ကြံ့ဖွံ့ကို လှောင်သောကြောင့် ဂျာနယ် ၂ ပတ် အပိတ်ခံရ

Wednesday, October 6, 2010 12:19 AM | Posted by Anonymous

ကြံ့ဖွံ့ကို လှောင်သောကြောင့် ဂျာနယ် ၂ ပတ် အပိတ်ခံရ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို နောက်ပြောင် ထားသည်ဟု ယူဆရသော ကာတွန်းကြောင့် ပြည်တွင်း အပတ်စဉ်ထုတ် The Favorite သတင်း ဂျာနယ်ကို စာပေစိစစ်ရေးက သီတင်း ၂ ပတ် ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

usdp04

ကြံ့ဖွံ့ပါတီ ဖွင့်ပွဲ (ဓါတ်ပုံ - ဧရာဝတီ)

“အရင် တပတ်က ပါသွားတဲ့ ကာတွန်းကြောင့် စာပေစိစစ်ရေးက ဂျာနယ်ကို ၂ ပတ်နားဖို့ ပြောလိုက်တာ” ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာ တဦးက ဧရာဝတီသို့ ပြောသည်။

လူပုံစံ ၀တ်စုံ အဖြူ၊ အစိမ်းဖြင့် ရေးဆွဲ သရုပ်ဖော် ထားသော ကာတွန်း ပုံကြောင့် ကြံ့ဖွံ့ပါတီကို နောက်ပြောင် ထားသည်ဟု ယူဆကာ စာပေစိစစ်ရေးက ယခုကဲ့သို့ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ဆိုသည်။

ဂျာနယ် အပိတ်ခံရကြောင်း ပြည်တွင်းရှိ စာနယ်ဇင်း သမားများက အတည်ပြု ပြောကြား သော်လည်း The Favorite ဂျာနယ် တိုက်သို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ သတင်း အယ်ဒီတာ တဦးက စက်ချို့ယွင်းမှုကြောင့် ရပ်နားထားခြင်းသာ ဖြစ်ကြောင်း ဖြေကြားသည်။

ပြီးခဲ့သည့် သြဂုတ်လက “The Modern Times ဂျာနယ် အတွဲ ၁၊ အမှတ် ၅ တွင် ဖော်ပြထားသော မျက်နှာဖုံး သတင်း ဖြစ်သည့် မုန်တိုင်း သတင်း၏ ပုံစာကို “စက်တင်ဘာမှာ ပြန်လာမှာလား” ဟု ရေးသားဖော်ခဲ့ခြင်းကြောင့် ဂျာနယ် တလ အပိတ်ခံခဲ့ရသည်။

ယခုနှစ်အတွင်းတွင် The Voice ဂျာနယ်နှင့် ပေါ်ပြူလာ သတင်းဂျာနယ်တို့လည်း အသီးသီး ယာယီ အပိတ်ခံခဲ့ရသေးသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် ဇူလိုင်လဆန်းပိုင်းမှ စ၍ သတင်းဂျာနယ်များကို သေချာစွာ ပိုမိုစိစစ် ဖြတ်တောက်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောက်ဆက်တွဲ စာမူများ ပြန်မကျမီ ဖြန့်ချိရမည့်ရက်ထက် စော၍ ထုတ်ဝေသည့် ဂျာနယ်များကိုလည်း တင်းကျပ်စွာ အရေးယူမည်ဟူသော သတင်းများ ပြည်တွင်း စာနယ်ဇင်းလောကတွင် ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားပြီး မြန်မာနိုင်ငံသည် စာနယ်ဇင်းလွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံများတွင် နှစ်စဉ်ပါဝင်လေ့ရှိသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဖိနှိပ်သူအဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က လွန်ခဲ့သည့် မေ ၃ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Credit to Irrawaddy: http://www.irrawaddy.org/bur/index.php/news/1-news/4213-2010-10-05-04-52-20

အဖွဲ့ချုပ်က နအဖ ကို ထပ်မံတရားစွဲ

12:00 AM | Posted by Anonymous

အဖွဲ့ချုပ်ခေါင်းဆောင်များ ဧရာဝတီတိုင်း ခရီးစဉ် ဆက်

Tuesday, October 5, 2010 11:56 PM | Posted by Anonymous

ဧရာဝတီတိုင်းဆီရောက်နေတဲ့ အန်အယ်လ်ဒီဗဟိုဦးစီးအဖွဲ့ ၀င် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက လေးမျက်နှာမြို့နယ်က အဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံပွဲအကြောင်းကို အန်အယ်ဒီပြန်ကြားရေးအဖွဲŒ၀င် ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။ “လေးမျက်နှာမြို့က အဖွဲ့ချုပ်မြို့နယ်အတွင်းရေးမှူး ဦးလှဝင်းနေအိမ်မှာ မြို့နယ် စည်းရုံးရေး ကော်မတီခေါင်းဆောင်တွေ ပါတီဝင်တွေနဲ့ တွေ့ဆုံတယ်၊ အားလုံးပေါင်း ၅၀ ကျော်လောက် တက်ရောက်ကြတယ်၊ ဦးကြည်ဝင်းတို့အဖွဲ့က အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ် ငန်းစဉ်တွေကို ရှင်းပြတယ်၊ “

နောက်ပြီး ရွေးကောက်ပွဲသပိတ်မှောက်တဲ့ ကန်ပိန်းနဲ့ ပတ်သက်လို့ အဖွဲ့ချုပ် ရဲ့ သဘောထားတွေ ဆုံးဖြတ်ချက်တွေကို ရှင်းပြတယ်၊ အဖွဲ့ဝင်တွေက စိတ်ဝင်တစား ပြန်လည်ဆွေးနွေးကြတယ်၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သပိတ်မှောက်မှုဆိုတဲ့ ဆုံး ဖြတ်ချက်ကို သဘောတူကြတယ်၊ ပြန်ပြီးပြောကြားကြတယ်လို့ သိရပါတယ်။” မနေ့ကတော့ အင်္ဂပူအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုမြင့်အိမ်မှာ မြို့နယ်အဖွဲ့ချုပ် ၃၀ ကျော်နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သူတို့အဖွဲ့ဟာ ရန်ကုန်ကို ပြန်လာကြပြီလို့ ဦးအုန်းကြိုင်က ပြောပါတယ်။ မနက်ဖြန်မှာတော့ သူနဲ့အတူ လပွတ်္တာလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း၊ ဗဟိုဥပဒေအကျိုးဆောင်အဖွဲ့ဝင် ဦးခင်မောင်ရှိန်တို့ ဦးဆောင်တဲ့အဖွဲ့က ရှမ်းပြည် တောင်ပိုင်းရှိ မြို့နယ်တွေက အဖွဲ့ချုပ်ဝင်တွေနဲ့ သွားရောက်တွေ့ဆုံမယ်လို့ ဦးအုန်းကြိုင် က ပြောပြခဲ့ပါတယ်။

Credit: http://burmese.dvb.no/news.php?id=12347

ကော်မရှင် အထက်မှာ စစ်တပ်ရှိသလား

11:55 PM | Posted by Anonymous

ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် လောင်းတွေ မဲဆွယ်ဖို့ ကော်မရှင်ကို ကြိုတင် အကြောင်း ကြားရာမှာ လျှောက်လွှာ မိတ္တူပိုတောင်းပြီး တိုင်း စစ်ဌာနချုပ်ရဲ့ ခွင့်ပြုချက် ရယူရမယ်လို့ ကော်မရှင်က ပြောနေပါတယ်။

ဒါဟာ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ မညီညွတ်ဘူးလို့ ကျောက်တံတား မြို့နယ် ပြည်သူ့လွှတ်တော် အတွက် အရွေးခံမယ့် ဝံသာနု အင်အယ်လ်ဒီ ပါတီက ဦးထွန်းရွှေက တုန့်ပြန်ပြောဆိုပါတယ်။

ပါတီရဲ့ ကြေညာ စာတမ်းနဲ့ ကိုယ်ရေးရာဇဝင် ဝေမယ် ဆိုရင် သက်ဆိုင်ရာ တိုင်းကို ကြိုတင် ပြီးတော့ ခွင့်ပြုချက် တင်ရပါတယ်။ လက်တွေ့ စာတင် တဲ့ အခါမှာတော့ သက်ဆိုင်ရာ စစ်တိုင်းကို ပေးဖို့လိုတယ်ဆိုပြီး မိတ္တူ ပိုတောင်းပါတယ်။ စစ်တိုင်းက အကြောင်းပြန်ကြားချက်ရမှ ဝေပါလို့ ကော်မရှင်က ပြောလာတယ်လို့ ဦးထွန်းရွှေက ဘီဘီစီကို ပြောပါတယ်။

ဒီသဘောဟာ ကော်မရှင်ရဲ့ အထက်မှာ စစ်တပ်ရှိနေတဲ့ သဘောဖြစ်နေတယ်၊ ကော်မရှင်ရဲ့အထက်မှာ အခုလို စစ်တပ်ရှိနေတာကိုတော့ နားမလည်နိုင်အောင်ဖြစ်ရတယ်လို့လည်း ဦးထွန်းရွှေက ပြောပါတယ်။

တခြားပါတီက လွှတ်တော် အမတ်လောင်းတွေလည်း အလားတူ တောင်းခံတာမျိုးတွေ ရှိနေတဲ့အတွက် စစ်တပ်က ဝင်ရောက်စွက်ဖက်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

Credit: http://www.bbc.co.uk/burmese/burma/2010/10/101004_ele_commission.shtml

မဲပေးစနစ် မြန်မာပြည်သူတွေ နားလည်မှု နည်းပါး

11:54 PM | Posted by Anonymous

အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်တလလောက်ပဲ လိုပါတော့တယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ တော်တော်များများက ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမယ် ဆိုတာကို အခုချိန်ထိ ကောင်းကောင်း သဘောမပေါက်ကြသေးလို့ နိုင်ငံရေး ပါတီတွေက မဲပေးနည်းကို ရှင်းပြနေကြရပါတယ်။ ရှင်းရှင်းလင်းလင်း သဘောမပေါက်ဘဲ မဲပေးကြရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲ မကျင်းပတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲ ရက်ကိုလည်း မကြာခင်ကမှ ကြေညာခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီတွေလည်း ကမန်းကတန်းနဲ့ ဖွဲ့ခဲ့ကြရတာပါ။ ဒီကြားထဲမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေကလည်း နိုင်ငံရေးပါတီတွေကို အသက်ရှူ ကျပ်စေခဲ့ပါသေးတယ်။

ရွေးကောက်ပွဲက အချိန်တလပဲ ကျန်တော့တယ် ဆိုပေမဲ့ မြန်မာပြည်သူ အများစုမှာ ရွေးကောက်ပွဲအတွက် စိတ်ဝင်တစားရှိတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရသေးသလို မဲပေးတဲ့ အခါမှာလည်း ဘယ်လိုပေးကြရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြတဲ့သူတွေ တော်တော်များများ ရှိနေလို့ နိုင်ငံရေးပါတီတွေဘက်က မဲပေးနည်းတွေကို လိုက်ပြီး ရှင်းပြနေကြရတယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“အရင်တုန်းက ဆိုရင်တော့ တမဲပဲ ပေးရတယ်လေ။ အခုဆိုရင် မဲက ၃ မဲပေးရမယ်ဆိုတော့ ခေါင်းထဲမှာ ရှုပ်သွားတာပေါ့။ ပြည်သူ့လွှတ်တော်က တမျိုး၊ အမျိုးသားကတမျိုး၊ တိုင်းဒေသကြီးက တမျိုးဆိုတော့ တကြိမ်ထဲမှာ သွားရမှာလား၊ အခု ကျမတို့ သိရတာကတော့ တခေါက် မဲပြားယူလိုက်၊ အထဲဝင်လိုက်၊ အမှတ်ခြစ်လိုက်၊ ပုံးထဲထည့်လိုက်၊ နောက်တခါ ပြန်ထွက်လိုက်၊ အဲတော့ အဲဒါလေးတွေကလည်း နည်းနည်း ဇဝေဇ၀ါ ဖြစ်နိုင်တယ်။

“အရင်တုန်းကဆိုရင် မဲမပေးတော့ပါဘူး၊ ပေးရင်လည်း မထူးပါဘူးဆိုတဲ့ စကားတွေ ကြားရတယ်။ အခု ဒီတကြိမ်မှာတော့ ကျမတို့ မဲပေးချင်တယ်၊ နည်းနည်းလေး ရှင်းပြပါ၊ ဘယ်လိုပေးရမလဲဆိုတာ ရှင်းပြသွားပါဆိုတော့ ကျမတို့ တအိမ်မှာ ၀င်ပြောတယ်ဆိုရင် ဘေးကနေလည်း သူတို့ လာနားထောင်ကြတယ်။ လမ်းဘေးမှာ လမ်းသွားလမ်းလာတွေကလည်း လာနားထောင်ကြတယ်။ အဲလိုအခြေအနေ ရှိပါတယ်။”

မဲပေးတဲ့ကိစ္စကို ရှင်းပြတာက နိုင်ငံရေးပါတီတွေရဲ့ အလုပ်လား၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလုပ်လားခင်ဗျ။

“အမှန်တကယ် ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အလုပ်ပါ။ ပညာပေးတဲ့ အနေနဲ့ လူထုပညာပေးတွေ အများကြီးလိုတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူ့အလုပ်၊ ကိုယ့်အလုပ်ဆိုတာ ကျမတို့ မပြောလိုတော့ဘူး။ ပြည်သူတွေ လမ်းမှန်ပေါ်မှာ မှန်မှန်ကန်ကန် ပေးနိုင်အောင်ဆိုပြီး တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီး ကိုယ့်ဘာသာကိုယ်ပဲ ရှင်းပြတယ်။”

နိုင်ငံရေးနဲ့ နီးစပ်သူတွေတောင်မှ မဲပေးနည်းကို ကောင်းကောင်း မသိကြဘူးလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောပါတယ်။

“အခုချိန်ထိ သာမန်ပြည်သူတွေတင် မဟုတ်ပါဘူး၊ နိုင်ငံရေးနဲ့ နည်းနည်း အဆက်အစပ် ရှိတယ်ဆိုတဲ့ လူတွေတောင်မှ မဲပေးတဲ့ဟာကို မဲပုံး ဘယ်နှစ်ပုံးပေးရမယ်ဆိုတဲ့ ကိစ္စတို့၊ တိုင်းရင်းသားတွေအတွက် မဲပေးရမယ့် မဲပုံးဆိုတာ၊ အဲဒါတွေကို ၄ ပုံးအထိရှိတယ် ဆိုတာကိုတောင် သေချာမသိကြဘူး။ အဲတော့ သာမန်ပြည်သူတွေဆိုရင် ပိုပြီးတော့ မသိဘူးလို့ပဲ ဆိုရမှာပေါ့။”

ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူအများ သဘောပေါက်အောင် ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်တဲ့ အချက်ကိုလည်း ဦးသောင်းဝင်းက ထောက်ပြပါတယ်။

“ကော်မရှင်က မဲပေးပုံနဲ့ဆိုင်တဲ့ နည်းစနစ်တွေကို ပြည်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိအောင် တာဝန်ယူပြီး လုပ်ပေးရမှာကိုး။ မဲရုံတာဝန်ခံတွေအဖြစ် လုပ်မယ့်လူမျိုးတွေလောက်ပဲ ပညာပေးတဲ့ ပုံစံမျိုး ရှိတယ်။ သာမန်ပြည်သူတွေအထိ သူတို့က လှုပ်ရှားမှုတခု အနေနဲ့ မသွားနိုင်တဲ့ အခါကြတော့ သာမန် ပြည်သူလူထုက မသိဘူး။”

စစ်အစိုးရပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကနေ မဲပေးနည်းတွေအကြောင်း ရှင်းပြတာရှိတယ် ဆိုပေမဲ့ ပြည်သူတွေက အစိုးရပိုင် သတင်းမီဒီယာတွေကို စိတ်မ၀င်စားကြတာရယ်၊ မဲပေးတဲ့အကြောင်း ရှင်းပြတဲ့ ထုတ်လွှင့်မှုတွေ အကြိမ်အရေအတွက် နည်းတာရယ်တွေကြောင့်လည်း ပြည်သူအများက သိပ်သဘောမပေါက်ဘဲ ဖြစ်နေကြတာလို့ ဆိုပါတယ်။

“တီဗီမှာတော့ မဲပေးဖို့ သီချင်းလောက်ပဲ ပါတယ်။ မဲကို ဘယ်လိုပေးရမယ်ဆိုတဲ့ နည်းစနစ်တွေကြတော့ မပါပြန်ဘူးဗျ။ သတင်းစာမှာလည်း အဲဒီအတိုင်းပဲ၊ နေ့စဉ်မပါဘူး။ အဲတော့ အဲဒီဟာတွေကို ဖြည့်ဆည်းနိုင်ဖို့ဆိုရင် ကျနော်တို့ သတင်းစာနဲ့ တယ်လီဗေးရှင်းတို့ ရေဒီယိုတို့အပြင် လူထုလှုပ်ရှားမှု အနေနဲ့ကို ကော်မရှင်က လိုက်ပြီး လုပ်ပေးဖို့ လိုအပ်တယ်။ အမှန်တော့ သူတို့တွေက သက်ဆိုင်ရာ ပါတီတိုင်း၊ ပါတီတိုင်းက လူတွေကို ခေါ်ပြီးတော့ သူတို့ မဲပေးပုံ နည်းစနစ်တွေ ဘယ်လိုရှိတယ်၊ ဘယ်လိုပေးရမယ်ဆိုတာ သူတို့က ကျနော်တို့ ပါတီတွေကို ပေးရမယ်။”

မဲပေးတဲ့နည်းတွေကို ပြည်သူတွေ ကောင်းကောင်းမသိကြရဘဲ ဖြစ်နေရတဲ့ ကိစ္စမှာ နိုင်ငံရေးပါတီတွေဘက်က ကျယ်ကျယ်ပြန့်ပြန့် လိုက်ပြီး မရှင်းပြနိုင်တာတွေကြောင့်လည်း ပါတယ်လို့ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“ကျမတို့ဘက်ကလည်း ဘယ်လိုချို့ယွင်းချက် ရှိလဲဆိုတော့ ကျမတို့က လူထုကြားထဲကို ထင်သလောက် ခရီးမပေါက်ဘူးပေါ့။ အဲဒါတော့လည်း ငွေရေးကြေးရေး အခြေအနေကြောင့်ပေါ့။”

ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေဘက်က မဲပေးနည်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းမပြနိုင်တဲ့ အချိန်မှာ အစိုးရမဟုတ်တဲ့ NGOs အဖွဲ့တချို့က မဲပေးမှုဆိုင်ရာ ပညာပေး ကိစ္စတွေကို လိုက်ပြီး ရှင်းပြနေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း သူတို့က ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြတာတော့ မဟုတ်ပါဘူး။ မဲပေးနည်းကို ပြည်သူတွေ ကျကျနန နားမလည်တဲ့ အတွက်ကြောင့် မှားယွင်း မဲပေးမှုတွေ ဖြစ်လာမှာကိုလည်း နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။

Credit: http://www.voanews.com/burmese/news/myanmar-election-voters-education-104281244.html

ရွေးကောက်ပွဲကို မသိသူနှင့် ကြောက်ရွံ့သူ အများအပြားရှိ

11:52 PM | Posted by Anonymous

ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာသော်လည်း တိုင်းနှင့်ပြည်နယ်များရှိ အခြေခံလူတန်းစားများနှင့် တိုင်းရင်းသားနယ်များတွင် ရွေးကောက်ပွဲကျင်းပမည် ဆိုသည်ကိုပင် မသိသူများ ရှိနေပြီး ပါတီများ စည်းရုံးရေး ဆင်းကြသည်ကို ကြောက်ရွံ့လျက်ရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရှိရသည်။

“ရခိုင်ပြည်နယ်ဘက်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာတောင် မသိတဲ့သူတွေ အများကြီးရှိနေတယ်။ သိပေမယ့်လည်း ကြောက်တဲ့သူတွေ ရှိတယ်။ နိုင်ငံရေးပါတီ ၀င်ဖို့မပြောနဲ့ မဲထည့်ဖို့ ဆိုတာကို တော်တော်လေး စိုးရိမ်ကြတာတွေ့ရတယ်။ လူတွေက နိုင်ငံရေးဆိုတာကို တော်တော်လေး ကြောက်ရွံ့သွားကြတာပဲ” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဦးလှစောက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူခရိုင်တွင် မာန်အောင်ကျွန်းမှလွဲ၍ ကျန် ၃ မြို့နယ်မှ ဒေသခံများသည်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မသိကြကြောင်း၊ ဒေသခံများနေဖြင့် ရွေးကောက်ပွဲအပေါ် မယုံကြည်ကြောင်း၊ နိုင်ငံရေးပါတီများမှ စည်းရုံးရေးဆင်းရာတွင် နယ်ခံ သတင်းတပ်ဖွဲ့များက နိုင်ငံရေးသမားမျာကို လိုက်လံစောင့်ကြည့်နေ၍ ဒေသခံများက ကြောက်ရွံ့မှုရှိသည်ကို တွေ့ရကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရခိုင်ပြည်နယ် စည်းရုံးရေးမှူး မာန်အောင်ကျွန်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်က ပြောသည်။

“ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ ဒီမြို့နယ်တွေက ဒေသခံတွေလည်း တောင်ကုတ်မြို့နယ်က ဒေသခံတွေလိုပါပဲ။ သူတို့စိတ်ထဲမှာ နိုင်ငံရေးလုပ်တယ်ဆိုတာ အဖဖ်းခံရဖို့၊ ရာဇ၀တ်မှုနဲ့ နီးတယ်လို့ မြင်နေကြတယ်။ နယ်မြေခံ သတင်းတပ်ဖွဲ့တွေက လုံခြုံရေး အဟန့်အတား အနှောက်အယှက်တွေကြောင့် ပါတီအစည်းအဝေးဆို မတက်ရဲတာတွေ ရှိတယ်။ တောင်ကုတ်မြို့မှာရှိတဲ့ ဆွေမျိုးအရင်းအချာ ကိုယ်တိုင်က ကျနော့်ကို သူတို့အိမ်မှာ ၁ နာရီ အတည်းမခံဘူး။ လူထု ကိုယ်တိုင်ကလည်း အဲဒီလို မြင်နေတော့ စည်းရုံးလို့ မရဘူး” ဟု ဦးထွန်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်တွင်သာမက တခြားပြည်နယ်များတွင်လည်း အလားတူ ဖြစ်လျက်ရှိကြောင်း နိုင်ငံရေးပါတီများက ပြောဆိုကြသည်။

ကယားပြည်နယ်တွင်နေထိုင်ကြသူ အများစုမှာလည်း လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုသည်ကို မသိကြကြောင်း ကယားပြည်နယ် ဒီမောဆိုးမြို့တွင် နေထိုင်သူတဦးက ပြောသည်။

“အဲဒီဘက်မှာက သတင်းစာလည်း မရောက်ဘူး၊ ယူလည်း မယူကြဘူး။ ဂျာနယ်တွေ ဘာတွေလည်း မရောက်တော့ မသိကြဘူး။ ကျနော်တို့တောင်မှ ဒီဘက်ရောက်မှ သူများတွေပြောလို့ သိကြတာပါ” ဟု ကယားတိုင်းရင်းသားတဦးက ပြောသည်။

ကယားပြည်နယ်တွင် ကယား၊ ဂေခို၊ ဂေဘား၊ ပဒေါင် (ခေါ်) ကယန်း၊ ပရဲ့၊ မနုမနော၊ ယင်းနော်၊ ယင်းတလဲ၊ ပကူကရင်နှင့် ရှမ်းတို့ နေထိုင်ကြပြီး ကရင်နှင့် မြန်မာများလည်း ရှိကြောင်း သိရှိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ် ရှိသည့်အနက် ကျိုက်မရောမြို့နယ်မှသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါက်တာ မြင့်ဆွေက ပြောသည်။

“ကျနော့်အနေနဲ့ ပါတီမှာ မွန်ပြည်နယ်စည်းရုံးရေမှူး တာဝန်ယူထားတော့ ဟောပြောပွဲလေး လုပ်တယ်။ နောက်ဆုံးအချိန်အထိ တယောက်မှ ပေါ်မလာဘူး။ စည်းရုံးရေးအနေနဲ့ ပြောရင်လည်း ပြည်သူတွေမှာ အကြောက်တရား ရှိနေသေးတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာကို နာမလည်တဲ့သူတွေကို တော်တော်ရှင်းပြရပါတယ်။ နောက် ရွေးကောက်ပွဲအတွက် တော်တော် စဉ်းစားနေတဲ့သူတွေလည်း ရှိတယ်” ဟု ဆိုသည်။

ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကလည်း “ကျွန်တော်ယှဉ်ပြိုင်ရမှာ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်မှာ ယှဉ်ရမှာဖြစ်တဲ့အတွက် နယ်မြေကျယ်ဝန်းပါတယ်။ ရောက်လေရာမှာ လူထုရဲ့ ၈၀ ရာခိုင်နှုန်းလောက်က စိုးရိမ်နေတာတွေ၊ ကြောက်နေတာတွေ ရှိနေတယ်။ တချို့ကလည်း မဲမပေးရင် မရဘူးလား မေးတဲ့သူရှိတယ်။ အဲဒီလိုလူတွေကို မဲမပေးရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ပြန်ရှင်းနေရတာက အခက်အခဲတခုပါပဲ” ဟု ပြောကြားသည်။

Credit: http://irrawaddy.org/bur/index.php/news/1-news/4211-2010-10-04-10-38-55

နိုင်ငံကျော် အနုပညာရှင်များကို ဗန်းပြ၍ ကြံ့ဖွံ့မဲဆွယ်

11:51 PM | Posted by Anonymous

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော ဇေကမ္ဘာ ဦးခင်ရွှေသည် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များတွင် နိုင်ငံကျော် အနုပညာရှင်များကို ခေါ်သွားကြောင်း သိရသည်။

“ကျနော်က အတင်းခေါ်တာ မဟုတ်ပါဘူး။ ကိုလွင်မိုးက လေ့လာရေးအနေနဲ့ လိုက်ချင်တယ်ပြောလို့ ခေါ်သွားဖြစ်တာပါ။ ဒီနေ့ ခရီးစဉ်မှာ ဦးမိုးဒီလည်း ပါလာတယ်” ဟု ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။

၎င်း၏ ခရီးစဉ်တွင် နာမည်ကြီး အနုပညာရှင်များ ပါဝင်ခြင်းကြောင့် ဒေသခံများ၏ အာရုံစိုက်မှု၊ အားပေးမှုများကို အထူးရရှိ ကြောင်းလည်း ဦးခင်ရွှေက ဆက်ပြောသည်။

ဦးခင်ရွှေသည် ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၎င်း၏ စည်းရုံးရေး ခရီးစဉ်တွင် နိုင်ငံကျော်အနုပညာ ရှင်များဖြစ်သော မင်းသားလွင်မိုး၊ မင်းသမီးနန္ဒာလှိုင်၊ ဟာသသရုပ် ဆောင် ဦးမိုးဒီ တို့ပါဝင်ကြောင်း သိရသည်။

မင်းသမီးနန္ဒာလှိုင်သည် ဦးခင်ရွှေ၏ သားဖြစ်သူ ဦးဇေသီဟ၏ ဇနီးဖြစ်သည်။

“ကျနော်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး လိုက်လာတာ မဟုတ်ပါဘူး။ အန်ကယ်လ် ဦးခင်ရွှေနဲ့ ရင်နှီးတဲ့အတွက် အဖော်လိုက်လာ ပေးတာပါ။ နိုင်ငံတော်က ပထမဆုံးအကြိမ် ပြုပြင်ပြောင်းလဲမှု တွေလုပ်နေပြီလေ။ ဒီတော့ ပြည်သူတွေက နိုင်ငံရေးအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာ လေ့လာတဲ့သဘောပါ။ လူတိုင်းက နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိတယ်လေ” ဟု မင်းသား လွင်မိုးက ဧရာဝတီကို ပြောသည်။

“ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့်ရှိတယ်။

အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟုလည်း မင်းသား လွင်မိုးက ဆက်ပြောသည်။

ဦးခင်ရွှေ၏ စည်းရုံးရေး ခရီးတွင် လိုက်ပါလာသည့် အနုပညာရှင်များက နိုင်ငံရေးစည်းရုံးရန် မဟုတ်ဟုဆိုသော်လည်း ဒေသခံများကမူ အနုပညာရှင်များကို နိုင်ငံရေးအတွက် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ပြောဆိုကြသည်။

“ကျမတို့ ချစ်တဲ့အနုပညာရှင်တွေနဲ့ တွေ့ရလို့တော့ ၀မ်းသားပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ အတွက်စည်းရုံးရေးမှာ ပါလာတော့စိတ်ထဲက မကောင်းဘူး။ ပြည်သူတွေနဲ့ တွေ့တာ ကြံ့ဖွံ့မပါလည်း တွေ့လို့ရတာပဲ” ဟု ကော့မှူး ဒေသခံ တဦးက ပြောသည်။

ဦးခင်ရွှေသည် ၎င်းအားမဲပေးပါက ကော့မှူးမြို့ပေါ်မှ ငှက်အော်စမ်း ကျေးရွာအထိ ၁၆ မိုင်ဝန်းကျင်ရှည်သော လမ်းကို ခင်းပေးမည့် အပြင် လမ်းတလျှောက်ရှိ လျှပ်စစ်မီးတိုင်များကို ပြုပြင်၍ မီးလင်းစေရန် ဆောင်ရွက်ပေးမည်ဟု ငှက်အော်စမ်း
ကျေးရွာ ဒေသခံများကို ပြောဆိုသွားကြောင်း သိရသည်။

“ဒီနေ့လည်း ကော့မှူးမြို့ပေါ်မှာ လာစည်းရုံးမယ်ဆိုပြီး ဒေသခံတွေကို ခေါ်တယ်။ လာတဲ့လူကို ပိုက်ဆံ ၅၀၀၀ စီပေးတယ်။ နောက်လည်း ဘာပေးဦးမယ်၊ ညာပေးဦးမယ် ပြောတယ်” ဟု ကော့မှူး ဒေသခံ တဦးကဆိုသည်။

ဦးခင်ရွှေ နှင့်အတူ နိုင်ငံကျော် ဟာသသရုပ်ဆောင် ဦးမိုးဒီလည်း ပါလာ၍ ဒေသခံများက သွားရောက် နားထောင်ကြသည်ဟု လည်း၎င်းက ပြောသည်။

နိုင်ငံရေးပါတီများသည် မိမိတို့စည်းရုံးဟောပြောလိုသော အကြောင်းအရာ၊ ဟောပြောမည့် သူများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တပတ်ခန့် ကြိုတင် အကြောင်းကြားရမည်ဟု ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားသော် လည်း ကြံ့ဖွံ့ပါတီ နှင့် ပတ်သက်သည့် အရာများကိုမူ အကြောင်းကြားရန် မလိုကြောင်း သိရသည်။

သရုပ်ဆောင်ဦးမိုးဒီက ယခုလိုက်ပါသည့် ခရီးစဉ်အတွက် ရုပ်ရှင်အစည်းအရုံး အပါအ၀င် မည်သည့် အဖွဲ့ကိုမှ အကြောင်း မကြားခဲ့ရကြောင်းပြောသည်။ ၎င်းသည် ကြံ့ခိုင်ရေးပါတီ အတွက်စည်းရုံးပေးရန်အတွက် လိုက်ပါလာခြင်း မဟုတ်သော်လည်း
ပြည်သူများက နိုင်ငံရေးနှင့် ရောထွေးမြင်မည်ကို စိုးရိမ်ကြောင်း ဧရာဝတီကိုပြောသည်။

“ကျနော်က နိုင်ငံသား တယောက် အနေနဲ့ လိုက်လာပြီးတော့ လူတွေက နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားဖို့၊ မဲပေးတဲ့အခါ မဲရွေး မမှားကြဖို့၊ ကိုယ့်လက်ထဲက အခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချဖို့၊ ကိုယ်မှားရင် ကိုယ်ပဲခံရမှာဖြစ်လို့ သေချာစဉ်းစားပြီး
မှ မဲပေးကြဖို့၊ နိုင်ငံရေးကို ပေါ့ပေါ့တန်တန် မလုပ်ကြဖို့ ဆိုတာတွေကို အနုပညာရှင် တယောက်အနေနဲ့ လိုက်ပြီးရှင်းပြတာ ပါ” ဟု ဦးမိုးဒီက ဆိုသည်။

ဦးခင်ရွှေသည် ၎င်းအရွေးခံမည့် ဒေသရှိ ပြည်သူများအား စည်းရုံးပြောဆိုရာတွင် ၎င်း၏ ချမ်းသာကြွယ်ဝမှုကို ရှေ့တန်းတင် ပြောဆိုပြီး ၎င်းတို့ကြံ့ဖွံ့ပါတီကသာ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်၍ ကြံ့ဖွံ့ကိုသာ မဲပေးကြရန် စည်းရုံး နေကြောင်း သိရသည်။

“သူတို့လုပ်ပေးချင်ရင် နှစ် ၂၀ လုံးလုံး ဘာလုပ်နေကြလဲ။ အခု မဲလိုချင်တဲ့ အခါမှ စေတနာတွေပိုပြနေတယ်။ တစည ကတော့ပြောတယ်၊ ကြံ့ဖွံ့ ပြောတာကို ယုံရင် အလိမ်ခံရမယ် ဆိုပြီး ရွာတွေမှာ လိုက်စည်းရုံးနေတယ်” ဟု ကော့မှူး မြို့နယ် ထန်းမနိုင် ရွာသား တဦးက ပြောသည်။

“ကျနော်တို့ဒေသခံတွေ ကတော့ ပေးတာယူမယ်၊ ကျွေးတာစားမယ်၊ မဲထည့်ရင် စဉ်းစားမယ်လို့ ခံယူထားကြတယ်” ဟု လည်း အဆိုပါ ထန်းမနိုင်ရွာသားက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီကသာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည် ဖြစ်၍ တခြားသော နိုင်ငံရေးပါတီများ အနေဖြင့် နောင် ၅ နှစ်အတွက်သာ ကြိုးစားသင့်ကြောင်း ဦးခင်ရွှေက ပြောသည်။

Credit: http://irrawaddy.org/bur/index.php/news/1-news/4210-2010-10-04-10-25-39

ရွေးကောက်ပွဲကြောင့် ကချင်အဖွဲ့ အကွဲအပြဲဖြစ်

11:50 PM | Posted by Anonymous

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ဘက် အမတ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီးသည့်နောက် ကချင်အထူးဒေသ (၁)၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကောင်စီအတွင်း အကွဲအပြဲများ ပေါ်ပေါက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ ကချင်နိုင်ငံရေးသမားတဦးက ပြောသည်။

၎င်းက “ငြိမ်း/စည်း ကောင်စီဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းနဲ့ သူ့သားက ကြံ့ဖွံ့နဲ့ မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်တယ်။ ကောင်စီ လူကြီးတွေဖြစ်ကြတဲ့ ဦးမုတ်ရင်ဒေါင်ဟောင်း၊ ဦးမဂျီဇော်တောင်၊ ဦးနဘုတ်ထောခေါင် တို့က တစည ပါတီကနေ ရွေးကောက်ပွဲဝင်တယ်။ နောက် ဦးဆခုံတိန့်ယိန်း ဝင်မယ့်နေရာမှာ ကောင်စီလူကြီး ဦးမဂျီဇော်တောင်နဲ့ ပြိုင်ဘက် သွားဖြစ်တယ်။ ဒါနဲ့ စိတ်ဆိုးပြီး ဦးဆခုံတိန့်ယိန်းက ကောင်စီဝင်လူကြီးတွေကို အဖွဲ့ကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ခေတ်ပြိုင်က လက်ခံရရှိသည့် ဦးဆခုံတိန့်ယိန်း၏ စက်တင်ဘာ (၂ဝ) ရက်နေ့စွဲ အမိန့်စာတွင် “ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကောင်စီဝင်အဖြစ်မှ ရပ်စဲခြင်း၊ ငြိမ်း/စည်း ကောင်စီဝင်များ ဖြစ်ကြသော (၁) ဦးနဘုတ်ထောခေါင်၊ (၂) ဦးမုတ်ရင်ဒေါင်ဟောင်း၊ (၃) ဦးမဂျီဇော်တောင် တို့ (၃) ဦးသည် ၎င်းတို့၏ ဆန္ဒအတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသို့ ကူးပြောင်းသွားကြပြီ ဖြစ်ခြင်းကြောင့် ကချင်ပြည်နယ် ငြိမ်း/စည်းကောင်စီဝင်အဖြစ်မှလည်းကောင်း၊ ကချင်ပြည်နယ် အထူးဒေသ (၁) မှ ပေးအပ်ထားသော တာဝန်များမှ လည်ကောင်း ၂ဝ-၉-၂ဝ၁ဝ ရက်စွဲမှ စ၍ ရပ်စဲလိုက်သည်။ အထူးဒေသ (၁) တွင်ပါဝင်နေခဲ့သည့် ထွန်းရှင်ဇုံးတင့်ကိုလည်း ပေးအပ်ထားသော တာဝန်အရပ်ရပ်မှ ရပ်စဲလိုက်သည်။ ၎င်းတို့အားလုံး အထူးဒေသ (၁) နှင့် လုံးဝ ပတ်သက်မှု မရှိတော့ပါကြောင်း ကြေညာသည်” ဟု ဖော်ပြပါရှိသည်။

အဆိုပါ ကြေညာချက် ထွက်လာပြီးနောက် တစညအမတ်လောင်း ကောင်စီဝင်များကလည်း ကြေညာချက်တစောင် ပြန်လည်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ထဲတွင် ကောင်စီဝင်များက ကချင်အထူးဒေသ (၁) ထဲ ပါဝင်သည့် ချီဖွေ၊ လောခေါင်၊ ဖီမော်၊ ဂေါ်လန်၊ ကမ်ဖန်၊ ကမ်ပိုင်တည်၊ ဆဒုံး ဒေသများသည် ကချင်လူမျိုးတို့၏ မိဘ ဘိုးဘွားပိုင် နယ်မြေဖြစ်ကြောင်း၊ လူတယောက်၊ မိသားစုတစုပိုင် နယ်မြေမဟုတ်ကြောင်း ဦးဆခုံတိန့်ယိန်း၏ လက်ရှိ ပြုမူပုံများကို ဝေဖန်ထားသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အမတ်လောင်း အမည်စာရင်းတင်သွင်းရန် ခွင့်ပြုထားသည့် နောက်ဆုံး (၃) ရက်အလိုအထိ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း၏ ဆက်သွယ်မှုကို စောင့်ဆိုင်းခဲ့ကြောင်း၊ မည်သည့် အသိပေး ညှိနှိုင်းအကြောင်းကြားချက်မျိုးမှ ရောက်မလာသည့်အတွက် ၎င်းတို့ဘာသာ တိုင်ပင်ညှိနှိုင်းပြီး တစည ပါတီကနေ အမတ်လောင်း စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ရခြင်းသည်လည်း ဒေသခံ တိုင်းရင်းသား လူမျိုးတို့၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားကြောင်း တွေ့ရသည်။

စစ်အစိုးရ၏ နိုဝင်ဘာ (၇) ရက် ကျင်းပပေးမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်တွင်း အတိုက်အခံ အင်အားစုကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းတွင်လည်း သဘောထား ကွဲလွဲခဲ့ပြီး ဖြစ်သည်။

ဦးခင်မောင်ဆွေနှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့က နိုင်ငံရေးဆက်လုပ်နိုင်ရန် တရားဝင်နိုင်ငံရေးပါတီတရပ် ရှိရမည်ဟု ယူဆပြီး ပါတီသစ်တခုကို မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ခဲ့သည်။

ယခု ကချင်အထူးဒေသ (၁) ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေးကောင်စီမှာမူ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲသည့် တိုင်းရင်းသား အဖွဲ့အစည်းတခု ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းသည် ၁၉၈၉ နှစ်ကုန် ဗကပ (၁ဝ၁) စစ်ဒေသနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲပြီးနောက် ၁၉၉ဝ ဇန်နဝါရီလတွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်။

ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းနှင့် ၎င်းထုတ်ပယ်လိုက်သည့် ကောင်စီဝင် (၃) ဦး စလုံးသည် ၁၉၉ဝ ခုနှစ်ကတည်းက အဆိုပါအဖွဲ့တွင် ခေါင်းဆောင်များအဖြစ် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကချင် အထူးဒေသ (၁) သည်လည်း ရွေးကောက်ပွဲအပြီးတွင် အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဆခုန်တိန့်ယိန်း ဦးဆောင်သည့် ယခင် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) မှာမူ ပြီးခဲ့သည့်နှစ်က စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

Credit: http://khitpyaing.org/index.php?route=detail&id=4919

နိုင်ငံတော်ဘဏ္ဍာသုံး၍ မဲဆွယ်ကြောင်း ကြံ့ဖွံ့ တရားဝင်ပြော

11:49 PM | Posted by Anonymous

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) သည် နိုင်ငံတော် ဘဏ္ဍာအသုံးပြု၍ လမ်းခင်းခြင်း၊ ငွေချေးခြင်း၊ စာသင်ကျောင်း ဆောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ် ပေးခြင်းများဖြင့် မဲဆွယ်လျက်ရှိကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့ ပါတီ တာဝန်ခံ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တော်ခန်းမတွင် စက်တင်ဘာလနှောင်းပိုင်းက ပြည်တွင်း သတင်း မီဒီယာတချို့ကို ခေါ်ယူတွေ့ဆုံစဉ် ဦးအောင်သိန်းလင်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဆင်ခြေဖုံးမြို့နယ်များ အပါအ၀င် မြို့နယ်များတွင် လမ်းပေါင်း ၄၀၀၀ ခန့်ရှိကြောင်း၊ ကြံ့ဖွံ့ပါတီသည် ထိုလမ်းများကို စီမံချက်ဖြင့် ခင်းပေးနေပြီး အဆိုပါ လမ်းခင်းခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ဘိလပ်မြေကို စည်ပင်ပိုင် ဘိလပ်မြေစက်ရုံက ထုတ်လုပ်ပေးကာ လမ်းခင်းစက်များ သည်လည်း စည်ပင်သာယာရေးပိုင်များသာ ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

“လမ်းခင်းဖို့ ဘိလပ်မြေက တရက်ကို အိတ် ၆၀၀၀၊ ၇၀၀၀ လောက်ထွက်တယ်” ဟု မြို့တော်ဝန်က ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူလူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြံ့ဖွံ့အသင်း အနေဖြင့် ရပ်တည်စဉ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ဆက်လက်လည်း လုပ်ဆောင်သွားမည်ဟု သူက ဆိုသည်။

“လမ်းတွေခင်းပေးတယ်၊ ရေရအောင်လည်း ရေတွင်းတွေ တူးပေးတယ်၊ ပြည်သူလူထု ကျန်းမာရေး အတွက်လည်း ဖြိုးစေတနာ ဆေးခန်းတွေ အခမဲ့ ဖွင့်လှစ်ပေးထားတယ်၊ ပညာရေး စောင့်ရှောက်မှုအနေနဲ့ စာသင်ကျောင်းတွေလည်း အများကြီးဆောက်ပေး ထားတယ်။ စီးပွားရေး စောင့်ရှောက်မှုအနေနဲ့ ဆင်းရဲတဲ့လူတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးတယ်” ဟု ဦးအောင်သိန်းလင်းက မီဒီယာများကို ရှင်းပြခဲ့သည်။

ကြံ့ဖွံ့ပါတီအနေဖြင့် အစိုးရ အသုံးစရိတ်ဖြင့် မဲဆွယ်လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ နိုင်ငံရေးပါတီ အများစုကလည်း ထိုသို့ အစိုးရစရိတ်သုံးကာ မဲဆွယ်မှုများကို ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် ကန့်ကွက် သင့်ကြောင်း၊ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည့် ကြံ့ဖွံ့ပါတီကို တရားဥပဒေကြောင်းအရ ဖျက်သိမ်းရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တရားဝင်တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်းများလည်း ပြုလုပ်သင့်ကြောင်း
ဝါရင့် သတင်းစာဆရာတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကြံ့ဖွံ့ပါတီက ချိုးဖောက်နေတာတွေကို နိုင်ငံရေးပါတီတွေက ကန့်ကွက်ရမယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ ဥပဒေချိုးဖောက်တဲ့ ကြံ့ဖွံ့ပါတီ ဖျက်သိမ်းပေးဖို့ တရားဝင်တောင်းဆိုရမယ်။ ကြောက်နေရင်တော့ ကြံ့ဖွံ့ပါတီရဲ့ မတရားနည်းလမ်းသုံး မဲဆွယ်တာတွေကို ထိုင်ကြည့်နေကြပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က/ ၅) တွင် နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် ပါတီအဖွဲ့အစည်း ဖြစ်လျှင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု တရားဝင်ပြဋ္ဌာန်းထားသည်။

ကြံ့ဖွံ့ပါတီသည် လမ်းများခင်းရာတွင် ငွေကြေးမကောက်ခံဟု မြို့တော်ဝန်ကပြော ဆိုသော်လည်း အမှန်တကယ် လက်တွေ့တွင်မူ ရပ်ကွက်လူထုထံမှ ငွေကြေး ကောက်ခံမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

“ပေ ၃၀၀ ရှိတဲ့ လမ်းခင်းဖို့ ကျပ် ၃ သိန်း ၆ သောင်း ရပ်ကွက်က ပေးလိုက်ရတယ်။ ပါတီဝင်လည်း စုပေးရတယ်” ဟု ကမာရွတ်မြို့နယ်မှ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာနိုင်ငံတွင် မဲပေးနိုင်သည့် အသက်ပြည့်ပြီးသူ လူဦးရေ သန်း ၃၀ ကျော်ရှိကြောင်း သိရှိရသည်။

နေပြည်တော်ခရိုင်တွင် မဲပေးနိုင်သော လူဦးရေ ၆ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်မူ မဲပေးနိုင်သော လူဦးရေ ၄၄၁၈၉၈၉ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ထားသည်။