ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၀)
တင်မိုး
ဇွန် ၅၊ ၂၀၁၁
ဧပြီလဆန်းတယ် ဆိုရင်ပဲ မြန်မာနိုင်ငံမှာ သင်္ကြန်အငွေ့အသက် ရနံ့ကလေး မွှေးစပြုပြီ။ ဥရောပနိုင်ငံတွေမှာတော့ ဆောင်းလက်ကျန် အအေးဓာတ်ကလေး ထွေးပတ်နေဆဲပေါ့လေ။
ဒါပေမယ့် “စပရင်ရာသီ” ခေါ်တဲ့ ဖူးပွင့်ရာသီအစမို့ သစ်ရွက်အဖုကလေးတွေ၊ အဖူးကလေးတွေ ပြစပြုလာကြပြီ။ လမ်းမကြီးတွေနဲ့ ပန်းခြံတွေထဲမှာတော့ ပန်းရောင်လွင့်လွင့် ပွင့်စပြုတဲ့ပန်းတွေ၊ အဖြူရောင် ပန်းပွင့်ကလေးတွေ မြင်ရလို့ စိတ်သစ်နိုးကြွလာကြပြီ။ မှိုင်းမှုန်ပြာရီ ဆောင်းရာသီနှောင်းခဲ့ပြီမို့ အခန်းအောင်းနေရတဲ့ဘ၀က နေရောင်ပျပျ လင်းခဲ့ရချေပေါ့။ ဒီတော့ ဒေါင်းသင်္ကြန်ကလေးကို သတိရပြီး ကဗျာဖွဲ့ချင်စိတ် ပေါ်မိတယ်။
၂။
ဒေါင်းသင်္ကြန်
အဖုအထစ်ကလေးတွေနဲ့
နုသစ်တဲ့ရာသီရောက်ပြန်ပြီ။
ပူပူနွေးနွေး
တောအရေးက စိမ်းမြမြ
ပွင့်သစ်ဖြူနီတွေ လှပြန်ပေါ့
ဥရောပရဲ့ ပွင့်ဖူးရာသီ။
မြန်မာပြည်မှာတော့
နွေရာသီ နေခြည်ခပြီမို့
သင်္ကြန်ကျလို့ ရွှေခွက်ချီ
ရေပက်မည်လို့ တကဲကဲ။
တူးပို့ တူးပို့ စည်တိုသံ
မြနန္ဒာ ကဟန်မူရာကလေးတွေနဲ့
မွှေးနံ့သာ ရေတစက်တမွှား
ငွေခွက်ဖလား တကိုင်ကိုင်
သံချပ်တွေ မြိုင်မြိုင်တိုင်ကြပေါ့
ပိတောက်ခိုင်ဝါ၀ါဝင်း
တာသင်္ကြန် အခါကြိုလို့
သပြေညို အတာအိုးတွေနဲ့
ရွာရိုးမှာ ပရိတ်ပန်းတွေက
ငြိမ်းချမ်းအောင် ဆုမွန်တောင်းကြတယ်
ဒေါင်းက, လို့ ပြေတခွင်မှာနွှဲကြမယ့်
ကျောင်းအမတို့ရဲ့ ရေသဘင်မဟာပွဲ။
အထက်က သံချိုလေးချိုးကဗျာကလေးတပုဒ်ကို ချရေးမိပါတော့တယ်။ သင်္ကြန်မိုးမှာ သင်္ကြန်ပိုးက ရိုးတိုးရွတ ဖြစ်လာဟန် တူပါရဲ့။
၃။
မြန်မာသက္ကရာဇ် တနှစ်ပြောင်းခဲ့လေတိုင်း တခေတ်ကောင်းနိုးနိုး လက်ချိုး ရေတွက်မိတယ်။ “ရွှေငုံးမင်း အမြီးမျှော်သလို ခရီးတော် နီးရက်နဲ့ဝေး” ရပြန်ပြီလား။ နိုင်ငံသားတွေရဲ့ ကြမ္မာကံကို စစ်တမ်းထုတ်ရင်း ဟိုငေးငေး၊ သည်ငေးငေး ရွှေပြည်တော် မျှော်တိုင်းဝေးရော့သလား။
ရပ်ဝေးရောက် ကဗျာဆရာ လွမ်းဇာတာနှောင်ဝဋ်က ကျွတ်ချင်လှပြီမို့ လမ်းစတမျှော်မျှော်နဲ့ ညှိုးရော်မိတယ်။ အို … လွတ်လပ်မှု၊ တရားမျှတမှု၊ လူ့အခွင့်အရေး အပြည့်အ၀မရသေးတဲ့ မြန်မာနိုင်ငံအရေး ငါဆွေးနေလို့ကော ပြီးမှာလား။ ဘယ်နေရာရောက်ရောက် လွတ်မြောက်ရေးကိစ္စ သတိတရနဲ့ လုပ်ကြရမှာ မလွဲပါဘူး။ ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ လုံ့လအားထုတ် အလုပ်လုပ်ကြရမှာပါကလား …။ အဆွေးဖယ်ပြီး အတွေးကြွယ်မှ ဖြစ်တော့မယ်။ အများတီးတဲ့လက်ခုပ်ထဲမှာ ငါတလက်ခုပ် ရေတမှုတ် ပါပါစေ။ နိုင်ငံသားတွေနဲ့အတူ ယောက်ျားဘသား ပါဝင်ဆင်နွှဲမှ ရဲစိတ်တွေလျှမ်းပြီး ပန်းတိုင် ရောက်ပေမယ်။
ဒီတော့ ကဗျာရေးပြီး မိမိကိုယ်ကိုရော အများကိုပါ အားပေးရပြန်တာပေါ့။
၎။
လွတ်လပ်မှုကိုချစ်သူ
ငါဘာတွေးနေသလဲ၊
ငါဘာရေးနေသလဲ
အဆွေးသမားတယောက်များလား။
ကိုယ့်ပြည်ကခွာ
နိုင်ငံတကာအနှံ့သွား
ဒီမိုကရေစီတရား တွင်တွင်ဟော
မမောတမ်း လှုပ်ရှားနေသူလား။
ငါ့ဝါသနာက ကဗျာ
ခံစားရာ စာဖွဲ့
စိတ်နွဲ့သူပဲ ဖြစ်လေမလား။
တကယ်တမ်းမှာ
ငါဟာမြန်မာစစ်စစ်
မြန်မာချစ်တဲ့စိတ်ဓာတ်ရှိတယ်။
ငါ့နိုင်ငံ ငါလွမ်း
ငါ့လမ်းကို ငါလျှောက်
ငါဆောက်ချင်တဲ့အိမ်ကလေးမှာ
အတွေးကလေးတွေ ကွန့်မြူးပြီး
စိတ်ကူးဥာဏ် လွတ်လပ်ချင်တယ်။
ငါ့ကဗျာ ငါဖွဲ့တော့
ကဲ့ရဲ့ချင်လဲ ကဲ့ရဲ့
ကြိုက်တဲ့လူလဲ လက်ခံ
ဝေဖန်ချင်ရင် ဝေဖန်
ကေသီမှာ ပန်ချင်ရင်လဲ ပန်ပေတော့
ကဗျာဥာဏ် တသွေးသွေးနဲ့
ခပ်အေးအေး နေချင်တယ်။
ဒါပေမယ့် … အုပ်ချုပ်တဲ့စစ်တပ်က
လွတ်လပ်စွာ တွေးကြံမှုကို
ခွင့်မပြုနိုင်။
လူထုရဲ့ ခံစားရသမျှ
ပြန်ကြားခွင့်မပေးနိုင်။
သင့်စိတ်နဲ့ သင့်ကဗျာ
လွတ်လပ်စွာ သင်ဖန်တီးရင်
သင့်မီး သင်မွှေး
ပြေးနိုင်ရင် ပြေးပေတော့
လွတ်လပ်ရေးမပေးနိုင်။
ခြေချင်းနဲ့ လက်ထိတ်ကို
ဆုတံဆိပ် အပ်နှင်းပြီး
ထောင်တွင်း အကျဉ်းထားမတဲ့
မတရားတဲ့ စစ်အာဏာအောက်
တကြောက်ကြောက် တလန့်လန့်နဲ့
အမြီးနှံ့နေရတဲ့ငါ့အဖြစ်ကို
ငါမချစ်နိုင်ပါ။
လွတ်လပ်မှုကို ချစ်သူဟာ
အပြစ်ယူဖို့ လုံလောက်သတဲ့
စစ်စုံထောက်တွေရဲ့ မှတ်ချက်ပါ။
ကဲ … ဒီတော့ မနေသာ
တပြည်တရွာပြေးရတာပေါ့။
ပြေးလေလေ ပြေး
ဆွေးလေလေဆွေးရင်း
တေးချင်းတွေဖွဲ့
တိုက်ပွဲတွေဝင်ခဲ့ပေါ့။
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ
ရောင်နီပျပျ
ငါမြင်ရရင်လ
ခွာစုံချပြန်လာမယ်
မြန်မာပြည်သူအပေါင်း
သူရဲကောင်းတို့လေ …။
“အခါတော်ရောက်ချိန် နီးလို့လာပြီ” ဆိုတဲ့ မြို့မရဲ့ ပြည်တော်ဝင်တေးသံကို ကြားယောင်ယောင်နဲ့ ကလောင်ကိုင်မိပါတော့တယ်။
အင်း … လူထုဆန္ဒပြည့်ကောင်းပ …။ ။
Post a Comment