DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ

စိုင်းဇွမ်ဆိုင်း Tuesday, September 28, 2010
(ဧရာဝတီ)

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။


dvb_bu

DVB သတင်းဌာန ထိုင်းနိုင်ငံ ဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။

dvb_bu“ဗမာပြည်ထဲမှာ အရိုက်နှက်ခံ၊ ထောင်ကျခံပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အန္တရာယ်ကြားထဲက သတင်းပို့နေတဲ့ သတင်းထောက်တွေကို အသိအမှတ်ပြု ခံရတာပါ။ ဆု ရတာ၊ မရတာက တပိုင်းပါ။ ဒါပေမယ့် အခုလိုမျိုး အသိအမှတ်ပြု ခံရတယ်ဆိုတော့ ဝမ်းလည်းသာပါတယ်၊ ဂုဏ်လည်းယူပါတယ်” ဟု ဦးတိုးဇော်လတ်က ဆိုသည်။

နိုဗဲလ်ဆုအတွက် နောက်ထပ် အမည်စာရင်းတင်သွင်းခံရသော အဖွဲ့အစည်း တခုဖြစ်သည့် Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဟာ့ပ်ဗီကင်က DVB သတင်းဌာနသည် သတင်းလွတ်လပ်ခွင့်မရှိသော မြန်မာနိုင်ငံမှ သတင်းများကို လွတ်လပ်စွာ ထုတ်လွှင့်ပေးနေသည့် သတင်းဌာနတခု ဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

PRIO သည် အာဖဂန်နစ္စတန်နိုင်ငံမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လှုပ်ရှားခဲ့သောကြောင့် ယခုကဲ့သို့ အမည်စာရင်း တင်သွင်းခံရခြင်း ဖြစ်သည်ဟု ၎င်း ဒါရိုက်တာက နော်ဝေအခြေစိုက် သတင်းစာများသို့ ပြောဆိုထားကြောင်း Views and News from Norway သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ၁၉၉၁ ခုနှစ်တွင် နိုဗဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ်တွင် ဆုချီးမြှင့်ခံရသူမှာ လက်ရှိ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ဖြစ်သည်။

၂၀၁၀ နိုဗဲလ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသူ ၂၃၇ ဦးရှိပြီး ၎င်းတို့တွင် အဖွဲ့အစည်း ၃၈ ခု ပါဝင်ကြောင်း၊ ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းမှုသည် ယခင်နှစ်များနှင့် ယှဉ်လျှင် အရေအတွက် အမြင့်ဆုံး ဖြစ်ကြောင်း နော်ဝေနိုင်ငံ အခြေစိုက် နိုဗဲလ် ကော်မတီမှ ဒါရိုက်တာဖြစ်သူ မစ္စတာ ဂီယာ လန်ဒီစတက်က ကြေညာထားသည်။

ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုများအတွက် အမည်စာရင်းတင်သွင်းခံရသူများတွင် ဇင်ဘာဘွေနိုင်ငံမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ မော်ဂင် ချန်ဂရိုင်း၊ တရုတ်နိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူ လျူရှောင်ဘို၊ ဗီယက်နမ်နိုင်ငံမှ ဘုန်းတော်ကြီး သစ်ခ်ကွမ်ဒိုး တို့ပါဝင်ကြောင်းလည်း သိရသည်။

၁၈၃၃ ခုနှစ်တွင် ဖွားမြင်ခဲ့သူ ဆွီဒင်နိုင်ငံသား အဲဖရက် နိုဗဲလ် သည် ဒိုင်းနမိုက်၊ မြေမြုပ်မိုင်း တို့ကို ထုတ်လုပ်ကာ ချမ်းသာ ကြွယ်ဝလာသူဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် စစ်ပွဲများကိုဆန့်ကျင်သူများ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများတို့ကို ထောက်ပံ့ချီးမြှင့်ရန် စီစဉ်ခဲ့သည်။

အဲဖရက် နိုဗဲလ်သည် ငြိမ်းချမ်းရေး၊ စာပေ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ သက်ရှိသဘာဝနှင့် သက်ဆိုင်သော ဇီဝကမ္မဗေဒ (Physiology) စသည့် နယ်ပယ်များ၌ ကျွမ်းကျင်သူများကို ဆုချီးမြှင့်မည့် အစီအစဉ်များပါဝင်သော သေတမ်းစာ တစောင်ကို ၁၈၉၅ ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ် ရေးသားခဲ့သည်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်မှ စတင်ကာ နှစ်စဉ်မပျက် ချီးမြှင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နိုဗဲလ်ဆု ချီးမြှင့်ခံရသူ များမှာ ကြက်ခြေနီ အဖွဲ့ကို စတင်တည်ထောင်သူ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်နှင့် ပထမဆုံး ပြင်သစ်ငြိမ်းချမ်းရေး လူမှုအသိုင်းအဝန်း (First French Peace Society) ကို တည်ထောင်သူ ဖရက်ဒရစ် ပက်စီ တို့ဖြစ်ကြသည်။

DVB သတင်းဌာနမှ သတင်းထောက်များ အဓိက လှုပ်ရှားခဲ့ကြသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအကြောင်း ရိုက်ကူးထားသည့် Burma VJ အမည်ရ ရုပ်သံမှတ်တမ်းသည်လည်း ယမန်နှစ် အော်စကာဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိ ရောက်ရှိခဲ့သည်။

ရွေးကောက်ပွဲပြီးလျှင် ဒေါ်စုကို ပြန်လွတ်ပေးမည်ဟု ဆို

4:28 PM | Posted by Anonymous
ရွေးကောက်ပွဲပြီးလျှင် ဒေါ်စုကို ပြန်လွတ်ပေးမည်ဟု ဆို
AFP သတင်းဌာန
စက်တင်ဘာ ၃၀၊ ၂၀၁၀

ယမန်နှစ် သြဂုတ်လတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် သက်တမ်း ၃ နှစ် တိုးမြှင့်ခဲ့သည်။ သို့သော်လည်း “ကောင်းမွန်စွာ နေထိုင်လျှင်” ၁ နှစ်ခွဲအကြာတွင် ပြန်လွတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့် ထုတ်ခဲ့သည်။ ဓာတ်ပုံမှာ ၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအပြီး မကြာမီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးမည်ဟု အရာရှိများက ယနေ့ ပြောလိုက်သည်။

နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိများက ပြောသည်။

“ရွေးကောက်ပွဲလည်း ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လာမယ် ဆိုတော့ ကျနော်တို့အတွက်တော့ နိုဝင်ဘာလက အရေးကြီးတယ်၊ အလုပ် များလိမ့်မယ်” ဟု မြန်မာအရာရှိ တဦးက AFP ကို ပြောသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်မှာ နိုဝင်ဘာ ၇ ရက်နေ့ ဖြစ်သည်။

လွတ်မြောက်လာမည့်နေ့မှာ ထိုနေ့ပင် ဖြစ်ကြောင်း တခြား မြန်မာအရာရှိ တဦးက ပြောဆိုသည်။ “ဥပဒေအရ သူ အဲဒီနေ့ လွတ်မှာပါ” ဟု သူက ဆိုသည်။

စစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ အီးယူ အဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံ ၁၁ နိုင်ငံမြောက်နိုင်ငံအဖြစ် ထောက်ခံ

4:10 PM | Posted by Anonymous

တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား

3:13 PM | Posted by Anonymous

တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား

ရဲရင့် / ၃၀ စက်တင်ဘာ ၂၀၁၀

(ခေတ်ပြိုင်)
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဒေသအတွင်း နအဖလက်အောက်ခံတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် အရေးပေါ်တပ်လှန့်ထားသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

၎င်းက “ဒီလ (၂၄) ရက်နေ့ကစပြီး တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) နဲ့ (၂၀၃) တပ်ရင်းတွေ ကျနော်တို့နယ်ထဲမှာလာပြီး တပ်စွဲထားတယ်။ ဒီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့တပ်တွေကိုလည်း အရေးပေါ် တပ်လှန့်ထားပါတယ်” ဟု ပြောသည်။

နအဖတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲထားသည့် ဒေသမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ တပ်မဟာ (၇) ဒေသ မဲ့စလေနှင့်လယ်ပေါ်ဟဲအရပ်တွင် ဖြစ်သည်ဟု တပ်မဟာမှူးက ပြောသည်။

အဆိုပါဒေသတွင် နအဖတပ်များ၊ နယ်ခြားစောင့်တပ်များ၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ကရင်နယ်ခြားစောင့်တပ်ရင်းများသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၀ဲကလိကျေးရွာရှိ လေ့ကျင့်ရေးကျောင်းတွင် မွန်းမံသင်တန်း တက်နေသဖြင့် ထိုတပ်ရင်း (၂) ရင်းက ယာယီလုံခြုံရေးယူထားခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်မှ အရာရှိတဦးကမူ “ဗမာဘက် ကမ်းနဖူးမှာ ဗမာတပ်ရင်း (၂) ရင်းက တပ်စခန်းတွေ၊ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အခန့် ဆောက်နေတာဆိုတော့ သူတို့ဒီနေရာမှာ အမြဲတပ်စွဲမယ့် အနေအထားရှိတယ်။ ဒီဒေသမှာ မကြာခင် တိုက်ပွဲကြီးတွေ ပြန်ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် ဂျော်နီက “နအဖ၊ ဒီကေဘီအေ၊ ကရင်နယ်ခြားစောင့်တပ်၊ ဘယ်တပ်ပဲဖြစ်ဖြစ် ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်မှာ စစ်ရေးပြင်ဆင်မှုတွေ အရန်သင့်ပဲ” ဟု ပြောသည်။

ယခင်လ (၁၈) ရက်မှစ၍ ကရင်နယ်ခြားစောင့်တပ်များ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း ကေအန်အယ်လ်အေ တပ်မဟာ (၇) သို့ ကရင်နယ်ခြားစောင့်တပ်မှ အရာရှိအရာခံ အကြပ်တပ်သားများနှင့် မိသားစုဝင် (၁၅၀) ခန့် လက်နက်ခဲယမ်းမီးကျောက် အလက် (၈၀) ခန့်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသ၌ ပျှမ်းမျှတလလျှင် တိုက်ပွဲကြီးငယ် (၅) ကြိမ်ခန့် ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိသည့် ဒေသဖြစ်သည်ဟု သိရသည်။

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

2:53 PM | Posted by Anonymous

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

မြတ်ခိုင်ဦး / ၃၀ စက်တင်ဘာ ၂၀၁၀

(ခေတ်ပြိုင်)

သွေးကြောများပေါ်နေသော သူရဦးတင်ဦး၏ ဘယ်ဘက်မျက်စိအား ယနေ့နေ့လယ် စင်ကာပူစံတော်ချိန် (၃) နာရီတွင် Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း သိရသည်။

ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသော သူရဦးတင်ဦး၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ သားဖြစ်သူ ဦးသန့်စင်ဦးက “ဟုတ်ကဲ့အခုပဲ ပြီးတာပါ၊ ကျန်းကျန်းမာမာပါပဲ။ ထွက်လာတော့ မေးပါတယ်၊ ဘယ်လောက်ကြာသွားလဲပေါ့။ ဒီလောက်ပါပဲ” ဟု ဆိုသည်။

ဦးတင်ဦးသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စင်ကာပူတွင် (၄-၅) ရက်ခန့် ကြာဦးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့အတွက် လိုအပ်သော ခွဲစိတ်ကုသမှုများပြုလုပ်ရန် အင်္ဂါနေ့က စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဦးတင်ဦးနှင့်အတူ ဇနီးသည် ဒေါက်တာဒေါ်တင်မိုးဝေလည်း လိုက်ပါလာပြီး ဂျပန်နိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) မှ သားဖြစ်သူ ဦးသန့်စင်ဦးနှင့် ဇနီးလည်း စင်ကာပူသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ သားအဖ (၂) ဦး ကွဲကွာနေရသည်မှာ (၁၈) နှစ်ရှိပြီဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောဆေးစစ်မှုများ ခံယူပြီးနောက် ယနေ့ ခွဲစိတ်ကုသမှု ခံယူခြင်းဖြစ်သည်။

ဆေးရုံတွင် ခွဲစိတ်ကုသရေးအတွက် လိုအပ်သောအကူအညီများ ပေးနေသည့် ဒေသခံတဦးဖြစ်သူ ကိုခင်အောင်က “အခုဆေးရုံမှာ ခွဲစိတ်တာ မျက်စိအထူးကုဆရာဝန်တွေက ခွဲစိတ်ပေးနေတာပါ။ ဒီဆေးရုံကလည်း တော်တော်လေးကို ဂရုစိုက်ပါတယ်။ VIP လိုမျိုးပါပဲ” ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံမှ ဆရာဝန်ဆရာမများလည်း လိုက်ပါလာကြသည်ဟု သိရသည်။

ဦးတင်ဦး၏ ကျန်ရှိသော တိမ်စွဲနေသည့် ညာဘက်မျက်စိကိုမူ နောင်နှစ်မှသာ ခွဲစိတ်ကုသမှု ခံယူမည်ဟု သိရသည်။

သူရဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအဖြစ် တပ်မတော်သားများ၏ ချစ်ခင်လေးစားမှုကို ခံယူရသော တပ်ချုပ်တဦးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုမှုမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့ကာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်နေသူတဦး ဖြစ်သည်။

ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး သမီး ဝေနှင်းပွင့်သုန် (၂၇-၀၉-၁၀)ရက်က အင်္ဂလန် လေဘာပါတီညီလာခံတွင်ပြောကြားသောမိန့်ခွန်းမြန်မာဘာသာပြန်

4:47 AM | Posted by Anonymous
(ဝေနှင်းပွင့်သုန်)

ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော်တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။

ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma Campaign UK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက်ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင်ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။

ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။

မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေးအောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။

မေးလ်မှရရှိသည်။ (ဘာသာပြန်သူအားမှတ်တမ်းတင်ကျေးဇူးတင်ရှိပါသည်။)



မြန်မာစစ်ခေါင်းဆောင်များ ကုလညီလာခံထဲကို မြန်မာဝတ်စုံနဲ့ ချီတက်

မြန်မာစစ်ခေါင်းဆောင်များ ကုလညီလာခံထဲကို မြန်မာဝတ်စုံနဲ့ ချီတက်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၉၊ ၂၀၁၀
နအဖ စစ်အစိုးရ ကိုယ်စားလှယ်များကို စက်တင်ဘာလ ၂၈ ရက်နေ့က နယူးယောက်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ရစဉ်။
နယူးယောက်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စကားပြောနေတဲ့ နအဖ စစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တဖြစ်လဲ ဗိုလ်ချုပ်ဉာဏ်ဝင်း
ဦးဉာဏ်ဝင်း အပါအဝင် နအဖ စစ်ဗိုလ်ချုပ်ကြီးများဟာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့ စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲကာ ဝန်ကြီးချုပ် ဦးသိန်းစိန်တဖြစ်လဲ ဗိုလ်ချုပ်ကြီး သိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုဖွဲ့ပြီး လာမယ့် အောက်တိုဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ မဲဆွယ်စည်းရုံးနေကြပါတယ်။ Photo : Getty Images, AP

ကာတွန်းဟန်လေး ၏ "ကျွန်တော် ဗုဒ္ဓဘာသာပါ"

Monday, September 27, 2010 11:15 AM | Posted by Anonymous

ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး သမီးငယ် ဝေနှင်းပွင့်သုန် အင်္ဂလန် လေဘာပါတီညီလာခံတွင် မိန့်ခွန်းပြော

11:04 AM | Posted by Anonymous