သိန်းစိန် အစိုးရ အလိုမရှိ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ ရန်ကုန်မှာ တောင်းဆိုနေကြပြီ

Friday, February 18, 2011 11:02 AM | Posted by Anonymous


ရန်ကုန်မြို့ ကမ္ဘာအေးလမ်းရှိ ဇွဲစုံဘုရား ဘုန်းကြီးကျောင်း မုဒ်ဝရှေ့နားမှာ ဒီနေ့မနက် ၆ နာရီလောက်က လူငယ်တချို့ ပိုစတာတွေကို နံရံပေါ်မှာ ကပ်တာတွေ ပြုလုပ်ခဲ့ပြီး တချို့ကိုတော့ သစ်ပင်ပေါ်မှာ ကပ်ထားခဲ့ကြပါတယ်။ တချို့က ကမ္ဘာအေးဘုရားလမ်း တလျှောက်မှာ ဖြန့်ကြဲချထားခဲ့ကြပါတယ်။ အခုလို စာရွက်စာတမ်းတွေကို ဖြန့်ဝေနေတဲ့ လူငယ် တွေကို တွေ့ကြရတဲ့ သူတွေက စာရွက်စာတမ်းတွေကို တောင်းယူခဲ့ကြတယ်လို့  စာရွက်ဖြန့် ဝေတဲ့ လူငယ်တဦးက ပြောပြပါတယ်။

မနက်အစောကြီး အငှားကားတွေနဲ့သွားကြတဲ့ ခရီးသည် တွေကလည်း ကားတွေရပ်ပြီး တောင်းယူသွားကြရင်း သူ တို့ရဲ့မြို့ တွေကို ရောက်သွားလို့ရှိရင် မြို့နေလူထုတွေကို သက်သေအထောက်အထားနဲ့ ပြသပေးမယ်လို့ ပြောဆို သွားကြပါတယ်လို့ သိရပါတယ်။

ဒီကနေ့  သိန်းစိန်အလိုမရှိ ကမ်ပိမ်းကို ပြုလုပ်ကြတဲ့ သူတွေ ထဲမှာ လူငယ်တွေအပြင် အကျဉ်းကျရာမှ လွပ်မြောက်ခဲ့ကြ တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ ပါဝင်ကြတယ်လို့ သိရပါတယ်။

သိန်းစိန်အစိုးရ အလိုမရှိ။ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ဖို့  တောင်းဆိုတဲ့  ပိုစတာကမ်ပိမ်းကို နိုင်ငံအနှံ့ လှုပ်ရှားသွား မယ်လို့ ကြေညာထားပါတယ်။ သိန်းစိန်အစိုးရကို ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။ မနက်ဖြန်မပြုတ် ကျရင် သဘက်ခါ ပြုတ်ကျရမယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့  ဆက် တိုက်အရှိန်အဟုန်ပြင်းပြင်းနဲ့  ဆောင်ရွက်သွားမယ်လို့ ကမ်ပိမ်းမှာ ပါဝင်တဲ့ လူငယ်တဦးက ပြောပြပါတယ်။ အခု လို လှုပ်ရှားမှုတွေဟာ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းနဲ့ ပုဇွန် တောင် လိပ်ကန်ပန်း ခြံအနီးမှာလည်း လှုပ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။

အီဂျစ် သမတ မူဘာရက် နိုင်ငံက ထွက်ပြေးခဲ့ရပြီးနောက် သန်းရွှေတို့ နအဖစစ်အုပ်စုကို ချက်ချင်း မြန်မာနိုင်ငံက ထွက် ပြေးရအောင် အမြန်ဆုံး ပြုလုပ်တာဖြစ်တယ်လို့လဲ အဲဒီလူငယ်က ပြောဆိုပါတယ်။ အထူးသဖြင့် သိန်းစိန်အစိုးရကို ပြုတ် ကျသွားဖိုနဲ့ အဓိက ဒီမိုကရေစီအစိုးရတရပ်ကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်သွားဖို့ကို ကမ်ပိမ်းမှာဦးဆောင် တဲ့ လူငယ်တွေက စီစဉ်ဆောင်ရွက် လှုပ်ရှားသွားမယ်လို့ ပြောပြပါတယ်။

၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ၊ စစ်အစိုးရ ၀န်ကြီးချုပ် ဟောင်း ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တာဖြစ်ပါတယ်။

Sources: Renaissance

Charles Hector ကို မလေးကုမ္ပဏီ လျော်ကြေးတောင်း

10:59 AM | Posted by Anonymous

by အောင်မြတ်စိုး

(မဇ္ဈိမ) ။ ။ မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်ပေးသည့် မစ္စတာ Charles Hector ကို ကွန်ပြူတာပစ္စည်း ကိုယ်ထည်ထုတ် Asahi Kosei (M) Sdn. Bhd ကုမ္ပဏီက ပြန်တရားစွဲမည့် ငွေတောင်းစာ ပေးပို့ထားသည်ဟု မလေးရှိ အလုပ်သမားအခွင့် လှုပ်ရှားသည့် အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

မလေးရှားတွင် နှစ် ၂ဝ ကျော် လူ့အခွင့်အရေး လိုက်လံ လုပ်ကိုင်ခဲ့သည့် မလေးနိုင်ငံသား Charles Hector ကို Asahi Kosei (M) Sdn. Bhd က ယခုလ ၁၁ ရက် နေ့စွဲဖြင့် မလေးရှားငွေ ရင်းဂစ် ၁ဝ သန်းနှင့်ညီသည့် အမေရိကန် ဒေါ်လာ ၃,၂၇၆,၅၄ဝ ပေးလျော်ရန်နှင့် မပေးပါက တရားစွဲသွားမည်ဟု စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ၎င်းကုမ္ပဏီက မြန်မာလုပ်သား ၃၁ ဦးအပေါ် ဖိနှိပ်မှုများအတွက် ကမ္ဘာတလွှား အလုပ်သမားအရေးနှင့် လူ့အခွင့်အရေးအဖွဲ့ ၈၁ ဖွဲ့က ပြီးခဲ့သည့် သောကြာနေ့ထုတ် ကန့်ကွက်ကြေညာချက်နှင့် ဆက်စပ်သည်ဟု မလေးရှား ရွှေ့ပြောင်း အလုပ်သမားရေး ပူးပေါင်းဆောင်ရွက်မှုကွန်ယက် NAMM မှ ခွန်ပရာ နွန်ဆွမ်ဝေါင်က မဇ္ဈိမကို ပြောသည်။

ကြေညာချက်ထဲတွင် ကုမ္ပဏီသည် မြန်မာအလုပ်သမားများကို လုပ်အားခများအတွက် စာချုပ်အတိုင်း မပေးဘဲ လျှော့ပေးခြင်း၊ လုပ်အားခမှ အဆောင်စရိတ် ဖြတ်တောက်ခြင်း၊ အလုပ်မဆင်းနိုင်သည့် အလုပ်သမားများကို တရက်လျှင် ရင်းဂစ် ၅ဝ ဖြတ်တောက်ခြင်းများ ပြုခဲ့သည်ဟု ရေးထားသည်။

“ကြေညာချက်မှာ ဒီနိုင်ငံရဲ့ ဥပဒေတွေအပြင် လျှပ်စစ်ပစ္စည်းထုတ်လုပ်သူများ စောင့်စည်းလိုက်နာအပ်သော စည်းမျဉ်းများ Electronic Industry Code of Conduct အရ အရေးယူဖို့ပါ တိုက်တွန်းထားလို့ သူတို့ကို နိုင်ငံတကာက အရေးမယူခင် လက်ဦးမှုရအောင် လုပ်တာ” ဟု ခွန်ပရာက ဆိုသည်။

Burma Campaign (မလေးရှား) မှ ကိုထွန်းထွန်းက “ဒီမှာ အလုပ်သမားအမှုတွေဖြစ်တိုင်း သူ့ (Charles Hector) ဆီက ဥပဒေကြောင်းအရ အကြံဉာဏ် တောင်းရတယ်။ ဒါ့အပြင် လုပ်ကိုင်ရမယ့် နည်းနာတွေကိုလည်း သူက ပြောပြတယ်။ လိုအပ်လို့ ကြေညာချက်တွေ ထုတ်မယ်ဆိုရင်လည်း ဥပဒေအရ ပိုင်ပိုင်နိုင်နိုင် ရေးနိုင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

Charles Hector သည် ၂ဝဝ၅-ဝ၆ ခုနှစ်တွင် မလေးရှား ဘားကောင်စီအဖွဲ့ဝင်၊ ၂ဝဝ၅-၂ဝဝ၇ တွင် ခွဲခြားမှု အဆုံးသတ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ သေဒဏ်နှင့် ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး MADPET ကော်မတီ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးလည်း ဖြစ်သည်။

Asahi Kosei (M) Sdn. Bhd ကုမ္ပဏီက ငွေတောင်းခံလွှာအား ယခုတပတ် တနင်္လာနေ့ မနက်တွင် မစ္စတာ Hector ၏ နေအိမ်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီမှာ ကွန်ပြူတာစက်ပစ္စည်းအပြင် ဗီဒီယိုအစိတ်အပိုင်းများ၊ ယာဉ်နှင့် စက်ပစ္စည်း သတ္တုကိုယ်ထည်များ ပုံလောင်းသည့် ကုမ္ပဏီဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများက မလေးရှား အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များထံ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၎င်းတို့အပေါ် ကုမ္ပဏီက ဖိနှိပ်နေမှုနှင့် မလေးရဲ အပါအဝင် လူတစုက ယခုလ ၇ ရက်နေ့တွင် အလုပ်သမားအဆောင်များသို့ လာရောက်ခြိမ်းခြောက်ကာ မီးဖိုချောင်သုံး ပစ္စည်းများ၊ ရေခဲသေတ္တာ၊ စားပွဲ၊ ရုပ်မြင်သံကြား၊ ပန်ကာ စသည်တို့ကို ယူဆောင်သွားခဲ့ကြောင်း တိုင်တန်းခဲ့သည်ဟု ၈၁ ဖွဲ့ ကြေညာချက်ထဲတွင် ပါရှိသည်။

ယခုလ ၉ ရက်နေ့တွင် ကုမ္ပဏီနှင့် အလုပ်သမားများ အစည်းအဝေးတွင် လုပ်အားခကို ယခင် ရင်းဂစ် ၂ဝ မှ ၂၃ ရင်းဂစ်သို့ လည်းကောင်း၊ ရက်ပျက်လျှင် နှုတ်ယူသည့် ရင်းဂစ် ၅ဝ အစား တလတွင် ၂ ရက်ပျက်မှသာ ဖြတ်တောက်မည် ဖြစ်ကြောင်းနှင့် အဆောင်ခကို ယခင် တလ ၅ဝ ကောက်ခံရမှ ၃ဝ သို့ လျော့ချပေးမည်ဟု ဆိုကာ စာချုပ်အသစ်တွင် စဉ်းစားချိန် မပေးဘဲ လက်မှတ် ရေးထိုးစေခဲ့ကြောင်း ၈၁ ဖွဲ့ ကြေညာချက်တွင် ဖော်ပြထားသည်။

“အလုပ်သမားတွေပြောတာက သူတို့အခွင့်အရေးအတွက် ရပ်တည်မယ်ဆိုရင် ပြန်ပို့မယ်လို့ ထပ်တလဲလဲ ခြိမ်းခြောက်နေပါတယ်တဲ့။ အဲဒါအတွက်ကြောင့်လည်း သူတို့ မလွှဲမရှောင်သာ လက်မှတ်ထိုးလိုက်ရတာပါလို့ ပြောပါတယ်” ဟု ခွန်ပရာ နွန်ဆွမ်ဝေါင်က ပြောသည်။

စာချုပ်ကို မြန်မာအလုပ်သမား ကိုအောင်ဆန်းနှင့် ကိုသီဟစိုးမှလွဲ၍ အားလုံး လက်မှတ်ထိုးခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကိုအောင်ဆန်းက အလုပ်သမားများကိုယ်စား ယခုလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် မလေးရှား လူ့အခွင့်အရေးကော်မရှင်နှင့် မလေးရှား အလုပ်သမားဌာနသို့ လက်မှတ်ရေးထိုးကာ တိုင်ကြားခဲ့သည်။

“ဒီအမှုကို ပြီးတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်။ ဒီလိုမလုပ်ဘဲနေရင် မြန်မာပြည်က အေးဂျင့်က အခုလိုပဲ လူတွေထပ်ပို့ပြီး ဒုက္ခဖြစ်အောင် လုပ်နေမှာ။ ဒါကို ကာကွယ်တဲ့အနေနဲ့ လုပ်ရမယ်” ဟု ကိုအောင်ဆန်းက ဆိုသည်။ သူတို့နှစ်ဦးမှာ ယခုအခါ ပုန်းရှောင်နေကြရသည်။

“ကျမတို့ မျှော်လင့်တာက မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သောကတွေအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးတဲ့ သူ့ကို ကုမ္ပဏီက အခုလို တရားစွဲတာကို ချက်ချင်း ရပ်တန့်ဖို့ ကမ္ဘာတဝှမ်းကနေ ဖိအားပေး တိုက်တွန်းစေချင်တာပါပဲ” ဟု ခွန်ပရာ နွန်ဆွမ်ဝေါင်က ပြောသည်။

ILO ကို တိုင်ကြားသော အမှုမျိုးစုံ စံချိန်တင်များလာ

10:58 AM | Posted by Anonymous


၂၀၁၁ ခုနှစ် ပထမ ၄၅ ရက်အတွင်း မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ILO တိုင်ကြားမှုပေါင်း ၅၀ ရှိပြီး ပြီးခဲ့နှစ် အတွင်း တိုင်ကြားမှု စုစုပေါင်း ၃၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို များပြားလာတာဟာ အဓမ္မခိုင်းစေမှုနဲ့ အရွယ်မရောက်သေးသူ ကလေးစစ်သား စုဆောင်းမှုတွေမှာ မြန်မာပြည်သူတွေအကြား အသိပညာ တိုးပွားလာမှုနဲ့ ရာနဲ့ချီရှိတဲ့ ကြားခံ ကူညီဆောင်ရွက်သူ စေတနာ့ဝန် ထမ်းတွေရဲ့ ကူညီမှုတွေကြောင့် ဖြစ်တယ်လို့ ရန်ကုန် ILO ရုံးက ပြောပါတယ်။

ဒီကူညီသူတွေဟာ ILO ရုံးက ကြီးမှူးကျင်းပတဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနဲ့ အသိပညာပေးရေး ဟောပြောပွဲတွေကို တက်ရောက်ခဲ့သူ စေတနာ့ဝန်ထမ်းတွေ ဖြစ်ပြီး မြန်မာနိုင်ငံမှာ အဓမ္မ စေခိုင်းမှု ပပျောက်ရေး ILO နဲ့ အစိုးရအကြား သဘောတူထားတဲ့ လုပ်ငန်းစဉ်ကို အောင်မြင်အောင် ကူညီသူတွေ ဖြစ်တယ်လို့ ရန်ကုန် ILO ရုံး တာဝန်ခံ Steve Marshall က ပြောပါတယ်။

“ဟုတ်ပါတယ်။ စေတနာ့ဝန်ထမ်းကူညီနေသူ ရာနဲ့ ချီပြီးရှိတယ်လို့ ပြောနိုင်ပါတယ်။ သူတို့ဟာ သူတို့ကိုယ်ပိုင် အလုပ်အကိုင်နဲ့ ရှိသူတွေ ဖြစ်ပြီး သာမန် လူ့အသိုင်းအဝိုင်းမှာ ကိုယ်တာဝန်နဲ့ကိုယ် ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။ ဒီအထဲကနေ အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် အသိပညာ ဖြန့်ဝေပေးတာ၊ မှုခင်းဖြစ်ရင်း ဆက်သွယ် တိုင်ကြားပေးတာတွေ လုပ်ပါတယ်” လို့ သူက RFA ကို ပြောပါတယ်။

ILO ရဲ့ အဆိုအရ ၂၀၁၀ ပြည့်နှစ်အတွင်း ILO ကို ဆက်သွယ် တိုင်ကြားခဲ့တဲ့ အမှု ၃၀၀ ကျော်မှာ ၂၀၀ ခန့်ဟာ ကလေးစစ်သား စုဆောင်းခံရမှုတွေလို့ သိရပါတယ်။

Sources: RFA

စစ်အစိုးရတင်မြောက်သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်အား ကချင်များလက်မခံ

10:54 AM | Posted by Anonymous


မြန်မာစစ်အစိုးရထိန်းချုပ်သော ကချင်ပြည်နယ်လွှတ်တော်၌ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကချင်ဗုဓ္ဒဘာသာဝင် ဦးလဂျွန်ငန်ဆိုင်းအား ရွေးချယ်တင်မြောက်လိုက်ရာ ကချင်များလက်ခံကြိုဆိုခြင်း မရှိကြောင်းသိရသည်။

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးမဂျွယ်မရိုင်ဒူဝါ လဂျွန်ငန်ဆိုင်းအား ရွေးချယ်ခြင်းသည် စစ်အစိုးရမှ ကချင်ပြည်နယ်အား ကချင်လူမျိုးကိုယ်တိုင် အုပ်ချုပ်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခြင်းသာဖြစ်ကြောင်း ကချင်များထင်မြင်ထား သည်။

ဦးလဂျွန်ငန်ဆိုင်းအား မြန်မာစစ်အစိုးရမှ အဓိကခန့်အပ်ထားခြင်းသည် ကြံ့ဖွံ့ပါတီဝင်လည်းဖြစ် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူလည်းဖြစ်သည့် အလျောက် ပေးအပ်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ကချင်ကျောင်းသား ခေါင်းဆောင်ဦးအောင်ဝါမှ သုံးသပ်သည်။

ထိုနည်းတူကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ လိုင်ဇာဌာနချုပ်မှ အရာရှိ တစ်ဦးမှလည်း “ခရစ်ယာန် ကချင်များကိုဦးဆောင်ရန် ဗုဒ္ဓဘာဘာဝင် ငန်ဆိုင်းကို ရွေးချယ်လိုက်ခြင်းဟာ အစိုးရသစ်က ယခင်အစိုးရဟောင်းများ ပြုလုပ်သည့်အတိုင်း ဗုဒ္ဓဘာသာသွတ်သွင်းခြင်း (Buddhism) အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်နေတာဖြစ်တယ်” ဟု ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

နောက်ပြီး ပြီးခဲ့သည့်နှစ် စစ်အစိုးရ၏ ပြည်လုံးကျွတ်ရွေးကောက်ပွဲအား ခရစ်ယာန်များ၏ ဥပုဒ် တနင်္ဂနွေနေ့ (နိုဝင်ဘာဘ ၇၊ ၂၀၁၁) တွင် စီစဉ်ကျင်းပခဲ့ခြင်းသည် တိုင်းရင်းပေါင်းစုံမှီတင်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ခရစ်ယာန်များအား ဘာသာရေးအရဖိနှိပ်ခြင်းဖြစ်ကြောင်းလည်း သူ့အမြင်သုံးသပ်သွားသည်။

ဦးငန်ဆိုင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာခြင်းဖြင့် “ပြည်သူလူထုအတွက် အလားလာကောင်းဖြစ်ပေါ်ရန်၊ မျှော်လင့်ရန် မရှိကြောင်း” ကချင်အမျိုးသားကောင်စီ (Kachin National Council, KNC) နှင့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization, KNO) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင်နေထိုင်သူ ရှေ့နေဟောင်း ဦးခွန်ဆာမှ ရှုမြင်သည်။

“ငန်ဆိုင်းမှာ ကချင်လူထုအတွက် နိုင်ငံရေးအခွင့်အရေးတိုးတက်ဖို့ လုပ်ပိုင်ခွင့်အာဏာလုံးဝ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ စစ်အစိုးရအလိုကျ ပြဌါန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နဲ့ သူ့အထက်က နိုင်ငံတော်သမ္မတ၏ မျက်နှာကိုကြည့်ပြီး သူ့၏ညွှန်ကြားချက်အတိုင်း ကချင်ပြည်နယ်ကို အုပ်ချုပ်ရမှာမို့လို့ပါ။”

စစ်အစိုးရက ကချင်ပြည်နယ်တွင် မည်သည့်နိုင်ငံရေးအတိုက်အခံပါတီမျှမရှိအောင် တားမြစ်ချုပ်ချယ်ထားချိန် ဦးငန်ဆိုင်းမှ ကချင်ပြည်သူများ၏ သာယာဝပြောရေးဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ကျောင်းသားခေါင်းဆောင်အောင်ဝါလည်းဆိုသည်။

နိုင်ငံတော်သမ္မတလောင်း ဦးသိန်းစိန်၏ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးလဂျွန်ငန်ဆိုင်းအား ရွေးချယ်တင်သွင်းချက်ပေါ် ပြည်နယ်လွှတ်တော်က အကန့်အကွက်မရှိ အတည်ပြုကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာ The New Light of Myanmar ၌ ဖော်ပြပါရှိသည်။

ဦးငန်ဆိုင်းသည်အင်ဂျင်နီယာနှင့် စီးပွားရေးလုပ်ငန်းဖြင့် ရပ်တည်နေသူဖြစ်သည်။ ၎င်း၏ ဖခင် လဂျွန်တူးခေါင် (ကွယ်လွန်) သည်လည်း ဗိုလ်ချုပ်နေ၀င်း အာဏာမသိမ်းမီ ဦးနုပါလီမန်ခေတ် (၁၉၄၈-၁၉၆၂) တွင် အမျိုးသားလွှတ်တော်အမတ်ဖြစ်ခဲ့သည်။

ထို့ပြင် သူသည် ဦးနုပါလီမန်ခေတ် ဗမာလိုလားသူ ပထမဆုံးကချင်ပြည်နယ်ဥက္ကဋ္ဌ ဆမားဒူဝါဆင်ဝါးနောင် နှင့် ဆွေမျိုး တော်စပ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးရွေးကောက်ခံ ၀န်ကြီးချုပ် ဦးနုသည် ၁၉၅၈ ခုနှစ်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာခဲ့ပြီး ဗမာလူမျိုးကြီးဝါဒကိုလည်း အစပြုခဲ့သည်။

ယခုလို လူများစုဗမာနှင့်ဗုဓ္ဒဘာသာဝင်ချင်းတူ ဦးလဂျွန်ငန်ဆိုင်းအား ခရစ်ယာန်ကချင်များ၏ ခေါင်းဆောင် ခန့်အပ်ခြင်းသည် “ဗမာလူမျိုးကြီးဝါဒ (Burmanization) နှင့် ဗုဓ္ဒဘာသာသွတ်သွင်းခြင်းဝါဒ (Buddhism)” ကို ထပ်မံ အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်ဟု KIO အရာရှိက သုံးသပ်သည်။

Sources: Kachinnews

စစ်မှုမထမ်းမနေရ အမိန့်ကြောင့်အမျိုးသမီး ၄ ဦး နယ်စပ်သို့ တိမ်းရှောင်လာ

10:50 AM | Posted by Anonymous

နအဖစစ်အစိုးရ၏ စစ်မှုမထမ်းမနေရအမိန့်ကြောင့် စစ်ကိုင်းတိုင်းကလေးမြို့နယ်မှ ချင်းအမျိုးသမီး ၄ ဦး တဖက် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ထွက်ပြေး တိမ်းရှောင်လာကြသည်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှ စပြီး ကလေးမြို့အခြေစိုက် စုဆောင်းရေးတပ်ကစစ်မှုမထမ်းမနေရအမိန့်အတိုင်း အသက် ၁၈ နှစ် မှ ၄၅ နှစ်အကြားအမျိုးသား နှင့်အသက် ၁၈- ၃၅ ကြား အိမ်ထောင်သည်မဟုတ်သည့် အမျိုးသမီးများအမည်စာရင်းကို

လိုက်လံပြုစုနေသဖြင့် ယခုကဲ့သို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

“ကလေးမြို့တောင်ဖီလာရပ်ကွက် နှင့် တာဟန်းရပ်ကွက်မှာတော့ ကောက်နေကြတယ်၊ကျမတို့ ၄ ဦးကတော့ အိမ်က နေချက်ချင်းထွက်ပြေးလာကြတယ်၊နောက်လည်းထွက်ပြေးလာကြအုံးမည်ထင်တယ်” ဟု မီဇိုရမ်ရောက် တောင်ဖီလာ ရပ်ကွက်နေ အမျိုးသမီး တဦး ကပြောသည်။

စစ်သင်တန်းကို ဘယ်ချိန်စတင်မလည်းဆိုတာ မသိရသေးသော်လည်း သင်တန်းကို မူကလေးမြို့နယ် အင်းတိုင်ကြီး စစ်ရေး လေ့ကျင့်ရေးကျောင်းတွင်ပို့ချဖွယ်ရှိသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းထဲက ပြောကြသည်။

အဆိုပါ အမျိုးသမီးက ဆက်လက်ပြီး “ကျမတို့ပြည်တွင်းကိုမပြန်ရဲကြတော့ဘူး၊ ဒုက္ခသည်လျှောက်မလား၊ ဘာလုပ်မလဲ ဆိုတာ ဘာမှ မရေရာသေးဘူး၊မိဘတွေကလည်း အိမ်ကို မပြန်လာစေချင်ကြဘူး” ဟု ပြောသည်။

ယခုလ ဖေဖေါ်ဝါရီနောက်ဆုံးပတ်အတွင်း ပလက်ဝမြို့နယ်၊လယ်တဲကျေးရွာသားနှစ်ဦးကိုလည်း ဒေသခံ ရှင်းလက်ဝ စစ် သားတွေကအတင်းဖမ်းဆီးပြီး တပ်ထဲသွင်းလိုက်ကြောင်း သိရသည်။

အလားတူ ယခုလဆန်းပိုင်းကစ၍ ဖလမ်းမြို့နယ် သွီးဘွလ်အခြေစိုက်နအဖစစ်သားများကမိမိတို့၏ကျေးရွာအတွင်းရှိ အ သက် ၁၈ နှစ်မှ ၄၅ နှစ်အကြား ကျား၊မအမည်စာရင်းများကို ကောက်ခံရန် သက်ဆိုင်ရာကျေးရွာဥက္ကဌအ သီးသီး ကိုအကြောင်းကြားခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

“ရပ်ကွက်ဥက္ကဌနှင့်အဖွဲ့ဝင်တွေက ၁၈ နှစ်ကနေ ၄၅ နှစ်အကြားယောကျာ်း၊မိန်းမဟူသမျှအမည်စာရင်းတွေကို ကောက်ခံ နေကြတယ်၊ဘာအတွက်ကောက်ခံတယ်ဆိုတာကိုတော့ သူတို့က မပြောပြဘူး၊ဒီတိုင်းနာမည်စာရင်းဘဲလာကောက်သွား တယ်”ဟုသွီးဘွလ်ရွာသားများတွေ့ဆုံခဲ့သည့်ချင်းလူ့အခွင့်အရေးလှုပ်ရှားသူတဦးကပြောသည်။

စစ်အစိုးရက ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများစစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်းပြင်ပသို့ပေါက်ကြားလာခဲ့သည်။

အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု၂ နှစ်ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုး မြှင့် နိုင်ကြောင်း၊စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ်သို့မဟုတ် ငွေဒဏ်၊ သို့မ ဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်း စေရန်လုပ် ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်း သူများနှင့် မိခင်များမှအပသတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်း ရမည်၊ထောင်တွင်း အကျဉ်းကျ ခံ နေရသူများနှင့် သက်ကြီးရွယ်အိုများကိုစောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ ဆိုင်းနိုင်သော်လည်း နောက် ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည်ဟု ပါရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းကလည်း ချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့နယ်တွင် ရပ်ကွက်လူကြီးများက ကျေးရွာ အ တွင်းရှိ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား ယောကျာ်း၊မိန်းမ အမည်စာရင်းများကိုကောက်ခံခဲ့ပြီးဖြစ်သည်။

စစ်မှုမထမ်းမနေရအမိန့်ကို အကောင်အထည်ဖော်ဆောင်လာပါက ချင်းလူငယ်များ ပြည်ပသို့ ထွက်ခွါမှုယခင်ကထက် ပိုမို များပြားလာနိုင် သည်ဟု ပြောကြသည်။

Sources : Chin News Group

ဘရီမင် ဂုဏ်ပြုဆု ကိုဇာဂနာ ချီးမြှင့်ခံရ

10:48 AM | Posted by Anonymous


by သန်းထိုက်ဦး

ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော လူရွှင်တော် ကိုဇာဂနာ (ကိုသူရ) အား ဂျာမနီနိုင်ငံ ဘရီမင်မြို့က ၂၀၁၁ ခုနှစ်အတွက် ဘရီမင် စည်းလုံးညီညွတ်ရေးဆု (Bremen Solidarity Award) ကို ယမန်နေ့က ချီးမြှင့်လိုက်သည်။

ကိုဇာဂနာ၏ လူ့အခွင့်အရေးအတွက် ဆောင်ရွက်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကြာင့် ဤဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ ဤ ဘရီမင်ဆုကို ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးသည်။

ယင်းဆုကို အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ကိုဇာဂနာ၏ မိသားစုဝင်များက သွားရောက်ယူမည် ဖြစ်ကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက ဧရာဝတီသို့ ပြောသည်။

“ကိုသူရရဲ့ မိသားစုက နိုင်ငံခြားမှာ ရှိနေတော့ အရင် ဆုတွေရတုန်းက ဆုပေးတဲ့နိုင်ငံတွေကို အဆက်အသွယ်လုပ်ပြီး ကျေးဇူးတင်ကြောင်း ပြောပေးဖို့ ကျမကတဆင့် မှာလေ့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဘရီမင် စည်းလုံးညီညွတ်ရေးဆုကို လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသူများ၊ နယ်ချဲ့လွှမ်းမိုးမှုနှင့် အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်နေသူများကို ၂ နှစ် တကြိမ် ရွေးချယ်၍ ဆုပေးလေ့ရှိကြောင်း၊ ဆုကြေးငွေ အဖြစ် ယူရိုငွေ ၁၀၀၀၀ ပေးအပ်ကြောင်း သိရသည်။

ကိုဇာဂနာသည် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန်လဆန်းပိုင်း၌ စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။

စစ်အစိုးရက ကိုဇာဂနာအား နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။

ထို့အပြင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။

မကြာသေးမီက ဂျာမာန် ဟာသသရုပ်ဆောင်နှင့် အဆိုတော် မိုက်ကယ် မစ်တာနှင့် ဗြိတိသျှ ဒါရိုက်တာ ရက်ဇ် ဘလွန်စတိန်း တို့က ကိုဇာဂနာ အကြောင်းကို The prison where I live အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးပြီး ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံများ၌ လှည့်လည် ပြသခဲ့သည်။

Sources: Irrawaddy

ဒေါ်စု လုံခြုံရေးနဲ့ မြန်မာပြည် အခြေအနေ အမေရိကန် အနီးကပ် စောင့်ကြည့်

10:44 AM | Posted by Anonymous
မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပြည်ထောင်စု ကင်တာကီပြည်နယ်က ၀ါရင့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ခေါင်းဆောင် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) တို့ မနေ့ မနက်ပိုင်းမှာ တယ်လီဖုန်း ပြောဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုတွေ အပြည့်ရှိနေပြီး မြန်မာပြည်သူတွေအတွက် အစွမ်းကုန် ဆောင်ရွက်ပေးမယ့် ခေါင်းဆောင်ကောင်း တဦးပါလို့ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တယ်လီဖုန်း ပြောဆိုမှုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

အခုရက်ပိုင်းတွေအတွင်း အစိုးရပိုင် သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့အပေါ် သူ့အနေနဲ့ အထူးပဲ စိုးရိမ်နေတဲ့အကြောင်း၊ ဒီလို လုပ်ရပ်တွေကို ကမ္ဘာက ၀ိုင်းပြီး ရှုတ်ချသင့်တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ မြန်မာပြည် အခြေအနေတွေကို သူဆက်ပြီး အနီးကပ် စောင့်ကြည့်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၉ ရက်နေ့တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်း ပြောဆိုခဲ့ကြပါသေးတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံ အားပေးသွားမယ့်အကြောင်း ၀န်ကြီး ကလင်တန်က ကတိပေး ပြောဆိုခဲ့ပါတယ်။

ကွန်ယက်ချိတ် ဗေဒါကျောင်း ပြောင်းပြီ

10:20 AM | Posted by Anonymous

by မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ)။ ။ အာဏာပိုင်များ ဖိအားကြောင့် အိမ်ရှင်က ရွှေ့ပေးရန် တောင်းဆိုခဲ့သဖြင့် လူငယ်ကွန်ယက် ချိတ်ထားသည့် ဗေဒါသင်တန်းကျောင်း BAYDA Institute ကို ရန်ကုန်တိုင်း တာမွေမြို့မှ စမ်းချောင်းမြို့သို့ ပြောင်းရွှေ့နေကြောင်း ကျောင်းအုပ် ဦးမျိုးရန်နောင်သိန်း အဆိုအရ သိရသည်။

တာမွေမြို့ ကျောက်မြောင်းရပ်ကွက် စိတ္တသုခလမ်း အိမ်အမှတ် ၂၃ မှ စမ်းချောင်းမြို့ အမှတ် ၇ စမ်းချောင်းလမ်းတွင် ပြန်လည်ဖွင့်လှစ်ရန် ပစ္စည်းများ ပြောင်းရွှေ့နေပြီး၊ ဖိအားကြောင့် သင်တန်းသားများအနေဖြင့် စိတ်ပျက်အားလျော့ခြင်း မရှိဟု ဆိုသည်။

“သင်တန်းသားတွေကတော့ဗျာ၊ ကျနော်တို့က ဒီကျောင်းစလုပ်ကတည်းက ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပေးခဲ့တာပဲ။ ကျောင်းသားတွေက အဲဒီစိတ်ဓာတ် ရတယ်ခင်ဗျာ့။ အဲဒီဖိအားပေးတဲ့အပေါ်မှာ စိတ်ပျက်ခြင်း၊ အားငယ်ခြင်း မရှိဘူး။ ဖိအားမပေးသင့်ဘူးလို့တော့ အားလုံးက ပြောကြတာပေါ့။ ပြီးတော့ ငါတို့ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်လည်း ဖြစ်တယ်” ဟု ဦးမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း တာမွေမြို့ ကျောက်မြောင်းရပ်ကွက် စိတ္တသုခလမ်းတွင် ဖွင့်ထားသည့် BAYDA Institute တွင် နိုင်ငံရေး လှုပ်ရှားမှုများ လုပ်နေသည်ဟုဆိုကာ ချက်ချင်းပြောင်းခိုင်းရန် အာဏာပိုင်များက အိမ်ရှင်မှတဆင့် ယခုလ ၈ ရက်နေ့တွင် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက်ဖွဲ့ရေး ပြောကြားခဲ့ပြီးနောက် လူငယ်ကွန်ယက်များ ပေါ်ထွက်လာခဲ့ရာ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမျိုးရန်နောင်သိန်း ဦးဆောင်သည့် Nation Youth Network လည်း ပါဝင်ချိတ်ဆက်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် Nation Youth Network နှင့် ချိတ်ဆက်ထားသည့် အစုအဖွဲ့ ၁ဝ၄ ခု၌ ဗေဒါသင်တန်းကျောင်းလည်း ပါဝင်လာခဲ့သည်။

ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး Social Science ၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ Global conflict ၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်း South East Asia Study နှင့် အခြေခံအင်္ဂလိပ် ဘာသာရပ်များကို နှစ်ပတ်သင်ခန်းစာအဖြစ် သင်ကြားပေးနေသည်။

တာမွေမြို့ ကျောက်မြောင်းရပ်ကွက်တွင် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအတွင်း သင်တန်းများ စတင်ပို့ချလာခဲ့ရာမှ သင်တန်း အမှတ်စဉ် ၃ အရောက် ပြောင်းရွှေ့ရန် ဖိအားပေးခံရခြင်းလည်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် အမှတ်စဉ် ၃ သင်တန်းဆင်းပွဲကို နေရာဟောင်း၌ပင် ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြပြီး၊ ဦးတင်ဦးက ယခုသင်ကြားပေးနေသည့် လူမှုရေး သိပ္ပံပညာရပ်များသည် အရေးကြီးကြောင်းနှင့် လူငယ်များ စိတ်ဓာတ်မကျရန် အမှာစကား ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ ၄ ရက်နေ့ အမှတ်စဉ် ၂ သင်တန်းဆင်းပွဲသို့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ ပညာရှာပြီး၊ ရလာသည့် ပညာရပ်များဖြင့် တိုင်းပြည်နှင့် လူမျိုးသာမက ကမ္ဘာသူကမ္ဘာသားများအတွက် အသုံးချစေချင်ကြောင်းနှင့် လူငယ်များ အနာဂတ် တောက်ပစေလိုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သေးသည်။

ဗေဒါ သင်တန်းကျောင်းမှ သင်တန်းဆင်းပြီးသူများ ဦးဆောင်ကာ ရေတာရှည်၊ ပုသိမ်၊ မကွေး၊ ရွှေဘို၊ မန္တလေး၊ ပဲခူး မြို့များတွင်လည်း လူမှုရေး သိပ္ပံပညာရပ်များကို ပို့ချမှုများ ရှိနေကြောင်း ဦးမျိုးရန်နောင်သိန်းက ပြောသည်။

“ရေတာရှည်၊ ပုသိမ်၊ မကွေး၊ ရွှေဘို၊ မန္တလေး၊ ပဲခူးတို့မှာ ဒီသင်တန်းတွေ ပေးနေတယ်။ အခုလောလောဆယ်ကတော့ သိုသိုသိပ်သိပ် လုပ်နေတဲ့အတွက် မသိသေးဘူး၊ သိုသိုသိပ်သိပ် လုပ်နေတယ် ဆိုတာကလည်း ဖိအားပေးခံရမှာစိုးလို့။ တကယ်တမ်းကျတော့ နယ်တွေက အာဏာပိုင်တွေက ဖိအားပေးတာ ပိုပြင်းတတ်တယ်လေ။ အဲဒါကြောင့် သိုသိုသိပ်သိပ် လုပ်နေကြတယ်” ဟု သူက ဆိုသည်။

ဗေဒါကျောင်း၏ အမှတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို လာမည့်တနင်္လာနေ့တွင် အမှတ် ၇ စမ်းချောင်းလမ်းရှိ တိုက်ခန်းအမှတ် 4B တွင် ကျင်းပမည် ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးနု အုတ်ဂူသံတိုင်များ အခိုးခံရ

9:50 AM | Posted by Anonymous


by ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ရုပ်အလောင်းမြှုပ်နှံရာ ရန်ကုန်မြို့ ရေဝေးသုသာန်ရှိ အုတ်ဂူဘေး ကာရံထားသည့် သံတိုင်များ အခိုးခံရကြောင်း သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင် မိဘနှစ်ပါး၏ အုတ်ဂူများကို နှစ်စဉ်ပြုနေကျအတိုင်း သွားရောက်ရှင်းလင်းစဉ် အုတ်ဂူ ခြံသံတိုင်များ မရှိတော့ကြောင်း ကျန်ရစ်သူ မိသားစုဝင်များက တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီ ၇ ရက်က အမေဆုံးတာ၊ ဖေဖော်ဝါရီ ၁၄ က အဖေဆုံးတာဆိုတော့ အဲလိုရက်တွေမှာ ကျမတို့က သန့်ရှင်းရေး သွားသွားလုပ်တာပေါ့။ ဇန်နဝါရီလကုန်ပိုင်းက သွားတော့ သံတိုင်တွေ မရှိတော့ဘူး။ တတိုင်မှ မရှိတော့ဘူး” ဟု ဒေါ်သန်းသန်းနုက မဇ္ဈိမကို ပြောသည်။ ၎င်းတို့က သုသာန်ရုံးခန်းကို မေးမြန်းကြည့်ရာ အခိုးခံရသည်မှာ ဟုတ်မှန်ကြောင်း ဝန်ခံသော်လည်း မည်သည့်အချိန် အခိုးခံရသည်ကိုမူ မဖြေဆိုဟု ဆိုသည်။

မိခင်ဒေါ်မြရီ၏ အုတ်ဂူလည်း ခြေရာလက်ရာပျက်နေသဖြင့် မေးမြန်းခဲ့ရာ ဖောက်ထွင်းထားခြင်း မဟုတ်ဘဲ နာမည်ကြေးပြား ကွာကျ၍ ပြန်ပြင်ထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများဘက်က ရှင်းလင်းပြောပြခဲ့သည်။

“အမေရဲ့ဂူက ဖောက်ထားတဲ့ လက်ရာလို့ ကျမတို့က ထင်တယ်။ အင်္ဂတေ အသစ်ကိုင်ထားတော့ ကျမတို့ကလည်း ဖောက်တယ်လို့ ယူဆတယ်။ သူတို့ကတော့ မဟုတ်ပါဘူးတဲ့၊ အဲဒီက ကြေးပြားပြုတ်ကျလာလို့ အင်္ဂတေ ကိုင်တယ်ပေါ့၊ အဲဒါကြောင့် ဖောက်ထားသလို ဖြစ်နေတာပါလို့ ပြောတယ်” ဟု ဒေါ်သန်းသန်းနုက ဆိုသည်။

မြန်မာပြည်တွင် အုတ်ဂူများ ဖောက်ထွင်း၍ အဖိုးတန်ပစ္စည်းများအား ခိုးယူလေ့ရှိကြောင်း သိထားသဖြင့် မိခင်ကြီး ဂူသွင်းစဉ်က မည်သည့် အဖိုးတန်ပစ္စည်းမျှ ထည့်သွင်းမြှုပ်နှံမှု မပြုခဲ့ဟု သူက ဆက်ပြောသည်။

၁၉၉၃ ခုတွင် ကွယ်လွန်ခဲ့သော ဒေါ်မြရီနှင့် ၁၉၉၅ ခုတွင် ကွယ်လွန်ခဲ့သော ဦးနု၏ ရုပ်ကလာပ်များကို မူလက ကြံတောသုသာန်တွင် ယှဉ်တွဲမြှုပ်နှံခဲ့ပြီး၊ ၁၉၉၆ နှစ်ဦးပိုင်းတွင် စစ်အစိုးရက ကြံတောသုသာန်ကို ဖျက်သိမ်းခဲ့သဖြင့် ရေဝေးသုသာန်သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။

ဦးနုတို့ ဇနီးမောင်နှံ၏ အုတ်ဂူများမှာ သုသာန်၏ အရှေ့ဘက်တန်း အစွန်တွင် မြေချထားသည်။ အနီးရှိ အခြားအုတ်ဂူအချို့၏ ဝင်းသံတိုင်များမှာ ပိုမိုတန်ဖိုးကြီးသည့် သံတိုင်များ ဖြစ်သော်လည်း ခိုးယူခံရခြင်း မရှိဟု ဒေါ်သန်းသန်းနုက ပြောဆိုသည်။

ဤကဲ့သို့ ဝင်းထရံ ခိုးယူခံရမှုအပေါ် မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ ဒုမြို့တော်ဝန် ဦးမောင်ပါထံ မိသားစုအနေဖြင့် စာရေးအကြောင်းကြားခဲ့ပြီး၊ သက်ဆိုင်ရာ မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားထားကာ သုသာန် ဝန်ထမ်းများ ထိခိုက်မည်စိုး၍ အမှုမဖွင့်ဟု သူက ဆိုသည်။

ဦးနု ကွယ်လွန်ခြင်း ၁၆ နှစ်မြောက်ဖြစ်သည့် ယခုလ ၁၄ ရက်နေ့တွင် သွားရောက်ဂါရဝပြုခဲ့ရာ အုတ်ဂူကို သက်ဆိုင်ရာက ပြန်လည်၍ ခြံခတ်ပေးထားပြီး ဖြစ်သည်။

ဦးနု အုတ်ဂူ၏ အရှေ့ဘက်တွင် ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ၎င်း၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် (ဒုဝန်ကြီးချုပ်ဟောင်း) ဦးကျော်ငြိမ်း၏ အုတ်ဂူတည်ရန် သတ်မှတ်လျာထားသော်လည်း ယနေ့အထိ ဂူတည်ခြင်း မရှိသေးဘဲ မြေကွက်လပ်အဖြစ်သာ တည်ရှိနေသေးကြောင်း ဒေါ်သန်းသန်းနု ပြောဆိုချက်အရ သိရသည်။