ဒီပဲယင်း (ရုပ်သံမှတ်တမ်း အမှတ် ၂ )

ဒီပဲယင်း (ရုပ်သံမှတ်တမ်း)

မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော

3:50 AM | Posted by Anonymous

မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော



နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း John McCain မြန်မာ့အရေး လာရောက်ဆွေးနွေးသည်မှာ အင်အားသစ်တခု တိုးလာခြင်းဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

“မြန်မာပြည်အရေးကို သံတမန်ချင်း လက်ဝါးရိုက်ပြီး ဗမာပြည်ကိုလည်း ပြန်မပြော၊ အဲလိုလုပ်မယ့်အစား ဂျွန်မက်ကိန်းလို ပွင့်ပွင့်လင်းလင်းပြောတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူဆွေးနွေးသမျှကို လူသိရှင်ကြား ပြန်ပြောမှာပဲ၊ ဖွင့်ချမှာပဲလို့ ယူဆပါတယ်။ တခြားသော သံတမန်တွေထက် ပိုပြီး ပွင့်လင်းမှု ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မက်ကိန်းလာခြင်းဟာ ဘာပဲပြောပြော အင်အားသစ်တခု တိုးလာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ကာ ဂျွန်မက်ကိန်းသည် ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် NLD ရုံးချုပ်၌ CEC အဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ပြီး၊ ဦးဝင်းတင်မှာမူ ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်မည် မဟုတ်ပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်လာရန်အတွက် ကြိုးပမ်းပေးရန် မစ္စတာဂျွန်မက်ကိန်းကို NLD ဘက်က ပြောဆိုရန် စီစဉ်ထားသည်။

“ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟိုဘက်က ဦးသိန်းစိန်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းပေးပါလို့ ပြောရမှာပေါ့။ နောက် ကျနော်တို့အဖွဲ့ချုပ် ဆက်လက်ရပ်တည်ရေး ကြိုးပမ်းနေတဲ့ ကိစ္စတွေ ရှင်းပြမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ အခြေခံဖြစ်တယ်။ ဒါကို ကူညီဆောင်ရွက်ပေးပါလို့ ပြောမယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

တနေ့တည်းတွင် မစ္စတာမက်ကိန်းက ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအဝင် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP နှင့်ပါ တွေ့ဆုံဦးမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေအိမ်သို့ သွားရောက်တွေ့ဆုံမည်။

မေလ ၁၈ ရက်နေ့တွင် အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Y Yun မြန်မာနိုင်ငံသို့ ၄ ရက်ကြာ လာရောက်ခဲ့အပြီး သီတင်းပတ်နှစ်ပတ်အကြာ ဆီးနိတ်အမတ်တဦး ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။

“ခက်တာက အမေရိကန်က ဒီမိုကရေစီနိုင်ငံဗျ။ လွှတ်တော်ကလည်း ၂ ရပ်၊ ကဏ္ဍ ကဏ္ဍအလိုက် check and balance လုပ်နေရတော့၊ လွှတ်တော်အမတ်ကလည်း လွှတ်တော်အမတ်တာဝန် လုပ်ရတာရှိတော့ သူ့ကဏ္ဍနဲ့သူ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။



မစ္စတာကိန်းသည် ကြာသပတေးနေ့ နေ့လည် ၁၂ နာရီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်များအပြင် ကချင်ဘာသာရေး ခေါင်းဆောင်တဦးနှင့်လည်း တွေ့ဆုံဖို့ရှိကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။



“သူ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆက်ထားဖို့သင့်တယ်ဆိုရင် ကျနော်တို့က မေးစရာ ရှိတာပေါ့ဗျာ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် ပိတ်ဆို့ထားတယ်။ ဒီနှစ် ၂ဝ မှာ မရခဲ့ဘူး။ အခု ဆက်ပိတ်ထားမယ်ဆိုရင်ရော ရနိုင်မယ်လို့ ဘယ်သူက အာမခံချက်ရှိလို့လဲ။ ဘယ်အာမခံချက်နဲ့ ဆက်ပိတ်မှာလဲဆိုတာ ကျနော်တို့ မေးကောင်း မေးရဖို့ အကြောင်းရှိမှာပါ။ ကျနော်တို့နိုင်ငံမှာ စီးပွားရေးပိတ်ဆို့ထားမှုက နံပါတ်တစ် ဖြစ်နေတာကိုး” ဟု သူက ဆိုသည်။

မစ္စတာကိန်းအနေနှင့် အစိုးရ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသားများအရေးနှင့် ဒုက္ခသည်များအရေးကို ဆွေးနွေးသွားမည်ဟု အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အမေရိကန်ခေါင်းဆောင်များ တလအတွင်း ၂ ကြိမ် လာရောက်ခဲ့သလို၊ အိမ်နီးချင်း တရုတ်နိုင်ငံမှ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကျာချင့်လင်လည်း ဧပြီလဆန်းပိုင်းတွင် လာရောက်ခဲ့ပြီး၊ မြန်မာသမ္မတ ဦးသိန်းစိန်လည်း တရုတ်နိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် သွားရောက်ခဲ့သေးသည်။

“အမေရိကန်အစိုးရနဲ့ တရုတ်နဲ့ ဗမာပြည်ပြင်ပမှာ ဆွေးနွေးစေချင်တယ်။ ဒီစစ်အစိုးရကို မဏ္ဍိုင်ပြုပြီးတော့ တရုတ်က ဆွေးနွေးလိုက်၊ အမေရိကန်က ဆွေးနွေးလိုက် လုပ်နေရင် အရပ်စကားနဲ့ ပြောရရင် လူရာသွင်းပြီး လုပ်နေသလို ဖြစ်နေတယ်။ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အာရှမြောက်ပိုင်း၊ အာရှ အရှေ့မြောက်ပိုင်းဒေသပေါ့။ အဲလိုနေရာမျိုးမှာ ခိုင်ခိုင်မာမာ ဆွေးနွေးသင့်တယ်လို့ ယူဆတယ်ဗျ” ဟု ဦးဝင်းတင်က ဆိုသည်။



အမေရိကန် ခေါင်းဆောင်များအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်တိုင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလေ့ရှိသည်။

ရန်ကုန်မြို့ရှိ တရုတ်သံရုံးသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပအပြီး NLD ထံ လာရောက်တွေ့ဆုံသည့် ပထမဆုံးသော နိုင်ငံခြားသံရုံး ဖြစ်ခဲ့သော်လည်း ယခုအခါ NLD နှင့် တရားဝင် ဆက်ဆံရေး မရှိတော့ကြောင်း သိရသည်။

Senator John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)

by Kyaw Thu

Source: Ko Kyaw Thu's Facebook page

အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် (Senator) John McCain နှင့် အမေရိကန်သံရုံးအရာရှိ များသည် ၂.၆.၂၀၁၁ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဧည့်သည်တော်များအား နာရေးကူ ညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှုရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသောအဆောက်အဦးများရှိရာ နေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူလူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့်အတွက် ၀မ်းနည်းမိကြောင်း၊ ယခုလို လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုး ဆက်သစ်သင်တန်း အမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ၀ိုင်းဝန်း ကယ်ဆယ် အကူအညီများပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဘုရားသခင်မှလည်း ကောင်းချီးပေးပါစေ” ဟု အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်းမေတ္တာပို့စာသား ရေးသားလက်မှတ်ထိုးကာ မွန်းတည့် (၁၂း၀၀) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှုတ်ခွန်း ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ယနေ့တောင်ဒဂုံမြို့နယ် ကမ္ဘောဇ ၂လမ်းရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ သွားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း...

Wednesday, June 1, 2011 3:00 PM | Posted by Anonymous

ယနေ့တောင်ဒဂုံမြို့နယ် ကမ္ဘောဇ ၂လမ်းရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ သွားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း...

ယနေ့ တောင်ဒဂုံမြို့နယ်၊ အမှတ်(၃၇၆)၊ ကမ္ဘောဇ(၂)လမ်းရှိ HIV/AIDS Prevention and Care Section သို့ အမေရိကန် ရီပတ်ပလေကန် အထက်လွှတ်တော်အမတ် Jhon mac cain ၊ သံရုံးတာဝန်ခံမစ္စတာဒင်္ဂါနှင့် အဖွဲ့ဝင်(၇)ဦး တို့ နံနက် ၉နာရီက လာရောက်ခဲ့ပါသည်။

ထိုသို့ရောက်ရှိ လာရောက်ရာတွင် HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူများဖြစ်ကြ သော မဖြူဖြူသင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဒေါ်မေ၀င်းမြင့်၊တနသာင်္ရီတိုင်းတာဝန်ခံ(ဦးလှမင်း)၊ ရန်ကုန်တိုင်းစည်းအဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့မှ လက်ခံတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံရာတွင် လွတ်တော်အမတ်Mr.Jhon McCainအနေဖြင့်မဖြူဖြူသင်း မှ လက်ရှိ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်လင်းစွာ မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထိုနောက် Mr.Jhon McCain နှင့် အဖွဲ့သည် လူနာများအား ရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံ ကြည့်ရူ့အားပေးခဲ့ကြပြီး လူနာများနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ယင်းနောက် မဖြူဖြူသင်းနှင့် (၅)မိနစ်ခန့် သီးသန့်တွေ့ဆုံခဲ့ရာ။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့်အခါ လုပ်ငန်းကိစ္စများကို ဆက်လက်ပြောပြပေးမည်ဟု မဖြူဖြူသင်းအား ပြောကြားခဲ့သည်။ ယင်းနောက် မဖြူဖြူသင်းမှ အမှတ်တရ လက်ဆောင်ပြန်လည်ပေးခဲ့သည်။ ထိုနောက်Mr.Jhon McCain နှင့်အဖွဲ့အား လူနာများမှ စားသောက်စရာများနှင့် တည်ခင်းဧည့်ခံခဲ့ပြီး နံနက်(၁၀းဝ)နာရီတွင် အဆိုပါ ဂေဟာမှ ပြန်လည် ထွက်ခွာလာခဲ့သည်။

မေလင်း...

သတင်း၊ ဓာတ်ပုံ ပေးပို့ပေးတဲ့ ... မေလင်း အားကျေးဇူးတင်ပါသည်..

အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့်

Saturday, 28 May 2011

အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့်

သန်းစိုးလှိုင်

မေ ၂၉ ၊ ၂၀၁၁

ဖြေးဖြေးချင်းလာမယ်ဆိုတဲ့ လွတ်လပ်ခွင့်

အစိုးရသစ် တက်မလာမီ သီတင်းပတ်အလိုမှာ နာမည်ဆိုးနဲ့ ထင်ရှားတဲ့ စာပေစိစစ်ရေးက လက်ရှိထုတ်ဝေနေတဲ့ အမျိုးအစား ၆ မျိုးကို တင်ပြီးမှ ထုတ်ဝေတာမဟုတ်ပဲ၊ ထုတ်ဝေပြီးမှ တင်ပြတာမျိုးနဲ့ ခွင့်ပြုဖို့ အစိုးရသစ်ဆီ တင်ပြမယ်လို့ ဆိုပါတယ်။ အစိုးရသစ်ကခွင့်ပြုရင် အဆိုပါ အမျိုးအစားမှာ အကျုံးဝင်တဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေ မထုတ်မီ ကြိုတင်ပြဖို့မလိုပဲ ထုတ်ပြီးမှ စိစစ်ရေးကို တင်ရမယ့် သဘောပါ။ ဒီလို ပြောင်းလဲမယ့် အရိပ်အရောင်ပြတဲ့ အပေါ် အချို့သော မီဒီယာ နယ်ပယ်မှသူများက အစိုးရသစ်တက်လာရင် မီဒီယာ လွတ်လပ်ခွင့် တဖြည်းဖြည်း ရလာတော့မလားဆိုပြီး မျှော်လင့်နေကြပါတယ်။

သူတို့အမြင်မှာ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်ဆိုတာ ရုတ်တရက် ပြောင်းလဲခြင်းမျိုး မဟုတ်ပဲ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားမယ့် ဖြစ်စဉ်လို့ သုံးသပ်ပြီးဒါဟာ မီဒီယာ လွတ်လပ်ခွင့်ရဲ့ အစပဲလို့ ကောက်ချက်ချသူတွေလည်း ရှိပါတယ်။

တကယ်ပဲ မီဒီယာ လွတ်လပ်ခွင့်ရဲ့ အစလားဆိုတဲ့အချက်အပေါ် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အဖြစ်အပျက်များ အပေါ်မူတည်ပြီး သုံးသပ်ကြဖို့လိုပါတယ်။ ယခင်ထက်လွတ်လပ်လာတယ် ဆိုတဲ့အချက်ကို မငြင်းဆိုပါဘူး။ ဘာလို့ဆို အရင်က စာနဲ့ မထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေက များပြားလွန်းတော့ သတင်းဂျာနယ်တွေက ကိုယ့်ဘာသာကိုယ် မရေးဖို့ ဆုံးဖြတ်တန်ဆုံးဖြတ်၊ ဖြတ်တန်ဖြတ် လုပ်ခဲ့ကြပြီး အခုလက်ရှိအချိန်မှာ အကြောင်းအရာတချို့ကို ရေးခွင့်ရလာတာ ကိုတော့ သတင်းဂျာနယ်လောကသားတွေ သတိပြုမိကြပါတယ်။

ဥပမာ ဟိုအရင်က ပြင်ပ ဒေါ်လာလဲနှုန်းဆိုရင် စိစစ်ရေးက လက်မခံဘူး။ ငွေမာလဲနှုန်းလို့ မလိမ့်တပတ်ရေးခဲ့ရပါတယ်။ ပြင်ပဓါတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်း တဂါလံ ၄၀၀၀ ကျပ်ဆိုရင်လည်း လက်မခံဘူး။ အစိုးရဆိုင်က ပေါက်ဈေး ၂၅၀၀ ကျပ်ပဲ ရေးခွင့်ပေးတယ်။ နောက်ပြီး မီးလောင်တဲ့သတင်းတိုင်းလည်း ဖေါ်ပြခွင့်ရချင်မှရသလို ကားတိုက်တဲ့ သတင်း၊ လူသတ်မှုလို လူစိတ်ဝင်စားတဲ့ မှုခင်းတိုင်းလည်း ဖေါ်ပြခွင့် မရခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီတုန်းက ဆန်ဈေးတက်တယ်ဆိုတဲ့ သတင်းရေးရင်ဖြုတ်ခံရသလို ရွှေဈေးတက်ရင်လည်း ဖြုတ်ခံရလေ့ရှိပါတယ်။

အခုတော့ ပြင်ပ ဓါတ်ဆီပေါက်ဈေး၊ ဒေါ်လာဈေးတွေကို ရေးခွင့်ရပါပြီ။ သို့ပေမယ့် ဒေါ်လာဈေး အမျိုးမျိုးဖြစ်နေတာ၊ အစိုးရလဲနှုန်းက ၆ကျပ်ဖြစ်နေတာ၊ အကောက်ခွန် ဆောင်တဲ့အခါ သတ်မှတ်တဲ့နှုန်းက တမျိုး၊ ပြင်ပပေါက်ဈေးက တမျိုးစသဖြင့် လဲနှုန်းအမျိုးမျိုးဖြစ်နေတဲ့ အဖြစ်ကို ပညာရှင်တွေမေးမြန်းပြီး သုံးသပ်ရေးဖေါ်ပြရင်တော့ အခုချိန်မှာလည်း ခွင့်မပြုပါဘူး။

နိုင်ငံရေးသတင်း ကန့်သတ်မှု ထုံးစံအတိုင်း

ယခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို သတင်းဂျာနယ်တွေမှာ ဖေါ်ပြဖို့ဆိုရင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံတာ၊ ကုလသံကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ အခါမျိုးမှာသာ ရှားရှားပါးပါး ခွင့်ပြုလေ့ရှိခဲ့ရာက လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်စုကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့စဉ်နောက်ပိုင်း ဂျာနယ်တွေမှာ အထိုက်အလျောက် ဖေါ်ပြခွင့်ရခဲ့ကြပါတယ်။ သို့ပေမယ့် မျက်နှာဖုံး အဖြစ်ဖေါ်ပြခွင့်မပေးတာ၊ ပုံအရွယ်အစား ကန့်သတ်တာ၊ သတင်းဖေါ်ပြရာမှာ အချက်အလက်ပြောစကားတွေကို ဖြုတ်တာ၊ ဖြတ်တာတွေ လုပ်ခဲ့ပါသေးတယ်။ တင်ပြခြင်းမရှိပဲ ဖေါ်ပြခဲ့လို့၊ အတွင်းအချပ်ပိုကို မျက်နှာဖုံးဆန်ဆန် လုပ်လို့၊ ဓါတ်ပုံအရွယ်အစားကြီးလို့ စတဲ့ ပြစ်ချက်တွေနဲ့ ဂျာနယ် ၉ စောင် တပတ် နှစ်ပတ် အသီးသီးနားခဲ့ ကြရပါသေးတယ်။

အဲဒီနောက်မှာ ပြည်တွင်း ဂျာနယ်သတင်းထောက်တွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတိုင်း၊ အခမ်းအနားတိုင်းကို သွားရောက်ပြီး သတင်းရေးပြီး စိစစ်ရေးကို တင်ခဲ့ကြပါတယ်။ ပြည်တွင်း သတင်းထောက်တွေ အနေနဲ့ အရင်တုန်းက ရေးလို့မဖြစ်ဘူးဆိုပြီး နားလည်ထားခဲ့တာကို ဖယ်ထားပြီး တင်ရမှာက ကိုယ့်အလုပ် ခွင့်ပြုတာ မပြုတာက စိစစ်ရေးအလုပ်ဆိုပြီး ၀ိုင်းပြီးဖိအားပေးခဲ့ကြတာပါ။

ဒီလိုဖိအားပေးတာကြောင့် လအတန်ကြာနောက်မှာ ဒေါ်အောင်ဆန်းစုကြည် နာရေးကူညီမှု အသင်းနှစ်ပတ်လည် သွားရောက်တာ၊ ကုလသံကိုယ်စားလှယ်နဲ့ နေအိမ်မှာတွေ့ဆုံတာ၊ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေး ၀န်ကြီးနဲ့တွေ့တဲ့ သတင်းတွေ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ ဖေါ်ပြခွင့်ရခဲ့ပါတယ်။ ယခုပြောတဲ့ အတိုင်းအတာအထိ ရေးသားဖေါ်ပြခွင့်ရလာကြသော်လည်း သတင်းကို သတင်းဆန်ဆန် ပြည့်ပြည့်စုံစုံ ဘက်မျှတစွာ အချက်အလက်ပြည့်စုံစွာ ရေးသားဖေါ်ပြခွင့်ရတာတော့ မဟုတ်သေးပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ အသုံးအနှုန်း အစား ဖျက်သိမ်းပြီးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လို့ သုံးနှုန်းရပါတယ်။ သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ဖြေကြားတဲ့ ပြောစကားတွေကို ကိုးကားဖေါ်ပြခဲ့ရင်လည်း အများစုက ဖြုတ်ပြစ်ခံရနေတုန်းပါပဲ။

မကြာခင်က လွတ်မြောက်လာတဲ့ အက်စစ် အဖွဲ့ရဲ့ အဆိုတော်၊ မျိုးဆက်သစ် လူငယ်အစည်းအရုံးအဖွဲ့ဝင် ဇေယျာသော်ရဲ့ အင်တာဗျူးတွေကို အပတ်စဉ်သတင်းဂျာနယ်တွေမှာ အပြည့်အစုံဖေါ်ပြခွင့်မရတာကို ကြည့်ရင် စိစစ်ရေးရဲ့ ကန့်သတ်ချက်တွေအများအပြား ရှိနေသေးတာကို သိနိုင်ပါတယ်။ အနုပညာပိုင်းနဲ့ ပတ်သက်တာသာ အင်တာဗျူးမှာဖေါ်ပြခွင့်ရပြီး နိုင်ငံရေး ကိစ္စရပ်တွေအားလုံးကို ဖြုတ်ခိုင်းတဲ့အဖြစ်ကြောင့် တချို့သောဂျာနယ်တွေမှာ ဇေယျာသော်လွတ်လာတဲ့ သတင်းကို တိုနန့်နန့်သတင်းအဖြစ်ပဲ ဖေါ်ပြနိုင်ခဲ့ကြတာကို တွေ့ရမှာပါ။

ဒီရက်ပိုင်းမှာကိုပဲ သတင်းဂျာနယ်နှစ်စောင် သုံးစောင်က အယ်ဒီတာတွေနဲ့ စကားပြောကြည့်တဲ့အခါ ဆောင်းပါးတွေ၊ အကြောင်းအရာတခုကို သိုင်းဝိုင်းပြီး အမြင်အမျိုးမျိုးနဲ့ ဖေါ်ပြတာတွေကို စိစစ်ရေးက ဆိုင်းငံ့ ဆိုပြီး ဖြုတ်ပယ်နေလို့ စိတ်ညစ်နေကြောင်း ငြီးငြူနေကြပါတယ်။

စာပေစိစစ်ရေးက အပေါ်ယံ ကိစ္စရပ်လို့ သဘောထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်သူဓါတ်ပုံ၊ သူ့နဲ့ တွေ့ဆုံမေးမြန်းခြင်း၊ သူကိုယ်တိုင်ရေးတဲ့ ဆောင်းပါး စတာတွေကို လွန်ခဲ့တဲ့လမှ စပြီးဖေါ်ပြခွင့်ပြုပေမယ့် အစိုးရရဲ့ ပေါ်လစီပိုင်း၊ လက်တွေ့ကျင့်သုံးမှုအပိုင်း အားနည်းချက်တွေက်ု ဝေဖန်သုံးသပ်တဲ့ ဆောင်းပါးတွေကိုတော့ ဖေါ်ပြခွင့်မပြုသေးတာ ယခုအချိန်ထိပါပဲ။

မင်းသားခေါင်းမဆောင်းတဲ့ စိစစ်ရေး

အစိုးရအဖွဲ့သစ်ပြောင်းခဲ့တဲ့အတွက် စာပေစိစစ်ရေးက တကယ်ပဲ လက်ရှောင်လိုက်ပြီလား၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရတော့မလား ဆိုတဲ့မျှော်လင့်ချက်တွေ ထွက်ပေါ်နေခဲ့တယ် ဆိုရင် အဲဒီမျှော်လင့်ချက်တွေကို ချေဖျက်လိုက်တဲ့ အဖြစ်အပျက်ကတော့ မေလဆန်းမှာ ဖြစ်ခဲ့တဲ့ True News အပတ်စဉ်ဂျာနယ် ၂ပတ်နားဖို့ အပြစ်ပေးတဲ့ကိစ္စပဲ ဖြစ်မှာပါ။

True News ဂျာနယ်မှာ ဖေါ်ပြလိုက်တဲ့ ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ကို သတင်းမှားယွင်းတယ် ဆိုပြီး ၀န်ကြီးဌာနက စာပေစိစစ်ရေးကို အရေးယူပေးဖို့ စာပို့လာပါတယ်။ ဒီအတွက် စိစစ်ရေးက ဂျာနယ် ၂ ပတ်နားဖို့ အမိန့်ပေးခဲ့တာပါ။ ဒီအဖြစ်က အစိုးရသစ်လက်ထက်မှာ မီဒီယာတွေကို လွတ်လပ်ခွင့် တဖြည်းဖြည်းပေးသွားမယ် ဆိုတဲ့ ပြောဆိုသံတွေ မျှော်လင့်ချက်တွေကို ပျက်ပြယ်သွားစေခဲ့ပါတယ်။ အစိုးရသစ်တက်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို မေးခွန်းမေးတဲ့ သတင်းထောက်ကို ၀န်ကြီးက ပခုံးပုတ်ပြီး မင်းတို့လိုချင်တဲ့ စာပေလွတ်လပ်ခွင့် တဖြည်းဖြည်းရမှာပါ လို့ပြောခဲ့ဖူးလို့ပါပဲ။

ဒီအဖြစ်အပျက်ကြောင့် စာပေစိစစ်ရေးဟာ ဂျာနယ် မဂ္ဂဇင်းများရဲ့ ပုလိပ် ဖြစ်နေဆဲပဲ ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ရှိပါတယ်။ အစိုးရသစ်တက်ပြီး သမ္မတသစ် ဦးသိန်းစိန်ကလည်း မီဒီယာရဲ့ အရေးကြီးပုံ၊ မီဒီယာမှ တဆင့်လူထုကို အသိပေးသင့်တာပေးရမယ် လို့ပြောဆိုပြီး ၁ လကျော်အကြာမှာ ယခုကိစ္စဖြစ်ပွားခဲ့တာပါ။

ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိက သတင်းဂျာနယ် အကြားဖြစ်ပွားတဲ့ အငြင်းပွားမှုမှာ တရားဥပဒေနဲ့ ရင်ဆိုင်ဖြေရှင်းကြရမယ့် အစား စာပေစိစစ်ရေးက ၀င်ရောက်ဆုံးဖြတ်ခွင့်ရှိသူနေရာကို ယူထားဆဲဖြစ်တာတွေ့ရမှာပါ။ သတင်းဂျာနယ်တွေရဲ့ လွတ်လပ်ခွင့်ကို တရားဥပဒေနဲ့ တိုင်းတာရမယ့် အစား စိစစ်ရေးက ချမှတ်တဲ့မူတွေနဲ့ပဲ တိုင်းတာ ဆုံးဖြတ်နေဆဲပါ။

နောက်တချက်က အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားတဲ့ ကိစ္စရပ်မျိုး၊ အစိုးရက ကျင်းပတဲ့ အခမ်းအနားလိုမျိုးမှာ သတင်းယူခွင့် ဘယ်ဂျာနယ်တိုက်ကို ပေးမယ်၊ ဘယ်ဂျာနယ်တိုက်ကို မပေးဘူးဆိုတဲ့ ကိစ္စတွေကို စိစစ်ရေးက ဆုံးဖြတ်တဲ့ အဖြစ်ဟာလည်း မီဒီယာ လွတ်လပ်ခွင့် အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတဲ့ ရေချိန်ကို ပြသနေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်ဝင်းထဲမှာ တိုင်းအဆင့် ၀န်ကြီး ဦးဥာဏ်ထွန်းဦး ဦးဆောင်ကျင်းပခဲ့တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွေကိုလည်း သတင်းဂျာနယ်တိုင်း မဖိတ်ကြားခဲ့ပါဘူး။ ထို့အတူပဲ မကြာခင်က နေပြည်တော်မှာ ကျင်းပတဲ့ ဆင်းရဲမှုလျော့ချရေး အလုပ်ရုံဆွေးနွေးပွဲကိုလည်း သတင်းဂျာနယ်တိုင်း ဖိတ်ကြားမခံခဲ့ရပါဘူး။ အဲဒီလို အများနဲ့ဆိုင်တဲ့ ပွဲတွေ သတင်းယူခွင့်ကို စိစစ်ရေးက ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ အစိုးရဌာနတွေမှာ သတင်းယူခွင့်ကို စိစစ်ရေးနဲ့ ဆက်ဆံရေးကောင်းမှ ဆိုတဲ့ အချက်နဲ့ တွဲထားပါတယ်။ စိစစ်ရေးက ပြောတဲ့ စကားလုံးနဲ့ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ အတွက် ဖိတ်ကြားတဲ့ စာရင်းထဲ မထည့်တာလို့ ဆိုပါတယ်။

သတင်းဂျာနယ်တိုင်းမှာ သူ့စာဖတ်ပရိတ်သတ်အတွက် မေးမြန်း သတင်းယူခွင့်ရှိတယ် ဆိုတဲ့အချက်ကို စိစစ်ရေးက အသိအမှတ်ပြုပုံမရပါ။ သတင်းကိုလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့် အဆင့်မရောက်မီ သတင်းကိုလွတ်လပ်စွာ မေးမြန်းရယူခွင့် မရှိသေးဘူးဆိုတာကို အထက်က အဖြစ်အပျက်က ညွန်ပြနေပါတယ်။

သူတို့အခြေခံဥပဒေရဲ့ အထက်က စာပေစိစစ်ရေးသြဇာ

အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ အတွက် ရေးသားဖေါ်ပြခွင့် နည်းနည်းရလာတယ်လို့ ထင်မှတ်နေစဉ်မှာ အခြားတဘက်မှာတော့ စိစစ်ရေးနဲ့ ဆက်သွယ်လုပ်ကိုင်ရာမှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပေါင်း များစွာကိုလည်း ပယ်ဖျက်ခြင်း မပြုသေးပါဘူး။

တပတ်စာတင်မယ့် စာမူကို ပထမမူ၊ ဒုတိယမူ ၂ မူခွဲပြီး တင်ပြရတာ၊ အတွင်း စာမျက်နှာ မှာဖေါ်ပြမယ့် သတင်းကို မျက်နှာဖုံးမှာ ဖေါ်ပြခွင့်မရှိတာ၊ မျက်နှာဖုံးမှာ ဖေါ်ပြမယ့် သတင်းတွေ ဖြုတ်ပယ်ခံရလို့ အတွင်းမှာ ခွင့်ပြုပြီးသား သတင်းနဲ့ အစားထိုးမယ်ဆိုရင်လည်း ထပ်မံတင်ပြရပြန်တာ၊ သတင်းဓါတ်ပုံ ဖေါ်ပြမယ်ဆိုရင် သတင်းနဲ့ အတူတွဲပြီးတင်ပြထားမှ ဖေါ်ပြခွင့်ရှိတဲ့ အချက်တွေဟာ သတင်းဂျာနယ်တွေ နေ့စဉ် လုပ်ကိုင်ရာမှာ အတားအဆီး နှောင့်နှေးမှုတွေ အများကြီးဖြစ်စေတယ်လို့ အယ်ဒီတာတွေက ဆိုပါတယ်။ မျက်နှာဖုံး သတင်းပြုတ်သွားလို့ အစားထိုးမယ့်နောက် သတင်းတပုဒ်ကို အချိန်မှီအောင် ပြန်တင်ပြရတာ၊ ပုံပြုတ်သွားလို့ စာချည်းပဲ တင်လိုက်ရတာ၊ စတဲ့ဒုက္ခတွေကို အပတ်စဉ်ထုတ်ဂျာနယ်တွေက ဖြေရှင်းနေရဆဲ အဖြစ်ကိုကြည့်ရင် စာပေစိစစ်ရေးရဲ့ ချုပ်ကိုင်ထားမှုတွေကို ဖြေလျော့မပေးသေးတဲ့ အချက်ကို ထင်ရှားစေပါတယ်။

စာမျက်နှာတွေမှာ အယ်ဒီတာတွေက စိတ်ကြိုက် နေရာချခွင့်၊ မျက်နှာဖုံးနဲ့ အတွင်း ဖေါ်ပြခွင့်တွေ အထိတင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အယ်ဒီတာတွေ ၊ သတင်းရေးသူတွေ နောက်ဆုံး စာဖတ်သူတွေ အထိ နစ်နာမှုကြုံတွေ့နေရပါတယ်။ အခုဖေါ်ပြခဲ့တဲ့ ချုပ်ကိုင်မှုတွေကိုပါ ဖြေလျော့ပေးမှသာ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်မယ်ဆိုတဲ့ သမ္မတသစ်ရဲ့ ပြောဆိုမှုကို ယုံကြည်နိုင်မှာပါ။ သမ္မတသစ် ဦးသိန်းစိန်က စတုထ္တမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာ ရဲ့ အရေးပါပုံကို သဘောပေါက်ကြောင်းနဲ့ ၀န်ကြီးဌာနတွေအနေနဲ့လည်း မီဒီယာက တဆင့်ပြည်သူတွေကို အသိပေးသင့်တယ်လို့ ပြောသွားပေမယ့် မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အခြေခံဥပဒေအရ ဘယ်လို အာမခံထားတယ် ဆိုတာမျိုးပြော မသွားခဲ့ပါဘူး။

ပုဂ္ဂလိကပိုင် သတင်းဂျာနယ်တွေ ထုတ်ဝေခွင့် လက်မှတ် လူတိုင်းလျှောက်ခွင့်မရှိတာလည်း မီဒီယာလွတ်လပ်ခွင့် မရှိသေးတဲ့အချက်ကို ပြဆိုနေပါတယ်။ အခုအချိန်ထိ သတင်းဂျာနယ် ထုတ်ဝေခွင့်ရဖို့ရာ နီးစပ်တဲ့ လုပ်ငန်းရှင်တွေသော်လည်းကောင်း၊ အငြိမ်းစား အစိုးရအရာရှိ အချို့သော်လည်းကောင်း ပြန်ကြားရေးဝန်ကြီးက ယုံကြည်စိတ်ချတဲ့ မီဒီယာသမားဖြစ်မှ သော်လည်းကောင်း ခွင့်ပြုတဲ့ အနေအထားမှာ ရှိပါတယ်။ ထုတ်ဝေခွင့် လျှောက်ထားသူတွေမှာ ဘယ်လို အချက်အလက်နဲ့ ညီညွှတ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိသလို လျှောက်ထားသူတိုင်း မရရှိနိုင်တာကြောင့် ထုတ်ဝေခွင့်ရပြီးသားသူတွေရဲ့ ကဒ်ကို အခပေးငှားရမ်းထုတ်ဝေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

မျက်နှာလိုက်တဲ့ စိစစ်ရေး

ပုဂ္ဂလိက သတင်းဂျာနယ်များအားလုံးအပေါ် စာပေစိစစ်ရေးက ပေးတဲ့ အခွင့်အရေးကလည်း တပြေးညီမဟုတ်ပါဘူး။ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဖေါ်ပြခွင့်ရမရဆိုတာ ဂျာနယ်အပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှု တခုခုကို တချို့ဂျာနယ်မှာဖေါ်ပြခွင့်ရပေမယ့် ဂျာနယ် အတော်များများ ဖေါ်ပြခွင့်မရတဲ့ အဖြစ်မျိုးလည်း မကြာခဏကြုံတွေ့ရတတ်ပါတယ်။

ဒီလိုအဖြစ်မျိုးကြုံလို့ စာပေစိစစ်ရေးကို အထောက်အထားပြပြီး စောဒက တက်ခွင့်မရှိပါဘူး။ ဘယ်ဂျာနယ်ကို ဘာမူဝါဒကြောင့် ခွင့်ပြုတယ်ဆိုတဲ့ အချက်ကို စိစစ်ရေးက ရှင်းပြပေးဖို့ တာဝန်မရှိပါဘူး။ စာပေစိစစ်ရေးရဲ့ ပင်ကိုယ် မူဝါဒကိုက ဘယ်လိုလုပ်ထုံးလုပ်နည်း၊ ဘယ်လိုသတင်းမျိုး၊ ဖေါ်ပြမှုမျိုးကို ခွင့်ပြု ခွင့်မပြု အများသိသာအောင် ထုတ်ပြန်ထားခြင်းမရှိလို့ပဲ ဖြစ်ပါတယ်။

ဆောင်းပါးတပုဒ်၊ သတင်းတပုဒ်ကို ငြင်းပယ်တဲ့အခါ ဆိုင်းငံ့ ဆိုတဲ့ အကြောင်းပြချက်၊ ခိုင်လုံတဲ့ အထောက်အထား တင်ပြရန်ဆိုတာမျိုးနဲ့ ငြင်းပယ်လေ့ရှိပါတယ်။ သတင်းရဲ့ သဘောသဘာဝအရ နောက်တပတ်ကြာသွားတဲ့အခါမှာ အရေးပါမှု စိတ်ဝင်စားမှုလျော့သွားမှာပါ။ တခါတရံ ဂျာနယ်တစောင်နဲ့ တစောင်အကြား အပြေးပြိုင်နေတဲ့ ခြေလှမ်းတွေကို စာပေစိစစ်ရေးက ဖြတ်ရိုက်တဲ့ အဖြစ်မျိုးကြုံကြရတယ်လို့ ပြည်တွင်းက ဂျာနယ်အယ်ဒီတာတွေ ပြောဆိုလေ့ရှိပါတယ်။

ယခုဖေါ်ပြခဲ့တာတွေ ကတော့ ပြည်တွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုရာမှာ အရေးပါနေဆဲဇတ်ကောင်ဖြစ်တဲ့ စာပေစိစစ်ရေးရဲ့ ကဏ္ဍတွေပါပဲ။ လွန်ခဲ့တဲ့သီတင်း ၂ ပတ်က True News သတင်းဂျာနယ်ကို ၂ပတ်နားစေခဲ့တဲ့ အဖြစ်က စာပေစိစစ်ရေး ရှိနေသေးတယ်။ ဂျာနယ်တွေအားလုံးကိုလည်း ချုပ်ကိုင်ထားနိုင်တယ်ဆိုတာကို မမေ့ဖို့ သတိပေးလိုက်တဲ့ ခရာသံဖြစ်လည်း ဖြစ်နေပါတယ်။

AI အသင်း၏ နှစ် ၅၀ ပြည့်ပွဲသို့ ဝေနှင်းပွင့်သုန် တက်ရောက်


ဓာတ်ပုံသတင်း
မေ ၂၉၊ ၂၀၁၁
မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ လန်ဒန်မြို့ရောက် မဝေနှင်းပွင့်သုန်ကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲတွင် တွေ့ရပုံ။ (ဓာတ်ပုံ - getty images)
Wai Hnin of Burma lights a candle during the Amnesty International 50 year celebration church service in Central London, on May 28, 2011. British Foreign Secretary William Hague on Saturday praised Amnesty International on its 50th anniversary, insisting its work remained relevant despite concerns the group has lost its focus. Supporters of the London-based rights group were holding events in more than 60 countries, from Argentina to New Zealand, half a century after the organisation was born out of a simple letter-writing campaign.

NLD Policy Statement Towards Tourism

ကျင့်ဝတ်သိက္ခာနှင့် ညီသည့် ခရီးသွားလုပ်ငန်းကို NLD ကြိုဆို
ခင်ဦးသာ Tuesday, 24 May 2011 19:23

ပြင်ဆင်ဖြည့်စွက်ပြီးသည့် သတင်း

ကျင့်ဝတ်သိက္ခာနှင့်ညီညွတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေသော ခရီးသွားလုပ်ငန်းကို ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။


“NLD အနေဖြင့် သာမန်ပြည်သူများ၏ သက်သာချောင်ချိရေးကို မြှင့်တင်လျက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးပြီး တိုင်းပြည်၏ ယဉ်ကျေးမှု၊ နိုင်ငံရေး လူမှုဘ၀တို့ကို ရှုမြင်နားလည်သည့် ပျော်ရွင်ချမ်းမြေ့ဖွယ်ရာ အပန်းဖြေ နေ့ရက်များကို ဖြတ်သန်းလိုသော ခရီးသွားများကို ကြိုဆိုသည်” ဟု မေလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

NLD သည် မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ခုနှစ်ကို သပိတ်မှောက်၍ ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း မပြုရန် တိုက်တွန်းထားခဲ့ပြီး ၁၅ နှစ်အကြာတွင် ယခုကဲ့သို့ ကြေညာချက် ထုတ်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်က NLD အနေဖြင့် သပိတ်မှောက်ခဲ့ရခြင်းမှာ ပြည်တွင်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည့် အပြင်၊ စစ်အစိုးရနှင့် ၎င်းတို့၏ နီးစပ်သူများသာ ခရီးသွားလုပ်ငန်းမှ အကောင်းဆုံး လုပ်ကွက်များကို လက်ဝါးကြီးအုပ် ချယ်လှယ်မှုများ ရှိနေသည်ကို နိုင်ငံတကာမှ အာရုံစိုက်လာစေရန် ဖြစ်သည်ဟု သိရသည်။

ယခင် စစ်အစိုးရခေါင်းဆောင်များက NLDသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံသည့် အနေဖြင့် ခရီးသွား လုပ်ငန်းကို သပိတ်မှောက်ခြင်းကြောင့် ပြည်သူတို့၏ လူနေမှုဘ၀ နိမ့်ကျရသည်ဟု ဝေဖန်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ အစိုးရစီစဉ်ပေးသော အုပ်စုလိုက် လာရောက်မှု (Package Tour) ထက် တဦးချင်း ခရီးသွားများကို ကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျင့်ဝတ်နှင့်ညီသော (Responsible Tourism) ခရီးသွားလုပ်ငန်းကို လိုလားကြောင်း ပြောဆိုခဲ့သည်။

ခရီးသွားလုပ်ငန်းများအား ကြိုဆိုသော်လည်း ခရီးသွားများ လာရောက်ခြင်းကြောင့် ဖိနှိပ်မှုများ၊ မတော် မတရားမှုများကို နိုင်ငံရေးဆောင်ရွက်ချက်နှင့်သာ တားဆီး လုပ်ဆောင်နိုင်သည်ဟု NLD ကြေညာချက်က ဆိုသည်။

“အသိအမြင်တိမ်ပြီး အရေအတွက် များပြားလှသည့် ခရီးသွားတို့ကြောင့် ဒေသခံတို့၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် လူမှုကျင့်ဝတ်များ အခြေခံမှအစ တဖြည်းဖြည်း ပျက်စီးစေနိုင်သည်” ဟုလည်း NLD ကြေညာချက်၌ ပါရှိသည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း၏ အကျိုးအမြတ်ကိုသာ အာရုံစိုက်ခဲ့သည့်အတွက် လူမှုပတ်ဝန်းကျင်တခုလုံး အတိ ဒုက္ခရောက်ခဲ့ရခြင်းများ ရှိကြောင်း၊ ဟိုတယ်နှင့်ခရီးသွား အထောက်အကူပြု လုပ်ငန်းများ တည်ဆောက်ရန် ဒေသခံ ပြည်သူလူထုတို့မှာ နေရာပြောင်းရွှေ့ခံရခြင်း၊ နစ်နာကြေ မရခြင်း၊ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရခြင်း တို့အပြင် ဒေသခံတို့၏ အသက်မွေး လုပ်ငန်းများကိုပါ ထိခိုက်စေခဲ့ကြောင်း ကြေညာချက်၌ ထောက်ပြထားသည်။

တချို့သော စီမံကိန်းများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည်ဖြင့် ထပ်ဆင့် အနိုင်ကျင့်ခံနေရကြောင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည့် ခရီးသွားများသည် ဒေသခံများကို လက်ဆောင်ငယ်များ ပေးရုံဖြင့် နှစ်သိမ့်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိကြောင်း NLD က ဆိုသည်။

NLD ကြေညာချက်အား ကူညီရေးသားပေးသူ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင် ဦးစိုးဝင်းက “အစိုးရနဲ့ အဖွဲ့အစည်းတွေက တာဝန်ယူမှုရှိရမယ်၊ ကျင့်ဝတ်ရှိရမယ်၊ ဂေဟ စနစ်ကို ထိန်းသိမ်း စောင့်ရှောက်မယ် ဆိုရင် ကျနော်တို့က ပါဝင်ကူညီဖို့ အဆင်သင့်ပါ” ဟု ဆိုသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း၌ အရှေ့တောင် အာရှ နိုင်ငံများ နှင့် နှိုင်းယှဉ်ပါက မဖြစ်စလောက် အဆင့်မျှသာ ရှိနေကြောင်း NLD က ထောက်ပြသည်။

အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၏ ခရီးသွားအရေအတွက်သည် နှစ်စဉ် ၁၄ သန်း ၀န်းကျင်ရှိပြီး ဗီယက်နမ်နိုင်ငံသည်၎ သန်းဝန်းကျင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် နှစ်စဉ် ၂ သန်းကျော်ရှိနေကာ မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုအရေအတွက်မှာ ၂၀၀၉ - ၂၀၁၀ တွင် ၂ သိန်းနီးပါးသာ ရှိကြောင်း NLD ကြေညာချက်၌ ပါရှိသည်။

NLD Policy Statement Towards Tourism

၉၀ ရွေးကောက်ပွဲ (၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ စာတမ်း - တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်)

Ethnic Represent Speech 27 May 2011 @ NLD by Sai Saw Aung