန်းဆက် ဂုဏ်ပြုစကား ပါးကြ၊ ဆုတောင်းမေတ္တာပို့စကား ပြောကြ၊ ထောက်ခံအားပေးစကား ပြောကြပါတယ်။ တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ ၂၀၁၀-အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တောင်းဆိုကြပါတယ်။
အလားတူ ပြည်တွင်းရှိ မြန်မာများနဲ့ နိုင်ငံတကာရောက် မြန်မာများကလည်း ဒေါ်စုရဲ့ အသက် ၆၅-နှစ်မြောက်မွေးနေ့ကို နည်းမျိုးစုံနဲ့ ကျင်းပကြပါတယ်။ တချို့က ပျော်ပွဲရွှင်ပွဲ သီဆို ကခုန်ပွဲနဲ့တွဲ၍၊ တချို့က ဟောပြောပွဲ စကားရည်လုပွဲ၊ ဆုပေးပွဲနဲ့တွဲ၍၊ တချို့က စည်းဝေးပွဲ၊ ဆွေးနွေးပွဲ ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကာ တောင်းဆိုပွဲများနဲ့ တွဲ၍၊ တချို့က လူစုလူဝေးနဲ့ နအဖ သံရုံးရှေ့ ချီတက်ပြီး ဆန္ဒပြပွဲနဲ့တွဲ၍ ကျင်းပကြပါတယ်။
ဒေါ်စုမွေးနေ့မင်္ဂလာပွဲ ကျင်းပသူတိုင်းရဲ့ တူညီသောအချက်မှာ-
၁။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်းပြီး သက်တော်ရာကျော် ရှည်စေရန် ဆုတောင်းမေတ္တာပို့သခြင်း။
၂။ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် နအဖကို တောင်းဆိုခြင်း။
၃။ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုခြင်းများ ဖြစ်ပါတယ်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလောက် ကြည်ညိုလေးစား ချစ်ခင်ကြတာလဲ
ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာတ၀န်းက ချစ်ခင်ကြည်ညို လေးစားကြခြင်းမှာ ဒေါ်စုဟာ ပညာအရည်အချင်း ပြည့်စုံထက်မြက်ပြီး နိုင်ငံတကာ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အားနွဲ့သူ မိမ္မသားဖြစ်ပေမယ့် နအဖ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်မှူးကြီးတွေထက် အစစအရာရာ များစွာသာလွန်တယ်။ ပမာအားဖြင့် အမျှော်အမြင်ကြီးခြင်း၊ ရဲရင့်ပြတ်သားခြင်း၊ စွန့်စားခြင်း၊ စည်းစိမ်ဥစ္စာ သာမက ခင်ပွန်း သားများကို စွန့်လွှတ်ခြင်းအပြင် သူ့အသက်ကိုပါ စွန့်လွှတ်ရန် ဆုံးဖြတ်ထားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း အပင်ပမ်း အဆင်းရဲ အနစ်နာခံခြင်း ပြောပြီးစကား ပေးပြီးကတိတည်မြဲခြင်း၊ အနိုင်မခံ အရှုံးမပေးသောစိတ်ဓာတ် ရှိခြင်း၊ ဇွဲလုံ့လ ၀ီရိယ ရှိခြင်း၊ ယုံကြည်ချက် ဆုံးဖြတ်ချက် တိကျခိုင်မာပြတ်သားခြင်း၊ ထိုးထွင်းဉာဏ် ကောင်းခြင်း၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာရှိခြင်း၊ ပြည်သူများအပေါ် မေတ္တာ ကရုဏာဖြင့် လူသားချင်း စာနာစိတ်ရှိခြင်း၊ ----စတဲ့ ခေါင်းဆောင်ကောင်းတို့မှာရှိအပ်တဲ့ အရည်အချင်း လက္ခဏာများနဲ့ ပြည့်စုံခြင်းတို့ကြောင့် ဖြစ်သည်။

နိုင်ငံခေါင်းဆောင်ကြီးများရဲ့ မေတ္တာထားရှိပုံများ
ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅-နှစ်ပြည့်တဲ့ ဇွန်လ ၁၉-ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း-က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းရင်း ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ယခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်စေရန် အမြန်ဆုံး လွှတ်ပေးဖို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမား-က ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅-နှစ် ပြည့်မြောက် မွေးနေ့မှာ ဆုမွန်ကောင်းတောင်းရင်း ဒေါ်စုရဲ့စိတ်ဓာတ် ခိုင်မာပြတ်သားမှု၊ သတ္တိရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို ထုတ်ဖော်ချီးကျူးတဲ့အပြင် ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ ၄င်းတို့အားလုံးကို မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ ကြီးပွားတိုးတက်တဲ့၊ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံ ထူထောင်ရေးမှာ ပါဝင်ခွင့်ပေးရန် ၄င်းရဲ့သ၀ဏ်လွှာတွင် ထည့်သွင်းတောင်းဆိုထားပါသည်။
(ခေတ်ပြိုင် ၂၀၁၀-၆-၁၉)
အလားတူ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အမေရိကန်အမျိုးသမီး ဆီးနိတ်အမတ်များက ကြေညာချက်တစောင်ထုတ်ပြီး ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဒေါ်စုနဲ့တကွ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်အမျိုးသမီး အမတ်များ အတူရှိနေကြောင်း ဖော်ပြထားပါတယ်။ (ဒီဗွီဘီ ၂၀၁၀-၆-၁၉)။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၅-နှစ်မြောက် မွေးနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron-ကသ၀ဏ်လွှာတစောင် ပေးပို့ရာမှာ ဒီမွေးနေ့ အခါသမယမှာ တကမ္ဘာလုံးက ပြည်သူတွေနဲ့အတူ သူနဲ့ဗြိတိန်တနိုင်ငံလုံးက ပြည်သူတွေရဲ့ အတွေးစိတ်ဟာ ဒေါ်စုနဲ့အတူတကွ ရှိနေကြောင်း ဖော်ပြထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဟောင်း Gordon Brown လိုပဲ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားပြီး မြန်မာအရေး စိတ်ဝင်တစား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရနဲ့ ဒေါ်စုရဲ့ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အနာဂတ်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အပြည့်အ၀ ခံစားလာနိုင်တဲ့အထိ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို နှစ်နိုင်ငံချင်းလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။ (အာအက်ဖ်အေ ၂၀၁၀-၆-၂၀)။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hugue-ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။( ဒွီဗီဘီ ၂၀၁၀-၆-၁၈)။
တောင်ကိုရီးယားဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့သ၀ဏ်လွှာတစောင် ပေးဖို့ခဲ့ပါတယ်။ (အာအက်ဖ်အေ ၂၀၁၀-၆-၂၀)။
လန်ဒန်မြို့ထုတ် နာမည်ကြီး ဂါးဒီးယာန်းသတင်းစာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှားပါးဓာတ်ပုံတွေကို ဒေါ်စုမွေးနေ့ အမှတ်တရအဖြစ် ဖော်ပြထားပါတယ်။ (ဒီဗွီဘီ ၂၀၁၀-၆-၁၈)။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Gordon Brown-ဟာ ရာထူးက နုတ်ထွက်မည့်နေ့တွင် ဒေါ်စုထံ စာတစောင် ရေးသားပေးပို့ရာတွင် မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးပါမယ်။ ခင်ဗျားကို တတ်နိုင်သမျှအားလုံး ထောက်ခံသွားမယ်။ ခင်ဗျားနဲ့ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော်တိုက်ပွဲဝင်သွားမယ်-လို့ ဖော်ပြထားတယ်။ (ဧရာဝတီ ၂၀၁၀-၅-၂၈)။
ဥရောပသမဂ္ဂ (အီးယူ) မြန်မာ့အရေး ပါလီမန်အမတ်များအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားပြီး ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု မရှိနိုင်သလို အဲဒီကနေ ထွက်လာမယ့် ပါလီမန်ဟာလည်း လွတ်လပ်တဲ့ပါလီမန်ဖြစ်မှာမဟုတ်ဘူး-လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို
ဂျိုဟန်နက်စ်ဘတ်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြင်ဆင်ထားသော လစ်လပ်နေသော ခုံနေရာနှင့် The Elders အဖွဲ့ဝင်များ (ဓာတ်ပုံ - theelders.org)
“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။
ငြိမ်းချမ်းရေးနိုင်ဘယ်လ်ဆုရှင် နယ်ဆင်မန်ဒဲလား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ အမေရိကန်သမတဟောင်း ဂျင်မီကာတာ၊ ခရစ်ယန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူး …စတဲ့ ၀ါရင့် ကမ္ဘာ့ခေါင်းဆောင်ကြီးများ ပါဝင်တဲ့ The ELDERS အဖွဲ့က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့မှာ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ သြဇာတိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည့် The Elders အဖွဲ့ကို တောင်အာဖရိက သမတ နယ်ဆင်မန်ဒဲလားက ၂၀၀၇-ခုတွင် စတင်တည်ထောင်ခဲ့သည်။ (ဒီဗွီဘီ ၂၀၁၀-၆-၁၈)။
ဘက်တီဝီလီလျံ၊ ဂျိုဒီဝီလျံတို့ ဦးဆောင်ပြီး အခြားနိုင်ဘယ်လ်ဆုရှင် အမျိုးသမီး ၆-ဦးပါဝင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုင်ဘယ်လ်ဆုရှင် အမျိုးသမီးအဖွဲ့က ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀-ကျော်ကို ဖမ်းထားတဲ့ စစ်အစိုးရကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ကြပါတယ်။ (ဒီဗွီဘီ ၂၀၁၀-၆-၁၉)။
(ဒေါ်စုအပါအ၀င် အမျိုးသမီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် စုစုပေါင်း ၉-ယောက် ရှိပါတယ်။)

တသီးပုဂ္ဂလိက ချီးကျူးကြ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ ပြုစုရေးသားသူ Mr.Benedict Rogers နဲ့ RFA မှ ဒေါ်နန်းခမ်းထွေးတို့ အမေးအဖြေကဏ္ဍထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သန်းရွှေထက်ငယ်တယ်။ အမျိုးသမီးလည်း ဖြစ်တယ်ဆိုတော့ သူ့စကား နာခံရမယ်ဆိုတဲ့ သဘောမျိုး သန်းရွှေက ယူဆထားပုံရတယ်။ တဘက်ကလည်း ဒေါ်စုကို ကြောက်ရွံ့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာမရှိတဲ့ အရည်အချင်းတွေအားလုံး ဒေါ်စုမှာရှိနေလို့ပါပဲ။ ဒေါ်စုဟာ နိုင်ငံတကာရေးရာကို သိကျွမ်းနာလည်သူ၊ အတွေ့အကြုံများပြီး ခေတ်နဲ့ရင်ဘောင်တန်းနေတဲ့ ပညာတတ်တဦးပါ။ ဒီတော့ ကြောက်တာရယ် မကျေနပ် မုန်းတီးတာရယ်၊ နောက်ပြီး သန်းရွှေရဲ့ မာန်မာန ထောင်လွှားမှုရယ် ပေါင်းပြီး ဖြစ်လာတဲ့ အမြင်သဘောမျိုး သန်းရွှေက ဒေါ်စုပေါ်မှာ ရှိနေတယ်လို့ ယူဆပါတယ်။ (အာအက်ဖ်အေ ၂၀၁၀-၅-၁၇)။
NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးဝင်းတင်ဟာ ၁၉၉၉-ခုကုန်ပိုင်းက အင်းစိန်ထောင်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိကို အောက်ပါ မီးလျှံထဲက ကြာ-အမည်ရှိ ကဗျာတိုလေးနဲ့ ချီးကျူးထားပါတယ်။

ရဲ-ဇွဲ-ဉာဏ်-စည်း-တာ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ။

ရဲ-ဆိုတာ ရဲရင့်ခြင်း၊
ဇွဲ-ဆိုတာ ဇွဲ မြဲခင်း၊
ဉာဏ်-ဆိုတာ ဉာဏ်မြော်မြင် ကြီးခြင်း၊
စည်း-ဆိုတာ စည်းကမ်းကြီးခြင်း၊
စည်းကမ်း သိခြင်း၊
စည်းကမ်းထိန်းခြင်း၊
တာ-ဆိုတာ တာဝန်သိခြင်း၊
တာဝန်ယူခြင်း၊
တာဝန်ခံခြင်း-တို့ ဖြစ်ပါတယ်။

၂၀၁၀-မေလ ၁၉-ရက်နေ့ Ohio Wesleyan တက္ကသိုလ်ဘွဲ့နှင်းသဘင် အခန်းအနားတွင် အထက်လွှတ်တော်အမတ် John McCain-က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ အနစ်နာခံကာ စွန့်စား စွန့်လွှတ်ခြင်းများကို ထည့်သွင်း ပြောကြားသွားပါတယ်။
Mr John McCain က ဘွဲ့ယူ မောင်မယ်များကို သြ၀ါဒမိန့်ခွန်းစကား ပြောကြားရာမှာ “နှစ်ပေါင်း ၂၀-လောက်အတွင်းမှာ အလွန် ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ကြည်ညိုစရာကောင်းတဲ့ မြန်မာပြည်မှ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီးတယောက်ရဲ့ သူ့နိုင်ငံ သူ့လူမျိုး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုမှန်သမျှကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်များ လက်အောက်မှာ ခြိမ်းခြောက်မှုအမျိုးမျိုးကို မတုန်မလှုပ်ပဲ ရင်ဆိုင်ရင်း အကျဉ်းချခံနေရတယ်”။
“ပြည်သူများကလည်း သူမရဲ့ ခေါင်းဆောင်မှုအောက်မှာ အာဏာရှင်များကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ရင်ဆိုင်ပြီးသူတို့ရဲ့ ရပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များနဲ့ လူ့အခွင့်အရေးများကို တောင်းဆိုခဲ့ကြတယ်။ သူတို့အားလုံးဟာလည်း ဖမ်းဆီး အကျဉ်းချခြင်း ခံရတယ်၊ ညှင်းပန်းနှိပ်စက်မှုနဲ့ အသတ်ခံရတဲ့အထိ ခံစားခဲ့ကြရတယ်။”
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ချက်နဲ့ ပြည်သူများရဲ့ မျှော်လင့်ချက်များကို ဘယ်အရာကမှ ဆုံးရှုံးအောင်မလုပ်နိုင်၊ ဘယ်တော့မှလည်း သူတို့ကို အနိုင်ရမှာမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူများဟာ တနေ့နေ့မှာ အောင်ပွဲ ရကိုရကြရမယ်လို့ ယုံကြည်ကြောင်း” ထည့်သွင်းသြ၀ါဒပေး မိန့်ကြားသွားပါတယ်။(ဗွီအိုအေ ၂၀၁၀-၅-၂၁)။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခုမှ ထင်ရှားကျော်ကြား လူသိများတာ မဟုတ်ပါ။ ၁၉၈၈ သြဂုတ် ၂၆-ရက်နေ့ ရွှေတိဂုံအနောက်မုခ် လူ ၃-၄ သိန်းခန့်ရှိ ပရိသတ်ကြီးရှေ့မှာ ရဲရဲတောက် မိန့်ခွန်းပြောကြားပြီးချိန်ကစပြီး ထင်ရှား ကျော်ကြားလာသူ ဖြစ်ပါတယ်။
နောက်နှစ် ၁၉၉၀-အောက်တိုဘာလမှာ ၁၉၉၀-ခုနှစ်အတွက် နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ Thorolf Rafto လူ့အခွင့်အရေးဆု ၁၉၉၁-ခု ဇူလိုင်လမှာ European Parliament က ချီးမြှင့်တဲ့ Sakharov ဆု၊ ၁၉၉၁ ဒီဇင်ဘာလမှာ နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ Nobel Peace Prize ဆက်တိုက်ရရှိပြီး နောက်နှစ်တိုင်းလိုလို ဂုဏ်ထူးဆောင်ဆုတွေ ချီးမြှင့်ခံရပါတယ်။ (မှတ်ချက် ခုချိန်ထိ ကမ္ဘာမှာ ထိုင်းဘုရင် Bhumibol Adujyadej ပြီးရင် နိုင်ငံတကာက ချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဘွဲ့ အများဆုံးပိုင်ရှင်ဖြစ်ပါတယ်။ ထိုင်းဘုရင် Bhumibol က ၁၃၆-ဆု ရရှိ)။
ယခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅-နှစ်မြောက် မွေးနေ့မင်္ဂလာ ဇွန်လ ၁၉-ရက်နေ့ကို လူဦးရေ ၁၀၀၀-ကျော်သာရှိတဲ့ Antarctica တိုက်ကလွဲလို့ ကျန် တိုက်ကြီး ၆-တိုက်ရှိ နိုင်ငံပေါင်း ၂၀-ခန့်မှ နိုင်ငံခေါင်းဆောင်များ၊ ဘာသာရေး လူမှုရေး ခေါင်းဆောင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းကြီးများ၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်များက ၄င်းတို့ဒေသ၊ ၄င်းတို့အချိန်အလိုက် ကျင်းပကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု ကောင်းကျိုးအတွက် ကိုယ်ကျိုးမပါ စေတနာ အနစ်နာခံပြီး တိုက်ပွဲဝင်နေတဲ့ လူထုခေါင်းဆောင်ကောင်းတယောက် ဖြစ်ကြောင်း ကမ္ဘာတ၀န်းက အသိအမှတ်ပြုကြ၊ မေတ္တာပို့ကြ၊ သ၀ဏ်လွှာပို့ကြနဲ့ ကမ္ဘာတ၀န်း ဒေါ်အောင်ဆန်းစုကြည် အမည် လွှမ်းသွားပါတယ်။

အသံမစဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ
တချိန်က အင်္ဂလန်နိုင်ငံဟာ နေမ၀င်-နိုင်ငံ ဖြစ်ခဲ့သလို ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပေါ်ထွက်လာတဲ့ သ၀ဏ်လွှာပို့သံ၊ မေတ္တာပို့သံ၊ ဂုဏ်ပြု ချီးကျူးသံ၊ သြ၀ါဒမိန့်ခွန်းသံ၊ ထောက်ခံအားပေးသံ---တွေဟာလည်း တနေကုန် အသံမစဲ-ပါ။ (မှတ်ချက်-တိုက်တတိုက်နဲ့ တတိုက် အချိန်ချင်း မတူသလို တိုက် ၆-တိုက် အတွင်းရှိ နိုင်ငံများကလည်း တနိုင်ငံနဲ့ တနိုင်ငံ အချိန်ချင်း မတူကြပါ။ ဒါကြောင့် ဒေါ်စု မွေးနေ့သံဟာ တနေကုန် ကြားရမစဲပါ)။
ဒါကြောင့် လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကျော် မွေးနေ့ရှင်အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရခြင်း ဖြစ်ပါကြောင်း။

VOA Burmese: ဒေါ်စုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဦးဝင်းထိန် ရပ်တည်မည်

2:36 AM | Posted by Anonymous

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ရုံးအဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ဟာ ကသာထောင်က လွတ်မြောက် လာပြီးတဲ့နောက် နိုင်ငံရေးလုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ပြောပါတယ်။ ဦးဝင်းထိန်ဟာ အကျဉ်းကျခံရစဉ် အစာအိမ်၊ သွေးတိုး၊ နှလုံးနဲ့ အရိုးကျီးပေါင်း တက်တဲ့ ရောဂါတွေကိုလဲ ခံစားခဲ့ရပြီး သူဟာ ချမှတ်ထောင်ဒဏ်ထက် ၂ လကျော်ကြာ ပိုနေထိုင်ခဲ့ရပြီးမှ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးဝင်းထိန်ဟာ မနေ့ကပဲ ကသာထောင်ကနေ လွတ်မြောက်လာခဲ့ပြီး ဒီကနေ့ ရန်ကုန်က သူ့ မိသားစုဆီကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအရဗျာ ဒေါ်စုက မှတ်ပုံမတင်ဘူးဆိုတော့ ကျနော်တို့လဲ မှတ်ပုံမတင်တဲ့အတိုင်း နေရမှာပဲ။ ဒီမှာ ကျနော်က အသက် ၇၀ ရှိတော့မယ်။ ဟိုတုန်းက အင်္ဂလိပ် လက်ထက်မှာကော၊ နိုင်ငံရေး အစိုးရလက်ထက်မှာကော နိုင်ငံရေးလုပ်ချင်တဲ့ကောင် ကိုယ်ဟာကိုယ် ဆိုင်းဘုတ် ထ ထောင်၊ ဘာမှ မှတ်ပုံတင်စရာမလိုဘူး။ ထောက်ခံတဲ့လူရှိရင် အဲဒီပါတီက ကြီးပွားမယ်၊ ထောက်ခံတဲ့လူမရှိရင် အဲဒီပါတီက တုံးသွားမယ်။ ကျနော်က အဲလို သဘောထားတာ။ ကျနော်ကတော့ ဒေါ်စု ဆုံးဖြတ်တဲ့ အတိုင်းပဲ ရပ်တည်ရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီး မတ်လ ၂၉ ရက်နေ့မှာကျင်းပတဲ့ ပါတီ ဗဟိုဦးစီး အဖွဲ့အစည်းအဝေးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိတာကြောင့် ပါတီကို မှတ်ပုံမတင်ဖို့ အများသဘောတူ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီသစ် တည်ထောင်ကြသူတွေအပေါ် သူ့ရဲ့သဘောထားကိုတော့ ဦးဝင်းထိန်က အခုလို ပြောပါတယ်။

“နိုင်ငံရေးက လူတိုင်းလုပ်ကိုင်ခွင့် ရှိတာလေ။ သူတို့ဟာသူတို့ ယုံကြည်လို့ လုပ်ကြတာတော့ ကျနော်က ဘာမှ ဝေဖန်စရာ မလိုပါဘူး။ လုပ်ကြပေါ့။ ဒါက ကျနော့် မူဝါဒနဲ့ မကိုက်တဲ့အတွက်တော့ ကျနော်က ဘာမှ လုပ်မှာ မဟုတ်ဘူး။”

အင်းစိန်၊ မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေးနဲ့ ကသာ အပါအ၀င် ထောင် ၅ ထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ဦးဝင်းထိန်ဟာ ထောင်အတွင်းမှာ ရောဂါ အတော်များများ ခံစားခဲ့ရသူလဲ ဖြစ်ပါတယ်။ သူရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကိုတော့ သူက အခုလို ပြောပါတယ်။

“ကျနော်က အခုဒီမှာ ကျန်းမာရေးအရ ဆေးသောက်မလို့ လုပ်နေတာ ၇ မျိုးရှိတယ်။ ရောဂါကတော့ နှလုံးသွေးကြော ကျဉ်းတာရယ်၊ အစာအိမ်အချဉ်ပေါက် တာရယ်၊ နောက် လည်ပင်း အရိုးကျီးပေါင်း တက်တာရယ်၊ နောက်ပြီးတော့ ကျောရိုးက ဘေးက မာဆယ်လ်တွေ တောင့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ငှက်ဖျားဖြစ်တာ ငှက်ဖျား အကြီးအကျယ်ဖြစ်တာ ကသာမှာဗျ။ သွေးတိုးက လာခါနီး နောက်ဆုံး ၂ ရက် ၃ ရက်မှာ အရမ်းဖောက်တာ။”

လွန်ခဲ့တဲ့ ၁ နှစ်လောက်က ကသာထောင်ကို ထောင်ဆရာဝန် ရောက်လာတာကြောင့် နှစ်ပတ်တခါလောက် ကျန်းမာရေး စစ်ဆေး ကြည့်ရှုတာတွေ ရှိပြီး အရင်ကတော့ ဆရာဝန်မရှိလို့ တလကို အကျဉ်းသား တယောက်နှစ်ယောက်လောက် ဆုံးပါးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝင်းထိန်ဟာ ၁၉၉၆ ခုနှစ်က ပြည်ပ သတင်းဌာနတွေကို သတင်းမှားပေးတယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ကသာက တည်းခိုခန်းမှ တညအိပ်ပြီး ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလိုဖမ်းဆီးပြီးတဲ့နောက်မှာ ဘာအကြောင်းပြချက်မှမပေးဘဲ နောက်ထပ် ၂ နှစ်ထပ်မံ အကျဉ်းချထားခဲ့တာပါ။ ဒါကြောင့် မနေ့က ပြန်လည် လွတ်မြောက်လာချိန်မှာ ဦးဝင်းထိန်ဟာ ထောင်အတွင်းမှာ ၁၄ နှစ်နဲ့ ၂ လ နေခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုအကြောင်းပြချက်မပေးဘဲ ပြန်လည် ဖမ်းဆီးပြီး အပြစ်ဒဏ်ရက်ထက် ၂ လကျော်လွန် ဖမ်းဆီးတဲ့ အပေါ်မှာတော့ မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ဝေဖန်ပါတယ်။

“အဲဒီဟာကိုယ်ကစ နအဖက ဥပဒေမဲ့လုပ်ဆောင်နေတာကို ပိုထင်ရှားစေတယ်။ အနိမ့်ဆုံး ဗိုလ်ကြီးဝင်းထိန်ကို ဘာကြောင့် ပြန်ဆွဲတယ်ဆိုတဲ့ဟာကို အနိမ့်ဆုံးအသိပေးရမယ်၊ အကြောင်းကြားရမယ်။ အဲလို အသိပေး အကြောင်းမကြားဘဲနဲ့ လူတယောက်ကို လွတ်ပေးလိုက်တယ်။ ပြန်ထည့်ထားတာကို မတရားသဖြင့် လုပ်တယ်၊ ဥပဒေမဲ့ လုပ်တယ် ဆိုတာကို ပိုပြီးထင်ရှားစေပါတယ်။”

ဒီလိုမျိုး ရက်ကျော် ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ လွှတ်အပြီးမှာ ပြန်ဖမ်းတာတွေဟာ အရင် ကလဲ ဖြစ်ပျက်ခဲ့ဖူးတယ်၊ ဒီလို ဖမ်းဆီးတာတွေဟာ နိုင်ငံအနာဂတ်အတွက် မကောင်းနိုင်ဘူးလို့ ကိုဘိုကြည်က သုံးသပ်ပါတယ်။

“ဟိုးအရင်ကတည်းကလဲ တချို့တွေက ရက်ကျော်ပြီး ပိုနေခဲ့ရတာမျိုးတွေ ရှိတယ်။ ကိုစောဝေဆိုရင် သူအဖမ်းခံရတဲ့အချိန်က စပြီးတော့ ရုံးတင်တဲ့အချိန်ထိ တရားရုံးက လျော့ရက် ခံစားစေလို့ ဆိုပေမဲ့ လျော့ရက်မရဘဲနဲ့ ထောင်ထဲမှာ ပိုနေလိုက်ရတာမျိုးတွေ ရှိတယ်။ အဲဒီရှေ့မှာလဲ အလားတူဖြစ်ပျက်ခဲ့တာတွေ ရှိတယ်။ တချို့တွေဆို ပိုဆိုးတာက လွှတ်ပေးတယ်ဆိုပြီး ထောင်ဗူးဝမှာ လက်မှတ်ထိုး လိုက်ရတယ်။ လက်မှတ်ထိုးပြီးတဲ့အခါ ကျမှ ၁၀(က) နဲ့ ပြန်ဖမ်းတယ်ဆိုပြီးတော့ နောက် ၅ နှစ်ခွဲလောက် နေရတာမျိုးတွေ ရှိတယ်။ ဥပမာ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဌေးကြွယ်တို့ ဒီလူတွေဆို အဲလိုမျိုးနဲ့ နေခဲ့ရတာတွေ ရှိတယ်။ အဲဒီဟာက မြန်မာပြည်မှာ ဥပဒေစိုးမိုးမှု လုံးဝ မရှိဘူးဆိုတာကို ကောက်ချက်ချလို့ ရတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသားတွေကို ဖြစ်နိုင်သမျှ မလွှတ်ဘဲနဲ့ထားချင်တယ် ဆိုတာမျိုးကို လက်တွေ့ ပြနေတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။”

ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ ၁၉၆၃ ခုနှစ်မှာ ဗိုလ်လောင်းသင်တန်း ဆင်းခဲ့ပြီ ၁၉၇၆ ခုနှစ်မှာ ဗိုလ်ကြီး အုံးကျော်မြင့် ဦးဆောင်တဲ့ နိုင်ငံတော်လုပ်ကြံမှုမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲခံရတာကြောင့် တပ်မတော်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် အောက်လွှတ်တော် စစ်အစိုးရကို ဒဏ်ခတ်မှု သက်တမ်းတိုးရေး အတည်ပြု

Thursday, July 15, 2010 7:45 AM | Posted by Anonymous

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ အောက်လွှတ်တော်ကနေ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး တိုးတက်ပြောင်းလဲမှု ဘာမှ မတွေ့ရတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးဝါးလာတာကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေ ဒီထက်ပိုပေးဖို့ လိုမယ်လို့လည်း လွှတ်တော်အမတ်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ (Joseph Crowley) ဦးဆောင်ပြီး အောက်လွှတ်တော်အမတ် ၂၀ ကျော်ဟာ အခု ဒီဥပဒေ သက်တမ်းတိုးရေးအတွက် အဆိုပြုခဲ့ပါတယ်။ ဒီအပေါ်မှာ ကန့်ကွက်သူ မရှိဘဲ အောက်လွှတ်တော် တရပ်လုံးက မနေ့က အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အင်မတန် အရေးကြီးတယ်လို့ အဆိုတင်သွင်းတဲ့ အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီက အဆိုတင်သွင်းစဉ်မှာ ပြောခဲ့ပါတယ်။

“ဒီဥပဒေကို သက်တမ်း ထပ်တိုးလိုက်တာဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အလွန်တရာ အရေးကြီးပါတယ်။ အခု ဒီဥပဒေ အပါအ၀င် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကြောင့် ဥပဒေမဲ့ လုပ်ရပ်တွေ ပံ့ပိုးရာရောက်မယ့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို မြန်မာစစ်အစိုးရလက်ထဲ မရောက်အောင် တားဆီးလိုက်နိုင်ပါတယ်။ သိပ်ကို ထူးကဲလွန်းတဲ့ အမျိုးသမီးတဦးကြောင့် ဒီဥပဒေတွေ ဖြစ်ပေါ်လာတာပါ။ သူကတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူဟာ တဦးတည်းသော အကျဉ်းကျခံနေရတဲ့ ကမ္ဘာ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ မြန်မာလူထုအပေါ် ကျူးလွန်မှုတွေဟာ သာမန် လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်တော့ဘဲ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်တယ်လို့လည်း အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီက ပြောပါတယ်။

“မြန်မာစစ်အစိုးရဟာ တိုင်းရင်းသား ကျေးရွာပေါင်း ၃,၅၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။ ကျေးရွာသားပေါင်း သိန်းနဲ့ချီ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးကြရပါတယ်။ ဒုက္ခသည် သန်းနဲ့ချီ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုအောင်းနေရပါတယ်။ အပြစ်မရှိတဲ့ မြန်မာအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကား အဓမ္မပြုကျင့်တာကို စစ်လက်နက်သဖွယ် အသုံးပြုနေပါတယ်။ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သက် မဟုတ်တော့ပါဘူး။ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်ပါတယ်။”

ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ချားလ်စ် ဘော်စ်တာနီ (Charles Boustany) ကတော့ အခုလို စီးပွားရေး ပိတ်ဆို့မှုမျိုးရဲ့ ထိရောက်မှုတွေကို စောင့်ကြည့် အကဲခတ်နေတုန်း ဆိုပေမဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုကို ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် နိုင်ငံတကာက ၀ိုင်းဝန်းဆောင်ရွက်မှ ရမယ်လို့ သူက ယုံကြည်ပါတယ်။ ဒါကြောင့် မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အာဆီယံတို့က စီးပွားရေးအရ ဖိအားပေးသင့်တယ်လို့ သူက ယူဆပါတယ်။

“မြန်မာစစ်အစိုးရနဲ့ သူ့အပေါင်းပါတွေကို တိုက်ရိုက် ပစ်မှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ရေး ကုလသမဂ္ဂနဲ့ အခြား ကုန်သွယ်ဘက် နိုင်ငံတွေကို တိုက်တွန်းသွားဖို့ အမေရိကန် အစိုးရကို ကျနော် အပြင်းအထန် တိုက်တွန်းပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းနဲ့ တရုတ်နိုင်ငံတို့ အနေနဲ့လည်း မြန်မာအစိုးရနဲ့ ထိစပ်ဆွေးနွေးမှုတွေ အတော်လေး မြှင့်တင်ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။”

မြန်မာစစ်အစိုးရက ဒီနှစ်အတွင်းလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိ စစ်အုပ်စု အာဏာ ပိုမိုချုပ်ကိုင်လာနိုင်မယ့် အခြေအနေပဲ ရှိတယ်လို့ အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီက မြင်ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတာကို နားလည်ပေမဲ့ မြန်မာစစ်အစိုးရဘက်ကတော့ အပြောင်းအလဲတွေ လုပ်ဖို့ လုံးဝ ငြင်းပယ်ထားတယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။ ဒီအခြေအနေပေါ်မှာ စစ်အစိုးရကို နိုင်ငံတကာ ဖိအားတွေ တိုးမြှင့်မပေးနိုင်တဲ့ အခြေအနေ အပေါ်မှာလည်း စိတ်ပျက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်တာထက် ပိုပြီး ဖိအားပေးရမယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။

“ကျနော်တို့မှာ စောင့်ဖို့ အချိန်မရှိပါဘူး။ မြန်မာအစိုးရဟာ အခုနှစ်အတွင်းမှာ ရှက်ဖွယ်ကောင်းတဲ့ ရွေးကောက်ပွဲတခု လုပ်ဖို့ ပြင်နေပါတယ်။ ဒီကနေ သိုးရေခြုံတဲ့ ၀ံပုလွေတကောင်လို အစိုးရတရပ် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ မြန်မာလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး သူတို့လိုရာကို မရိုးမသား မရမကလုပ်ဖို့ ကြံစည်နေပါတယ်။ ရွေးကောက်ပွဲပြီးရင်လည်း အခုလို စစ်ခေါင်းဆောင်မျိုးတွေပဲ အာဏာရလာမှာပါ။ ဒီရွေးကောက်ပွဲ ရလဒ်ကို ကြိုပြင်ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါဝင်ခွင့် မပေးပါဘူး။”

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံသူတွေ မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်းအနီးမှာ အကြမ်းဖက် တိုက်ခိုက်ခံရအပြီး ထွက်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အဲဒီကတည်းက အထိန်းသိမ်း ခံခဲ့ရတာပါ။ ဒီဥပဒေရဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံတွင်းက သွင်းကုန်တွေကို ပိတ်ပင်မှုပါ။ အမေရိကန် ပြည်ထောင်စုဘက်က သွင်းကုန် ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံတွင်း အထည်ချုပ်စက်ရုံအချို့ ပိတ်လိုက်ရပြီး ဒီဥပဒေကြောင့် မြန်မာလူထုကိုလည်း ထိခိုက်မှု ရှိတယ်လို့ ဝေဖန်မှုအချို့တော့ ရှိပါတယ်။

ဒါပေမဲ့လည်း ဒီဥပဒေကြောင့် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပိုပြီး အထိနာစေတယ်လို့ အမေရိကန် ပိတ်ဆို့မှုကို ထောက်ခံသူတွေက ပြောပါတယ်။ စစ်အစိုးရနဲ့ သူနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပိုပြီး ပစ်မှတ်ထား၊ ပိုပြီး ထိရောက်တဲ့ အမေရိကန် ပိတ်ဆို့မှုကတော့ နောက်ဆုံး ချမှတ်ခဲ့တဲ့ JADE ACT လို့ အမည်တွင်တဲ့ စီးပွားရေး ပိတ်ဆို့မှု ဥပဒေ ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။ အခု ၂၀၀၃ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးမှု အတည်ဖြစ်ဖို့ ဆိုရင်တော့ အထက်လွှတ်တော်က အတည်ပြုပြီး သမ္မတက လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။