ဆူးလေ စေတီ ရွှေသင်္ကန်း ရွှေပြားများ ပျောက်ဆုံး

Friday, February 4, 2011 3:08 AM | Posted by Anonymous



ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီ၌ ရွှေသင်္ကန်း ကပ်လှူလျက်ရှိရာ ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ ရက် နံနက် ၄ နာရီခန့်က ယင်း ရွှေသင်္ကန်း ရွှေပြားများထဲမှ အလေးချိန် ၉ ကျပ်သား ခန့်ရှိ ရွှေပြား ၁၈ ချပ် ပျောက်ဆုံးသွားကြောင်း သိရသည်။

S400

ရွှေသင်္ကန်း ကပ်လှူနေဆဲ ဆူးလေ စေတီ(ဓာတ်ပုံ - ဧရာဝတီ)

တချပ်လျှင် အရွယ် ၉ လက်မ ပတ်လည်ရှိ ပျောက်ဆုံး ရွှေပြားများ၏ ကာလတန်ဖိုးမှာ ကျပ် ၅၄ သိန်းခန့် ရှိကြောင်း၊ ရွှေပြား ပျောက်ဆုံးမှုကို ကျောက်တံတား မြို့နယ် ရဲစခန်းမှ တဆင့် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်အား အမှုဖွင့် တိုင်ကြားထား ကြောင်း ဆူးလေ စေတီ ဂေါပက အဖွဲ့ဝင် တဦးက ပြောသည်။

“ရွှေပြား တချပ်ချင်းစီကို မူလီစုပ် ကပ်လှူနေတာဖြစ်ပါတယ်။ အခုဟာက မူလီစုပ်ပြီး ရွှေပြားတွေ အခိုးခံလိုက်ရတာပါ”ဟု ၎င်းက ပြောဆိုသည်။

စေတီတော်၏ ရွှေပြားကပ် လုပ်ငန်းခွင် အတွင်း CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသည့်ကြားမှ ယခုကဲ့သို့ ရွှေပြားများ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု စေတီတော် တာဝန်ကျ လုံခြုံရေး ၀န်ထမ်းတဦးက ဆိုသည်။

“အခုလို ပျောက်ဆုံးမှုမျိုး မဖြစ်ပေါ်အောင် စေတီက ပထမ ငြမ်း၊ ဒုတိယ ငြမ်း၊ တတိယ ငြမ်း၊ စတုတ္ထ ငြမ်းနဲ့ အောက်ခြေ၀င်ပေါက် မှာ CCTV ကင်မရာတွေနဲ့ စောင့်ကြည့်နေတဲ့ကြားက အခိုးခံလိုက်ရတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဆူးလေ စေတီ ၌ CCTV ကင်မရာ တပ်ဆင်ခြင်းကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း၊ မုခ် ၄ မုခ်နှင့် ဆူးလေ ဘိုးဘိုးကြီး နန်း ၌ ယခင်ကတည်းက တပ်ဆင်ထားခဲ့ကြောင်း၊ ယင်း လုံခြုံရေး ကင်မရာများကို ရွှေသင်္ကန်းကပ်လှူသည့် လုပ်ငန်းခွင် အတွင်း ပြောင်းရွှေ့ တပ်ဆင်ခဲ့ကြောင်း အထက်ပါ လုံခြုံရေး ၀န်ထမ်းက ရှင်းပြသည်။

ရွှေသင်္ကန်းကပ် လုပ်ငန်းခွင်၌ လုပ်နေသူ တဦးကလည်း“စေတီတော် ဂေါပကအဖွဲ့ အပါအ၀င် တာဝန်ရှိသူတွေ၊ သတ်မှတ်ဝတ်စုံ ၀တ်ထားတဲ့ ရွှေသင်္ကန်းကပ် လုပ်သားတွေပဲ လုပ်ငန်းခွင်အတွင်း ၀င်ခွင့်ပြုပါတယ်”ဟု ပြောသည်။

ယခု ရွှေပြားများ ပျောက်ဆုံးမှုသည် လုံခြုံရေး ကင်မရာကို ပိတ်၍သော်လည်းကောင်း၊ ရှောင်ကွင်း၍သော်လည်းကောင်း ခိုးယူသွားခြင်း ဖြစ်နိုင်ကြောင်း၊ CCTV ကင်မရာ၌လည်း ထူးခြားချက် တစုံတရာ ရှာမတွေ့ကြောင်း ဂေါပက အဖွဲ့ဝင်များက ပြောဆိုကြသည်။

ဆူးလေ စေတီ ဂေါပကအဖွဲ့ တာဝန်ရှိသူများက အခင်းဖြစ်ပွားသည်ကို သိလျှင်သိချင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားရာ အဆင့်ဆင့် သတင်းပေးပို့ချက်အရ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဒုတိယ ရဲမှူး ဦးဆောင်အဖွဲ့မှ တရားခံ အမြန်ဆုံး ဖမ်းမိနိုင်ရေး အတွက် ဆက်လက် စုံစမ်းနေကြဆဲဖြစ်ကြောင်း သိရသည်။

ထို ရွှေပြားများ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှ (ပ) ၃၆/၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၉/၂၉၅ ဖြင့် အမှုဖွင့် ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဂေါပက အဖွဲ့က ပြောပြသည်။

အမှုနှင့် ပတ်သက်၍ မသင်္ကာသူ ၁၁ ဦးအား ခေါ်ယူစစ်ဆေးနေပြီး ၃ ဦးကို စောင်ကြည့်လျက် ရှိကြောင်း ရဲစခန်းတာဝန်ကျ အရာရှိ တဦးကလည်း ဆိုသည်။

လတ်တလောတွင် ဘုရားဖူးများဖြင့် ဆူးလေ စေတီရင်ပြင်တော်၌ စည်ကားလျက်ရှိပြီး ရွှေသင်္ကန်း ကပ်လှူခြင်းကိုလည်း လုံခြုံရေး တင်းကျပ်စွာဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် ထပ်မံ တွေ့ဆုံမည်

3:05 AM | Posted by Anonymous



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်နှင့် တိုင်းအသီးသီးမှ NLD ပါတီဝင် မဟုတ်သော လူငယ်များနှင့် ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်နေ့များတွင် တွေ့ဆုံမည်ဖြစ်သည်။

NLD_youth400

၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန် NLD ရုံးချုပ်၌ ပြုလုပ်သည့် ပထမ အကြိမ် လူငယ်များနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်း ပြောကြားနေသော် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - ဧရာဝတီ)

“ပြည်နယ်နဲ့တိုင်းတွေမှာ လူမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လူငယ် ၅၀၀ လောက်နဲ့တွေ့ဆုံမှာပါ။ ရွှေဂုံတိုင်ရုံးချုပ် ခန်းမက လူ ၂၅၀ လောက်ပဲ ဆန့်မယ့်အတွက်၂ ရက်ခွဲပြီး တွေ့ရမှာပါ”ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခဲ့ပြီးနောက် လူငယ်များ၏ အသံကို နားထောင်လိုကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့နှင့်အနီးတ၀ိုက်မှ လူငယ် ၃၀၀ ခန့်နှင့် ပထမတွေ့ဆုံခဲ့ပြီးနောက် ယခု တိုင်းနှင့်ပြည် နယ် အသီးသီးမှ လူငယ်များနှင့် ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်သည်။

“အန်တီနဲ့ တွေ့ရင် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေတာတွေကို ပြောပြမယ်။ အခုဆိုရင် ကြက်သွန်နီဈေးတွေကလည်း အရမ်းတက်နေတယ်လေ။ အဲလို စားဝတ်နေရေးအခက်အခဲတွေ အများကြီး။ ဒါတွေကို ပြောပြပြီး ဘယ်လို ဆောင်ရွက်လို့ ရနိုင် မလဲ ဆိုတာကို မေးမြန်းမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရောက်ရှိနေသည့် ရွှေဘိုမြို့နယ်မှ မစုလှိုင်က ပြောသည်။

ရခိုင်ပြည်နယ်မှ လာရောက်တွေ့ဆုံသော မလှမျိုးသန်းကမူ “ကျမတို့ဆီမှာ ကျမတို့ မွတ်စလင်လူမျိုးတွေအတွက် ခရီးသွားလာရေးက အရမ်းကျပ်တယ်။ ဒီအခက်အခဲကို ပြောပြမယ်”ဟု ဆိုသည်။

လူငယ်တွေ့ဆုံပွဲသို့ လာရောက်ကြမည့် လူငယ်များကို NLD ပါတီက ကျွေးမွေးရေး တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးတွေ ဆောင်ရွက်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အဓိကကျပါတယ်။ အခု တွေ့ဆုံပွဲမှာ တိုင်းရင်းသား လူငယ်တွေလည်း ပါဝင်တယ်။ သူတို့ဒေသမှာ တွေ့ကြုံနေရတာတွေ ၊ အခက်အခဲတွေကို ၀ိုင်းဝန်းဖြေရှင်းနိုင်ဖို့
ဆွေးနွေးသွားကြမှာပါ”ဟု ဦးအုန်းကြိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD က စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင်၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟုဆိုကာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ(၁၀) ခုကို တရား ၀င် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူးအယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချ ထားသည်။

နအဖစစ်အစိုးရ၏ ဥပဒေအရ NLD ပါတီကို တရားဝင်ရပ်တည်ခွင့်မရှိဟုဆိုသော်လည်း NLD ပါတီသည် ဆက်လက်ရှင်သန် ရပ် တည်နေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် BBC သတင်းဌာနက ပြုလုပ်သော တိုက်ရိုက် မေးမြန်းခန်း အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

နိုင်ငံပိုင် အထင်ကရ ရုံးအဆောက်အဦများ လျှို့ဝှက်ပြီး ငှားရမ်းလွှဲပြောင်းနေ

3:03 AM | Posted by Anonymous
နိုင်ငံပိုင် အထင်ကရ ရုံးအဆောက်အဦများ လျို့ဝှက်ပြီး ငှားရမ်းလွှဲပြောင်းနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၁
မြန်မာ့ရေနံ နှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းရုံးချုပ် အဆောက်အဦအား ပြင်ဆင်ရန် ငြမ်းဆင်နေသည်ကိုမြင်ရစဉ်
ရွေးကောက်ပွဲ ပြီးနောက် အစိုးရသစ်အဖွဲ့သို့ အာဏာ မလွှဲပြောင်းမီ နအဖ စစ်အစိုးရက နိုင်ငံပိုင် အဆောက်အဦများ၊ ရုံးများအား လုပ်ပိုင်ခွင့်များ လျို့ဝှက်ပြီး လက်သိပ်ထိုး ချပေးလျက်ရှိရာ ရန်ကုန်မြို့လယ်မှ ရုံး အဆောက်အဦ ၃ ခုကို ယခုနောက်ဆုံး လုပ်ပိုင်ခွင့်ချပေးခဲ့သည်ကိုတွေ့ရသည်။

ယခုနောက်ဆုံး လုပ်ပိုင်ခွင့်ပြုခဲ့သည့် ရုံးအဆောက်အဦ ၃ ခုမှာ ၃၁ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓါတ်ငွေ့ရုံးချုပ်၊ ဗိုလ်ဆွန်ပက်လမ်းအောက် ဘလောက်ရှိ စက်မှု (၁ ) ၀န်ကြီးဋ္ဌာနပိုင် အဆောက်အဦ (ယခင် ကုန်သွယ်ရေး ၅) နှင့် မဂိုလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဝနကြီးဋ္ဌာနပိုင်ရုံး (ယခင်ပုလဲနှင့် ငါးလုပ်ငန်းရုံးချုပ်) တို့ဖြစ်သည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းရုံး၊ ဗိုလ်ဆွန်ပက်လမ်းရှိ စက်မှု (၁) ၀န်ကြီးဋ္ဌာနပိုင် ချည်မျှင်နှင့် အထည်လုပ်ငန်းရုံး (ယခင် ကုန်သွယ်ရေး ၅ ) တို့ကို တရုတ် ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ချပေးခဲ့ရာ ယခုရက်ပိုင်းအတွင်း အကြီးစားပြင်ဆင်ရန် လုပ်ဆောင်လျက်ရှိသည်ကိုတွေ့ရသည်။
ဗိုလ်ဆွန်ပက်လမ်း (ယခင် မောင်ထော်လေးလမ်း) ရှိ စက်မှု (၁) ၀န်ကြီးဋ္ဌာနပိုင် ရုံး အဆောက်အဦ
အဆိုပါလမ်းတွင် နေထိုင်သည့် အသက် ၇၀ ကျော်ပင်စင်စား တဦးကပြောရာတွင်
“ဒီစက်မှု ၁ ရုံးကိုတော့ တရုတ်ကုမ္ပဏီ ဖွင့်မယ်ပြောတယ်။ ဟိုဘက်လမ်းထိပ်က ရေနံနှင့် သဘာဝဓါတ်ငွေ့ရုံးကိုတော့ တရုတ်ကုမ္ပဏီကပဲ ဟိုတယ်ဖွင့်မယ် ပြောတယ်။ နောက်ပြီးတော့ မဂိုလမ်းထောင့်က ပုလဲနဲ့ငါးလုပ်ငန်းရုံးနေရာကိုလည်း အိန္ဒိယ တာတာကုမ္ပဏီက ရုံးဖွင့်မယ်။ မွေး-ရေဘဏ်က သူ့မျက်နှာချင်းဆိုင်က ကုမ္ပဏီများ မှတ်ပုံတင်ရုံး အဆောက်အဦဘက်ကို ရွှေ့မယ်´´ဟုပြောသည်။
ယခုလပိုင်းအတွင်း အစိုးရပိုင်ရုံး၊ မြေကွက်နှင့် အဆောက်အဦတချို့ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် လေလံခေါ်ခြင်း ရှိသကဲ့သို့ လေလံမခေါ်ယူဘဲ ယခုလို လျို့ဝှက်ပြီး လွှဲပြောင်းရောင်းချခဲ့သည့် အဆောက်အဦလည်း များစွာရှိသည်ကိုတွေ့ရသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ် ပြောင်းရွှေ့လုပ်ကိုင်မည့် ကုမ္ပဏီများ မှတ်ပုံတင်ရုံးကို ပြင်ဆင်နေစဉ်
မကြာမီကလက်လွှဲရောင်းချခဲ့သည့် နိုင်ငံပိုင် ရုံးအဆောက်အဦများထဲတွင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ကလေးဈေးလမ်းထောင့်ရှိ မွေးရေ ၀န်ကြီးဋ္ဌာနရုံးအဆောက်အဦ၊ အစရှိသည်တို့ဖြစ်သည်။ ထိုဟိုတယ်ရုံးများကို မည်သည့်ပမာဏနှင့် မည်သည့်အချိန်ကလွှဲပြောင်းပေးခဲ့သည်ကို ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပဲ အကြီးစား စတင်ပြင်ဆင်သည့်အခါမျိုးမှသာ သိရှိကြရခြင်းဖြစ်သည်။
Sources: Moemaka

ကျောက်ကပ် ၂၄၀၀ ကျော် ရောင်းဝယ်လုပ်တဲ့ ခွဲစိတ်ဆရာဝန် အင်တာပိုရဲအဖွဲ့ ၀ရမ်းထုတ်

3:00 AM | Posted by Anonymous



တူရကီ ခွဲစိတ်သမားတော် ဒေါက်တာ ယူဆွဖ် ဆန်မဇ် ကို နိုင်ငံတကာ ဆေးမှောင်ခိုဈေးကွက်တွင် ကျောက်ကပ် ၂၄၀၀ ကျော် ခွဲစိတ် ရောင်းဝယ်မှုနဲ့ လူကုန်ကူး မှုများကြောင့် အင်တာပိုလ် ရဲအဖွဲ့က ဖမ်းဝရမ်းထုတ်

လိုက်သည်။

ဒေါက်တာဆန်မဇ်မှာ ဇန်န၀ါရီလအတွင်း အစ္စရေးနိုင်ငံမှ ကျောက်ကပ်ကင်ဆာ ရောဂါသည်များကို ခွဲစိတ်အစားထိုးပေး ပြီးနောက် ယခု ဩစတြီးယားနိုင်ငံတွင် စကိတ်စီးရင်း အနားယူနေသည်ဟု သူ့မိတ်ဆွေများက ပြောကြသည်။ တူရကီ နိုင်ငံ မာမာရာ ပင်လယ်ကမ်းခြေရှိ ဟိုတယ်တစ်ခုတွင် ၀ိုင်အရက်နီသောက်ပြီး လေညှင်းခံတတ်သည်ဟုလည်း သူ့လူနာများက အင်တာပိုလ်ရဲအဖွဲ့ကို ပြောသည်။

၂၀၀၃ ခုနှစ် အစ္စရေးကျန်းမာရေးဝန်ကြီးဌာနမှ ချီးမြှင့်ထားသော “အစ္စရေး ကျောက်ကပ် ရောဂါသည် ရာပေါင်းများစွာကို အစားထိုးကုသပေးမှု” ဂုဏ်ပြုမှတ်တမ်းလွှာကို အစ္စတန်ဘူမြို့မှ သူ့ ပိုင် ဗီလာထဲရှိ အိမ်ကြီးရခိုင်တွင် မှန်ဘောင်ကွပ် ရွှေချထားသည်ဟု ဆိုသည်။

အင်တာပိုလ်ရဲအဖွဲ့က ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကို ဖမ်းဖို့ တကမ္ဘာလုံးရှိ ရဲဌာများကို အကြောင်းကြားထားပြီး၊ တူရကီ အာဏာပိုင်များကလည်း အစ္စတန်ဘူမှ သူ့ဆေးရုံကို ပိတ်ပစ်လိုက်သည်။ တူရကီသတင်းစာခေါင်းကြီးများတွင် ဆန်မဇ် ကို ‘ဒေါက်တာဖရန်ကင်စတိန်း’ ဟု ရေးသားကြသည်။ လူအပါအ၀င် သက်ရှိသတ္တ၀ါများရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်တောက်ယူပြီး စိတ်ကြိုက်သတ္တ၀ါဖန်ဆင်းသော ဖရန်ကင်စတိန်း တထ္ထုဇာတ်ကောင် နာမည် ပေးလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာဆန်မဇ်မှာ တူရကီတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ကုန် ကူးမှုဖြင့် ခြောက်ကြီမ် အဖမ်းခံခဲ့ရသည်။ သူက “ကျုပ်လက်ချောင်း လေးတွေ ရှိနေသမျှ ကာလပတ်လုံး ခွဲစိတ်သူတွေ ထဲမှာ ကမ္ဘာမှာ ကျုပ်အတော်ဆုံး။ ဈေးကောင်းပေးတဲ့ ဖောက်သည်တွေ ရှိလို့ လုပ်နေတာပါ။ ဘယ်သူ့ကိုမှ နာကျင်စေလိုလို့ မဟုတ်ဘူး။ ကျုပ် ကြောင့် အသက်သေတာ မရှိဖူးဘူး” ဟု လူနာအချို့ကို ဂုဏ်ယူပြော ကြောင်း တူရကီ သတင်းစာများတွင် ဖော်ပြသည်။

ဒေါက်တာ ဆန်မဇ် ခွဲစိပ်အစားထိုးပေးခဲ့သော လူနာများမှာ ကနေဒါ၊ ဂျာမဏီ၊ ပိုလန်နဲ့ အစ္စရေးနိုင်ငံတို့မှ ချမ်းသာ ကြွယ်ဝသူများဖြစ်ပြီး၊ အော်ပရေးရှင်တစ်ခုအတွက် ဒေါ်လာ ၁၂၂၀၀၀ ပေးရသည်ဟု ဆိုသည်။ ကျောက်ကတ် ပိုင်ရှင်များမှာ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကိုဆိုဗို တို့မှ ဆင်းရဲသားအများစု ဖြစ်ပြီး၊ ဒေါ်လာ ၃၀၀ ခန့်ဖြင့် ကျောက်ကပ် ထုတ်ရောင်းနေကြသည်။

လူနာများအပေါ် ကိုယ်ကျိုးစီးပွားရှာ ချမ်းသာနေသည့် ဆရာဝန်များတွင် ကျောက်ကပ်ရောင်းဝယ်သည့် ဆရာဝန်များနှင့် အသည်းအထူးကု ဆရာဝန်များမှာ ကမ္ဘာ့ဆေးလောကတွင် အဆိုးဆုံးဖြစ်နေကြောင်း စစ်တမ်းတစ်ခုက ဆိုသည်။

မောက္ခကျန်းမာရေး။ Source: The New York Times

ဝါးခယ်မ သခင်သိန်းမောင် မွေးနေ့ဆွမ်းကျွေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

2:59 AM | Posted by Anonymous
ဝါးခယ်မသခင်သိန်းမောင် မွေးနေ့ဆွမ်းကျွေးသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
တာရာဝေယံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၁
ဖေဖော်ဝါရီ ၂ ရက်နေ့၊ မနက် ၉ နာရီက ၁၂ နာရီအထိ ရန်ကုန်တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ဒို့ဗမာအစည်းအရုံးဝင်၊ ၀ါးခယ်မသခင်သိန်းမောင်ရဲ့ ၉၂ နှစ် မြောက် မွေးနေ့ပွဲကို ကျင်းပခဲ့ပါတယ်။




မွေးနေ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာဒဂုန်တာရာ၊ ဆရာ ပါရဂူ၊ သခင်ချန်ထွန်း အပါအ၀င် နိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ အများအပြား တက်ရောက်ခဲ့ကြပါတယ်။



ဆရာဒဂုန်တာရာက မွေးနေ့အမှတ်တရ စကားပြောကြားရာမှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလများနဲ့ နှိုင်းယှဉ်ပြီး သူရဲ့ ငြိမ်းချမ်းရေးအယူအဆကို ပြောကြားခဲ့ပါတယ်။ ဆရာပါရဂူက ၀ါးခယ်မသခင်သိန်းမောင်ရဲ့ ကူညီအားပေးမှုကြောင့် စာရေးဆရာဖြစ်လာခဲ့ရတဲ့ သမိုင်းကြောင်းကို အမှတ်တရ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ လူကြီးတွေ ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို အနာဂတ်အတွက် ပုံဖော်ရာမှာ လူငယ်မျိုးဆက်သစ်တွေဟာ တာဝန်ယူရမယ့်သူတွေ ဖြစ်တဲ့အတွက် လူကြီးတွေရဲ့ အတွေ့အကြုံတွေ၊ ရယူပေးခဲ့တဲ့ တန်ဘိုးတွေကို နားလည်တန်ဘိုးထားပြီး ဒီနေ့ခေတ်ကာလရဲ့ အခြေအနေများနဲ့ ပေါင်းစပ်လို့ အနာဂတ်ကို ကောင်းအောင် ဖန်တီးကြရမှာ ဖြစ်တယ် ဆိုတဲ့ အကြောင်း ရှုင်းလင်း ပြောကြားသွားခဲ့ပါတယ်။



မွေးနေ့ပွဲကို လာရောက်ကြတဲ့ နိုင်ငံရေးသမားများ၊ စာရေးဆရာများကို ဒေါ်အောင်ဆန်းစုကြည်က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။ မွေးနေ့ပွဲ တက်ရောက်လာသူများကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး တက်ရောက်သူများက သခင်သိန်းမောင် အသက် ၉ ၂ နှစ်မှသည် သက်တော်ရာကျော် ရှည်စေကြောင်း ၀ိုင်းဝန်း ဆုတောင်းပေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူတာဝန်ယူထားတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ ဓာတ်ပုံရင်ထိုးကို တပ်ဆင်ထားတာကို တွေ့ရပါတယ်။








ပြည်သူ့လွှတ်တော် သို့ ပေးပို့မည့် နအဖ စစ်အုပ်စု ရဲ့ တမတ်သားပါလီမန်ကိုယ်စားလှယ် စာရင်း

Sunday, January 23, 2011 4:52 PM | Posted by Anonymous

UEC's Announcement of Defence Services Personnel Pyithu Hluttaw representatives in English

4:45 PM | Posted by Anonymous

နအဖ ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပါတ်သက်၍ ဒီချုပ် ရဲ့ သဘောထားထုပ်ပြန်ကြေငြာချက်

4:28 PM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

4:23 PM , | Posted by Anonymous