အရပ်သားဖြစ်လည်း အာဏာရှင်ပဲဟု အမေရိကန်ပြော

Tuesday, August 31, 2010 4:54 AM | Posted by Anonymous

ဧရာဝတီ Tuesday, August 31, 2010


ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်တပ် အကြီးအကဲ ရာထူးမှ နုတ်ထွက်သည့်တိုင် အာဏာကို ဆက်လက် ထိန်းချုပ်သည့် အနေဖြင့် ရွေးကောက်ပွဲ အလွန် အရပ်ဘက် အုပ်ချုပ်ရေးတွင် ဆက်လက်နေရာယူ ထားပါက လက်ခံအသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း အမေရိကန် အစိုးရက ယမန်နေ့တွင် ပြောကြားလိုက်သည်။

Than Shwe Uniform

ပြီးခဲ့သည့် ဇူလိုင်လက အိန္ဒိယသို့ အလည်အပတ်သွားရောက်ရာ ကြိုဆို နှုတ်ဆက်သည့် အခမ်းအနား၌ အရပ်ဝတ်နှင့် ဗိုလ်ချုပ်မှူးကြီးကို ပန်းကုံးကြီး စွပ်လျက် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“အရပ်ဝတ်နဲ့ အာဏာ ထိန်းချုပ် ရင်လည်း အာဏာရှင် ဖြစ်နေတုန်းပါပဲ” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ ပီ ဂျေ ခရော်လေ က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောသည်။

“စစ်ခေါင်းဆောင် တွေက စစ်ယူနီဖောင်းတော့ ချွတ်တယ်၊ ဒါပေမယ့် မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းမှာ ဆက်ပြီး တင်းကျပ် ဖိနှိပ်ထားဦးမယ် ဆိုရင် အဲဒါ မြန်မာပြည် အတွက် ပြဿနာ တရပ်ပါပဲ” ဟု ခရော်လေက ဆက်လက် ပြောသည်။

လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ရန် စီစဉ်၍ တခြား စစ်ဘက် အဆင့်မြင့် အရာရှိများနှင့် အတူ ဗိုလ်ချုပ်မှူးကြီး နုတ်ထွက် လိုက်သည်ဟု ပြီးခဲ့သည့် တပတ်က သတင်းများ ထွက်ပေါ် ပြီးနောက် အမေရိကန် အစိုးရ၏ တုံ့ပြန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် ဧရာဝတီက လက်ခံရရှိသည့် အထောက်အထားများအရ ဒု ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယခင်ရာထူးဖြစ်သော ကာကွယ်ရေးဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ နေရာဖြစ်သော ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့အား ခန့်အပ်လိုက်ကြောင်း သိရသည်။ ဒု ဗိုလ်ချုပ်ကြီး ကိုကိုသည် ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြိုင်ကြိုင်၏ တူတော်စပ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးက နအဖ ထိပ်ပိုင်းရာထူးအားလုံးကို သူယုံကြည်သော စစ်ဘက်ဗိုလ်ချုပ်များနှင့် အစားထိုးခြင်းဖြစ်ကြောင်း လေ့လာအကဲခတ်သူများက ယူဆကြသည်။ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် အခြေခံဥပဒေ၌ ပြဌာန်းထားသည့်အတိုင်း လွှတ်တော် ၂၅ ရာခိုင်နှုန်းတွင် စစ်ဘက်ကိုယ်စားလှယ်များ ပါဝင်လာမည် ဖြစ်သည်။ ထို စစ်ဘက် ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်မှူးကြီးပါဝင်လာပြီး သမ္မတနေရာကို ရယူဖွယ်ရှိကြောင်း အကဲခတ်များက သုံးသပ်နေကြသည်။

ရာထူးအပြောင်းအလဲများ ပြုလုပ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် စစ်အစိုးရ ထိန်းချုပ်သည့် သတင်းစာများတွင် ယမန်နေ့ နေ့စွဲဖြင့် “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ” ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟု မလေးရှားနိုင်ငံ လွှတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသေးသည်ကို တွေ့ရသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် စစ်ဘက်နှင့် အရပ်ဘက် အစိုးရဝန်ထမ်းများ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်ကို ရွေးကောက်ပွဲ ဥပေဒများဖြင့် တားမြစ်ထားပြီးနောက် ထိပ်တန်း စစ်အရာရှိ အများအပြားသည် စစ်ဝတ်စုံချွတ်၍ စစ်အစိုးရ ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံပါတီ) သို့ ဝင်ရောက်ခဲ့ကြသည်။

အနာဂတ် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က အရေးပါသောနေရာများ၌ ပါဝင်လှုပ်ရှားနိုင်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြင့် ကျားကန်ပေးထားသည်။

လွှတ်တော်တွင် အရပ်သား ကိုယ်စားလှယ်အများစုနှင့် စစ်တပ်မှ တိုက်ရိုက်စေလွှတ်သူများက ဒုတိယ သမ္မတများကို ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ ရွေးချယ်ပေးမည့် အရပ်သား ကိုယ်လှယ်စားလှယ် အများစု ဆိုသူမှာလည်း ကြံ့ဖွံ့ပါတီမှ ရွေးကောက်တင်မြှောက်ခံရသူများသာ ဖြစ်နိုင်သည်။ ဒုတိယ သမ္မတများအနက် “နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေး အမြင်များရှိသူ” တဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်မည် ဖြစ်သည်။

လတ်တလော အခြေအနေအထိ ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ် အနေအထားမှာ ပဟေဠိ ဖြစ်နေဆဲပင် ဖြစ်သည်။ ထိပ်ပိုင်း စစ်ဘက်ရာထူး အပြောင်းအလဲများ ရှိနေကြောင်းကိုမူ ယနေ့ထုတ် အစိုးရ သတင်းစာတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးသစ် ဗိုလ်မှူးချုပ် ထွန်းသန်းကို စတင်ဖော်ပြခြင်းဖြင့် အတည်ပြုနိုင်ပြီ ဖြစ်သည်။

မြန်မာ စစ်ဘက်ဆိုင်ရာ အပြောင်းအလဲများနှင့် ပတ်သက်၍ မစ္စတာ ခရော်လေက “လက်ရှိ နိုင်ငံရေး စိန်ခေါ်မှုတွေကို ထောက်ခြင်းအားဖြင့် ယူနီဖောင်းချွတ်ပြီး အရပ်သားအသွင်ပြောင်းမှုဟာ အဖြေမဟုတ်သေးပါဘူး” ဟု မှတ်ချက်ပေးသည်။

“မြန်မာပြည်မှာ နိုင်ငံရေး အခင်းအကျင်း ပွင့်လင်းဖို့ လိုပါတယ်။ တိုင်းရင်းသား အဖွဲ့များနဲ့ ညှိနှိုင်းဆွေးနွေးဖို့၊ အတိုက်အခံနိုင်ငံရေး ပါတီတွေရဲ့ ထိရောက်မှုနဲ့ အရေးပါမှုကို လမ်းဖွင့်ပေးဖို့နဲ့ မြန်မာ့ လူမှု အသိုက်အဝန်းထဲမှာ စစ်မှန်တဲ့ ယှဉ်ပြိုင်မှု ရှိဖို့ လိုနေပါတယ်” ဟု ခရော်လေက ဆက်လက်ပြောသည်။

အမေရိကန်က ထုတ်ဖော် ကန့်ကွက်သည့်တိုင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ အစိုးရများကမူ စစ်အာဏာပိုင်များကို တရားဝင် အရပ်သား အစိုးရအဖြစ် ရွေးကောက်ပွဲ အပြီးတွင် အသိအမှတ်ပြုမည့် အလားအလာ ရှိနေသည်။

ထိပ်ပိုင်းရာထူး အပြောင်းအလဲသတင်းများ ထွက်ပေါ်နေချိန်တွင် ဗိုလ်ချုပ်မှူးကြီးသည် တရုတ်နိုင်ငံသို့ စက်တင်ဘာလအတွင်း ၌ အလည်အပတ် သွားရောက်ရန်ရှိသည်ဟု အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေသည်။ ပြီးခဲ့သည့် ဇူလိုင်လ ကလည်း ဗိုလ်ချုပ်မှူးကြီးသည် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သေးသည်။

ဧရာဝတီ သတင်းထောက် Lalit K Jha နှင့် ဘကောင်းတို့ ပူးပေါင်းရေးသားသည်။

သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ

Monday, August 30, 2010 1:48 AM | Posted by Anonymous
ရဲဘော်ဖိုးသံချောင်း / ၃၀ သြဂုတ် ၂၀၁၀

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲတွေကနေပြီး ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲဆိုတာတွေကိုလည်း ပြောဆိုကြပါတယ်။ အတိုက်အခံတွေအနေနဲ့ကတော့ နအဖထဲမှာ ရာထူးအာဏာကြောင့်မို့ ကွဲလွဲမှုတွေဖြစ်လာမလား၊ ဂိုဏ်းဂဏတိုက်ပွဲတွေ ပြင်းထန်လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက်မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေတုန်းမှာ လွှဲပြောင်းပေးတယ်ဆိုတာဟာ မရှိသလောက် အဖြစ်အပျက်ပါ။ ဗိုလ်နေ၀င်းဟာ အသက် (၉၀) နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးက ဆောင့်တိုက်လိုက်တော့မှသာ တရားဝင်အာဏာကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ စွန့်လွှတ်တယ်ဆိုတာလည်း နောက်အာဏာရှင်တယောက်လက်ကို လွှဲခဲ့တာသာဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင်နေခဲ့ပါသေးတယ်။ အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည်အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြေပေးဖို့ လုပ်တာလို့တွက်ရင် မှားတယ်လို့ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဘက်ဘက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလိုခြေလှမ်းမျိုးကို လှမ်းတာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုးဆိုရင် ဘာမှမလုပ်ပါဘူး။ ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။ ဒီတော့ ထိုင်နေအကောင်းသား ထသွားမှ အကျိုးမှန်းသိတယ်ဆိုတာမျိုး ဖြစ်မယ့် ရွေးကောက်ပွဲမျိုးကို နအဖဗိုလ်ချုပ်တွေ မလုပ်တာသေချာပါတယ်။ ဒါတင်မက နအဖလုပ်နေပုံဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ တင်ခွင့်ရှိတဲ့ အမတ်နေရာ (၂၀) ရာခိုင်နှုန်းကိုပါ လက်ထဲက မလွတ်အောင် လုပ်နေတဲ့ပုံဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်လို့ ခါးတောင်းကျိုက်ထားသူကြီးတွေ တယောက်ပြီးတယောက် ဘေးထိုင်သွားအောင် လုပ်နေတာကြည့်ရင် ဒါကို အလွယ်နဲ့သဘောပေါက်နိုင်ပါတယ်။ အခုနောက်ဆုံးမှာတော့ ကိုယ့်ပြိုင်ဘက်လို့ ယူဆရသူတွေကို လောက်လေးခွနဲ့ တမင် ပစ်တဲ့အဆင့်ကိုတောင် ရောက်နေပါပြီ။ ဖဆပလခေတ်က ပြူစောထီး ပြန်လာနေပါပေါ့လား။

အလားတူပဲ အဲဒီရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်တဲ့ အခုစစ်တပ်ထိပ်ပိုင်း ကုလားဖန်ထိုးပွဲလည်း ဗိုလ်သန်းရွှေအနေနဲ့ မီးမသေရင်မလုပ်ပါဘူး။ အကုန် သူ့ခြေသူ့လက် ပြင်ဆင်ပြီးမှ လှမ်းတဲ့ခြေလှမ်းဖြစ်မှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင် လောကရဲ့ ထုံးစံအတိုင်း နံပါတ်တူးမထားတဲ့ နံပါတ်ဝမ်းရဲ့ စိတ်တိုင်းကျစီမံချက်ဖြစ်ပါတယ်။ အဲတော့ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်းအနေနဲ့ အဲဒီငကန်းနေရာ ငစွေနေရာယူတဲ့ကိစ္စမျိုးထဲမှာ မျောပါသွားလို့မဖြစ်ပါဘူး။ ဒီလောက်ရှင်းနေတဲ့ ကိစ္စမှာ နအဖစစ်အစိုးရကို ကြံဖန်အမှတ်ပေးချင်တဲ့ အရင်အမေရိကန်သံအရာရှိဟောင်းဆိုတဲ့ လူမျိုးကသာ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တာ၊ ပြောတာကို ကြားရ။ ဖတ်ရပါတယ်။ ဦးတင်ဦးလို ပုဂ္ဂိုလ်ပြောတာကို သတိထားနားထောင်ကြည့်ပါ။ စစ်အာဏာရှင်တွေအကြောင်းကို နောကျေနေတယ်လို့ ဆိုလောက်တဲ့သူက ဒါမျိုးတွေဟာ ဘာမှမဆန်းဘူး၊ ဘာမှတွက် မနေကြနဲ့လို့ ပြောသွားတာဟာ မှတ်သားစရာကောင်းလှပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေအားလုံး ဒီအစီအမံကို ကျေနပ်သဘောကျကြတယ်လို့တော့ အလွယ်ပြောလို့ မရပါဘူး။ မုချပဲ မကျေနပ်တာ၊ နာလိုခံခက်ဖြစ်တာတွေရှိမှာပါ။ ဒီတကွေ့မှာ နအဖစစ်အုပ်စု တခုလုံးအဖို့ကတော့ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင်ဖြစ်မှာပါ။ ဒါပေမယ့် ဒီထဲက တချို့သော ဗိုလ်ချုပ်တွေ တဦးချင်းအဖို့တော့ သူဌေးဖြစ်ခွေးဖြစ် ပုံအော ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကံမှောက်မှားလို့ ရွေးကောက်ပွဲမှာ မတော်တဆရှုံးသွားတဲ့ စစ်တပ်ထိပ်ပိုင်းတွေဟာ ဒီအရှုံးကို လက်သင့်ခံနိုင်ပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အမှန်ပါပဲ၊ အာဏာရဲ့အရသာကို မြိန်မြိန်ရှက်ရှက်ကြီး မှီဝဲဖူးထားကြသူတွေဖြစ်တဲ့အတိုင်း သူတို့ဟာ အာဏာဆိုရင် တိုးလို့သာရချင်မယ်၊ ရပြီးသားကို လက်မလွှတ်ချင်တာကတော့ အထူးပြောနေစရာမလိုပါဘူး။ သူတို့ဟာ ဦးပုညရေးသလိုပဲ အာဏာကလေး တရွေးလောက်ရှိရင် “အင်မတိအင်မတန်၊ စံချင်တိုင်းစံရတယ်” ဆိုတာကို ကောင်းကောင်းသိနေကြတယ်ဆိုတာကို ဗိုလ်သန်းရွှေအသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေအနေနဲ့ သူ့လူတွေအတွက် ခြေမမြဲလက်မြဲအောင် စီမံပေးထားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဒါတွေကြောင့် လက်ရှိအခြေအနေမှာ ဒင်းတို့တွင်း ပဋိပက္ခတွေဟာ ပြင်းထန်သဲသန်လာမယ့်၊ ပေါက်ကွဲထွက်လာမယ့် အနေအထားတော့ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။ တကယ်လို့ နအဖဗိုလ်ချုပ်တွေအတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အကျိုးစီးပွားတွေကြောင့် ကွဲကြတယ်ဆိုရင် ပြည်သူလူထုအတွက် အကျိုးရှိဖွယ်ရာသိပ်မမြင်ပါဘူး။ (ဒီလိုအဖြစ်ဟာ တချိန်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး) အဲဒီလို သူတို့ချင်း စစ်တပ်ကြီးတွေနဲ့ တိုက်ကြတယ်ဆိုရင် ဒါဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းရေးအတွက်ပဲဖြစ်မှာပါ။ ပြည်သူလူထုဟာ မြေဇာပင်အခန်းလောက်ပဲပါရမှာပါ။

ဖိနှိပ်တဲ့အုပ်စိုးသူရဲ့ စစ်တပ် ပြိုကွဲတယ်ဆိုတာမှာ အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ကြောင်း သမိုင်းအတွေ့အကြုံတွေအရ သိရပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုအတွက် အကျိုးအရှိနိုင်ဆုံးဟာ လူထုလှုပ်ရှားမှုရဲ့ဖိအားကြောင့် ကွဲထွက်ခြင်းမျိုးသာ ဖြစ်ပါတယ်။ ဒါကို ဗိုလ်နေ၀င်းကအစ ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာလည်း ကောင်းကောင်း နားလည်ရုံမက အစိုးရိမ်ဆုံးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံးတုန်းက ဗိုလ်နေ၀င်းက ဗိုလ်စောမောင်ကို အာဏာသိမ်းခိုင်းလိုက်တာဟာ သူတို့စစ်တပ်ထဲက တချို့လူထုတိုက်ပွဲထဲကို ပါဝင်လာတာ စပြီးတွေ့ရလာလို့ ဖြစ်ပါတယ်။ ဒါကိုတော့ သူတို့လုံးဝ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ အမြန်ဆုံး ဖြေရှင်းပစ်ကြပါတယ်။

အမှန်ကတော့ နအဖရဲ့တပ်မတော်ထဲမှာ အောက်ခြေတပ်မှူးတပ်သား အများစုကြီးဟာ သူတို့ရဲ့ထိပ်သီးတွေ လုပ်နေတာတွေကို ကျေနပ်ကြတာမဟုတ်ပါဘူး။ ကိုယ်ကအနာခံပြီး သူတို့ကအသာစံနေကြလို့ မကျေနပ်တာမျိုးရှိသလို နိုင်ငံရေးအရ လေးလေးနက်နက်သဘောပေါက်ပြီး တနေ့မှာ သမိုင်းတရားခံဖြစ်မှာကို မလိုလားသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တကယ်လို့သာ အခုအချိန်မှာ တပ်မတော်ထဲက ကွဲထွက်လာတယ်ဆိုရင် သူတို့ဟာ ဘယ်သူတွေနဲ့ ပေါင်းရမှာလဲ။ ရှစ်လေးလုံးတုန်းကတော့ လမ်းမပေါ်က လူထုတွေထဲ ၀င်ပေါင်းလို့ရပါရဲ့၊ အခုတော့ ဘာမှမရှိဘူးဖြစ်နေပါတယ်။ အဲဒီလို လက်တွဲစရာမမြင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေတို့လက်အောက်ကနေ အုံနဲ့ကျင်းနဲ့ ခွာထွက်လာဖို့ဆိုတာ မလွယ်သေးပါဘူး။

ပြန်ချုပ်လိုက်ရင် အတိုက်အခံတွေအဖို့ ဘောလုံးဟာ ကိုယ့်ကွင်းဘက်မှာပဲ ရှိနေပါတယ်။ ကိုယ်ကဘာမှမလုပ်ဘဲ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ပြိုပျက်သွားမှာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်ရှေ့က အမှိုက်ပုံကြီးဟာ တယောက်ယောက်က မဖယ်ရှားရင် ပျောက်မသွားဘူးဆိုတာလိုပါပဲ။

အကျဉ်းကျများ လွှတ်ပေးတော့မယ်လို့ ထောင်အာဏာပိုင်တွေပြော

Monday, August 23, 2010 9:01 PM | Posted by Anonymous
အကျဉ်းကျများ လွှတ်ပေးတော့မယ်လို့ ထောင်အာဏာပိုင်တွေပြော

2010-08-23 RFA


(သီတဂူဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရ)

ထောင်ကျခံနေရတဲ့ အကျဉ်းသားတွေ ကို လွှတ်ပေးဖို့ အကျဉ်းဦးစီးဌာန အာဏာပိုင်တွေ စီစဉ်နေတယ်လို့ သီတဂူဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရ က RFA ကို မိန့်ကြားပါတယ်။

သပိတ်အိုင်ဆရာတော် ဦးဥာဏိဿရ ဟာ သြဂုတ်လ ၂၁ ရက်၊ စနေနေ့က အင်းစိန်ထောင်တွင်းက အကျဉ်းသား ၉ ထောင့် ၇ ရာကျော်ကို တရား ဟောကြားခဲ့ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ်ရှိကြောင်း ထောင်အာဏာပိုင်တွေက ဆရာတော်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆရာတော် ဦးဥာဏိဿရက မိန့်ပါတယ်။

“လွတ်ဖို့အစီအစဉ် ရှိတယ်လို့ ပြောတယ်။ လျှော့ရက်တွေ အများကြီး ရနိုင်တယ်ဆိုတာ ငါက ဟောတယ်။ တရားပွဲပြီးတော့ ငါက ထောင်က အရာရှိကြီးတွေကို မေးတယ်။ ခင်ဗျားတို့ လျှော့ရက်ကလေး ဘာလေး ပေးပြီးတော့ ထောင်သားတွေ လွှတ်လိုက်ရင်ကောင်းမှာ ဆိုတော့ လွှတ်ဖို့ အစီအစဉ် ရှိတယ်တဲ့၊ တရားပွဲပြီးရင် တပည့်တော်က သူတို့ကို သက်တောင့်သက်တာနဲ့ လွှတ်မယ့် ပုဂ္ဂိုလ်တွေ အများကြီး အခု ရွေးနေပြီတဲ့”

အကျဉ်းသား အရေအတွက် ဘယ်လောက် လွှတ်ပေးမယ်၊ ဘယ်တော့ လွှတ်ပေးမယ်၊ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ပါမယ် စတဲ့ အသေးစိတ်တွေကိုတော့ အင်းစိန်ထောင် ညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့ကိုလည်း ထောင်အာဏာပိုင်တွေကို အလေးထားမှာကြားခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

သီတဂူ ဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရဟာ အမေရိကန် အပါအ၀င် ကမ္ဘာတလွှားမှာ သာသနာပြု လုပ်ငန်းတွေကို ကြိုးပမ်း ဆောင်ရွက်နေတဲ့အပြင် မြန်မာနိုင်ငံ တ၀ှမ်းမှာ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ လူမှုရေး ပရဟိတ လုပ်ငန်းတွေ အမြောက်အမြား လုပ်ဆောင်နေပါတယ်။ အခု အင်းစိန်ထောင်က အကျဉ်းသားတွေကို တရားချီးမြှင့်ပြီးတဲ့နောက် နေ့လည်စာနဲ့ ညစာ ထမင်း (၂) နပ် ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

“နေ့လည်စာ ဒံပေါက်ထမင်း ကျွေးတယ်။ ညစာကျတော့ ကြက်သားကြော်နဲ့ ထမင်းကျွေးတယ်။ ငါးပိကြော်၊ ငါးခြောက်ကြော်၊ သရက်သီးသနပ်၊ ပဲခြမ်းကြော် ဘာညာ စားစရာအားလုံး၊ ပန်းသီးတွေ သရက်သီးတွေ။ ထောင်က အကုန်လုံး ဝိုင်းလုပ်ပေးတယ်”

ဆရာတော်ဟာ အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေကို ကျွေးမွေးတာ၊ တရားဟောတာ အခုအကြိမ်နဲ့ပါ ဆိုရင် (၄) ကြိမ် ရှိသွားပြီလို့ သိရပါတယ်။

အနာဂတ်သစ် ဂျာနယ်

Wednesday, August 18, 2010 9:30 PM | Posted by Anonymous

Tila Tequila - Hot for Teacher - Myanmar Burma It Can't Wait

Sunday, August 8, 2010 9:48 AM | Posted by Anonymous

Jim Carrey - Call to Action on Burma and Aung San Suu Kyi

9:46 AM | Posted by Anonymous

Black Eyed Peas dedication to Aung San Suu Kyi

9:37 AM | Posted by Anonymous

ရှစ်လေးလုံး အဓိဌာန်

9:11 AM | Posted by Anonymous

ထွက်ပေါက်မဟုတ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရန် ပြောကြပြီ

Saturday, August 7, 2010 3:07 AM | Posted by Anonymous

မြင့်မောင် | သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ”အကြမ်းဖက်” ဟု ခေါ်ဝေါ်လိုက်ပြီး ဒီမိုကရေစီ လိုလားသူတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြည်တွင်းရှိ သံဃာ့အဖွဲ့ကြီးနှင့် ကျောင်းသားအဖွဲ့များက တိုက်တွန်းလိုက်သည်။

မြေအောက် လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးတွဲကြေညာချက်တွင် စစ်အစိုးရသည် ” အကြမ်းဖက်ဝါဒီ ကြံ့ဖွံ့ပါတီကို အပြတ်အသတ် မဲအနိုင်ရစေရန် ပြောင်ပြောင်တင်းတင်း ဘက်လိုက်ကာကွယ် ပံ့ပိုးပေးနေသည်” ဟု ရေးသားထားသည်။

“ တရားမဝင်တဲ့ စစ်အစိုးရကို တရားဝင်တဲ့ စစ်အစိုးရဖြစ်အောင် လုပ်တဲ့ပွဲလို့ မြင်တယ် ” ဟု စစ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းမှ ရှောင်တိမ်းနေရင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်ဆင့်က မဇ္ဈိမကို ဆက်သွယ်ပြောကြားသည်။

အလားတူပင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူ အရှင်ဦးကုမာရက “ဒီဟာတွေက မတရားဘူးလို့ ပြည်သူလူထု သိအောင် ချပြပြောဆိုမယ်။ ပြည်သူလူထုကို တတ်နိုင်သလောက် ချဉ်းကပ်ပြီးတော့ မဲမထည့်အောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု မဇ္ဈိမကို မိန့်တော်မူသည်။

သဘောထား ပြတ်သားသော ယခုအဖွဲ့များက ရွေးကောက်ပွဲဝင်ခြင်းဖြင့် နိုင်ငံရေး ဂွင်ကျယ်လာနိုင်သည်ဟု အယူရှိသူများကိုလည်း စိတ်ယူးယဉ်မှုဟု ပြစ်တင်လိုက်သည်။

” ပြောင်းမရ ပြင်မရသော ဖွဲ့စည်းပုံကို အသက်သွင်းပြီးကာမှ လွှတ်တော်ထဲကနေ ဝင်ပြင်မည်ဟု ပြောနေခြင်းသည် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နေလိမ့်မည်။ သင်တို့၏ စိတ်ကူးဖဲဝိုင်းထဲတွင် တိုင်းပြည်၏ ကံကြမ္မာကို လောင်းကြေးမထပ်သင့်ပေ” ဟု ကြေညာချက်တွင် ပါရှိသည်။

ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့တခုဖြစ်သည့် လူ့ဘောင်သစ်ပါတီ DPNS ကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပြန်သည်။

“လက်ရှိ ရွေးကောက်ပွဲ ဥပဒေကို ကြည့်မယ်ဆိုရင် ဒီဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကုန်လုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ကြိုးစားမှုတခု ဖြစ်တယ်။ ဒီနိုင်ငံရေးပါတီတွေအနေနဲ့ မပူးပေါင်းဖို့ လိုသလို ပြည်သူလူထုကလည်း မပူးပေါင်းဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောသည်။

ယနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က စာမျက်နှာ ၄၄ မျက်နှာပါ ’’၈၈ လူထုအသံ’’ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး စာအုပ်၏ ရှေ့မျက်နှာဖုံးတွင် ’’လူထုအမှန် ပဲ့တင်သံ ရှစ်ဆယ့်ရှစ်အသံ’’ ဆောင်ပုဒ်ကို ရေးသားထားသည်။

ထိုစာအုပ် အဖွင့်စကားကို ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် ပြောရေးဆိုခွင့်ရှိသူ ခေါင်းစဉ်ဖြင့် ရေးသားသည်။ စစ်အစိုးရက လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်ချုပ်ချယ်ပြီး စည်းကမ်းပြည့်ဝသော နာမဝိသေသန ထည့်ကာ ဒီမိုကရေစီကို ပုံဖျက်ထားကြောင်းနှင့် ရဲဝံ့စွာ ပြောဆိုရေးသားနေသူများသည် ထိုခေတ် ထိုလူ့ဘောင်၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နေကြောင်း ဆိုထားသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ လမ်းပေါ်ထွက်ကာ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ သို့သော် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း သြဇာခံ သမ္မတဦးစိန်လွင်က စစ်တပ်ကို အသုံးပြုကာ ပစ်ခတ်နှိမ်နင်းသဖြင့် ဆန္ဒပြသူ ၃ဝဝဝ ခန့် သေဆုံးကာ ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။