ခင်မောင်တိုး (ကြိုးကြာသံ)

Thursday, July 15, 2010 5:39 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ပြန်လွတ်

4:39 AM | Posted by Anonymous
ဧရာဝတီ Thursday, July 15, 2010

ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းခဲ့ဖူးသူ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသော ဦးဝင်းထိန်ကို စစ်အစိုးရက စစ်ကိုင်းတိုင်း ကသာ အကျဉ်းထောင်မှ ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း မိသားစုဝင်များနှင့် လူ့ အခွင့်အရေး လှုပ်ရှားနေသူများက ပြောသည်။

[ဦးဝင်းထိန်]

ဦးဝင်းထိန် “ကသာ ထောင်ကနေ လွတ်လာပြီလို့ သိရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ရှိ မိသားစုဝင်များက ထောင်မှ ပြန်လည် လွတ်မြောက် လာသော ဦးဝင်းထိန်သည် ၎င်း၏ အိမ်သို့ ယခု အချိန်အထိ ပြန်ရောက် မလာ သေးကြောင်း ပြောဆိုသည်။

ဗိုလ်ကြီး ဟောင်းလည်း ဖြစ်သော အသက် ၆၉ နှစ်အရွယ်ရှိ ဦးဝင်းထိန်သည် ၁၉၉၆ ခုနှစ်တွင် ပြည်ပ သတင်းမီဒီယာ သမားများကို သတင်း အမှားများ ပေးသည် ဟူသော စွဲဆိုချက်ဖြင့် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၀၁၀ ရွေးကောက်ပွဲ အတွက် နိုင်ငံတော် အကျိုးကို ထမ်းဆောင်နိုင်ရန်ဟု ဆိုကာ အကျဉ်းသား ၉၀၀၂ ဦးကို စစ်အစိုးရက လွှတ်ပေးရာတွင် ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။

ထိုစဉ်က ဦးဝင်းထိန် လွတ်မြောက်လာသော်လည်း ကသာမြို့ရှိ တည်းခိုခန်းတခု၌ တည်းခိုနေစဉ် အာဏာပိုင်များ၏ ထပ်မံ ဖမ်းဆီး ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးခြင်း၏ အကြောင်းအရင်းကိုမူ မသိရှိရပေ။

၁၉၈၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော လူထု အုံကြွမှုတွင် ဦးဝင်းထိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

၎င်းသည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင် ၅ နှစ်ကြာ စစ်မှုထမ်း ခဲ့ပြီးနောက် တပ်တွင်း၌ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုကာ တပ်မှ ထွက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာ၏ ဖခင်ကြီး ကဗျာဆရာကြီး စာရေးဆရာကြီး ဦးနန်းညွန့် ဆွေ (ခ) ဦးအောင်သိန်း - အသက် (၈၇) နှစ်သည် ယနေ့  ညနေ (၅) နာရီတွင် ကွယ်လွန်

Wednesday, July 14, 2010 5:13 AM | Posted by Anonymous
(သတင်းရင်းမြစ်- ကိုနစ်နေမန်း)

ကိုဇာဂနာ၏ ဖခင်ကြီး ကဗျာဆရာကြီး စာရေးဆရာကြီး ဦးနန်းညွန့် ဆွေ (ခ) ဦးအောင်သိန်း - အသက် (၈၇) နှစ်သည် ယနေ့  ညနေ (၅) နာရီတွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားအပ်ပါတယ်။
































ကြွင်းကျန်ရစ်သော ရုပ်ကလပ်အား မနက်ဖြန် နံနက် (၁၁း၀၀) နာရီတွင် ရေဝေးသုဿန်၌ သဂြိုလ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းလိုရင် မြန်မာ့နိုင်ငံရေး ပြောင်းလဲရမည်

Tuesday, July 13, 2010 7:26 AM | Posted by Anonymous

မူရင်း (ဗွီအိုအေ-မြန်မာပိုင်း)


မြန်မာစစ်အစိုးရ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်ရင် မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိဖို့ လိုမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ လက်ရှိအားဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပါအ၀င် မြန်မာ့နိုင်ငံရေး အခြေအနေတွေ အပေါ်မှာ အမေရိကန် ပြည်ထောင်စုဘက်က စိတ်ပျက်နေပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအပေါ် အထီးကျန် ပိတ်ဆို့ထားတာမျိုး သက်သက်နဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးသွားဖို့ ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒအသစ်ဟာ အဓိက ဆိုလိုရင်းကတော့ မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ရေးပဲလို့ သူက ပြောသွားပါတယ်။

“နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ အထီးကျန် ဖြတ်တောက်ထားတာကလည်း အလုပ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာတာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေ ဘယ်တော့ ထပ်ဖြစ်မလဲ ဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး။ ဒါပေမဲ့ အခုအချိန်အထိ စစ်အစိုးရ တုံ့ပြန်မှုတွေမှာတော့ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ စိတ်ပျက်စရာတွေပါပဲ။ ဒါဟာ အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးသွားတာပါ။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားမှာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲ တခုခုဖြစ်ဖို့ မျှော်မှန်းတယ်ဆိုရင် ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ ဆွေးနွေးသွားမှာပါ။”

အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ပြည်တွင်း အဓိက နိုင်ငံရေး အင်အားစုတွေနဲ့ စစ်အစိုးရက ဆွေးနွေးသွားဖို့ အမေရိကန် ပြည်ထောင်စုဘက်က အမြဲ တိုက်တွန်း နားချနေတယ်လို့လည်း ပီ.ဂျေ ခရော်လီက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ ထိစပ် ဆက်ဆံမှုတွေ ဆက်လုပ်သွားမှာပါ။ ဒီအတွက် ကျနော်တို့ စိတ်ဝင်တစား ရှိတာကြောင့်ပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဖြစ်လာစေဖို့ ကိုယ့်နိုင်ငံတွင်းက အဓိက အုပ်စုတွေကို လမ်းဖွင့်ပေးပြီး ပိုပြီး ထိစပ် ဆွေးနွေးတာမျိုး ပိုလုပ်သင့်တယ်လို့ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့တိုင်း ဒီကိစ္စကို ကျနော်တို့ ဆက်ပြီး ပြောသွားမှာပါ။”

အခုလို မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးသွားနိုင်ဖို့ အမေရိကန် ပြည်ထောင်စုက ကြိုးပမ်းနေချိန်မှာပဲ တဘက်မှာ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို သက်တမ်းတိုး ချမှတ်နေတုန်းပါ။ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အများက လက်ခံယုံကြည်နိုင်မှု မရှိတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲဝင်အချို့ အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီထောင်တဲ့ ဆုံးဖြတ်ချက် အပေါ်မှာ လေးစား အသိအမှတ်ပြုပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားကတော့ မပြောင်းလဲပါဘူး။

“ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကျနော်တို့ စိုးရိမ်ပူပန်မှုတွေက မပြောင်းလဲပါဘူး။ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ချို့ယွင်း အားနည်းမှုတွေ ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်ဟောင်းတွေ အခုလို ရွေးကောက်ပွဲဝင်ဖို့ အဆုံးအဖြတ်ကိုလည်း အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့လည်း အခု မြန်မာနိုင်ငံမှာ လုပ်မယ့် ဒီလုပ်ငန်းစဉ်တွေဟာ နည်းနည်းလေးတောင် လွတ်လပ်မျှတပြီး လက်ခံယုံကြည်နိုင်တဲ့ တရားဝင်မှု ရလဒ် ဖြစ်လာမယ်လို့တော့ ကျနော်တို့ မျှော်လင့်မထားပါဘူး။”

အမေရိကန် ပြည်ထောင်စု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး မြန်မာအာဏာပိုင်တွေ၊ အတိုက်အခံ ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲတဲ့ လက္ခဏာတော့ မတွေ့ရဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ပြည်ထောင်စုဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နောက်ထပ် စိုးရိမ်ပူပန်နေတဲ့ အချက်က မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံနေတဲ့ ကိစ္စပါ။ မြောက်ကိုရီးယားနိုင်ငံဟာ စစ်လက်နက်ပစ္စည်းတွေ၊ အထူးသဖြင့် နျူကလီးယားနဲ့ ဒုံးကျည်ဆိုင်ရာ နည်းပညာ ပစ္စည်းတွေ မြန်မာနိုင်ငံကို လျှို့ဝှက် ရောင်းချနေတယ်လို့ နိုင်ငံတကာမှာ သံသယ ဖြစ်နေကြပါတယ်။ အကယ်၍ အဲဒီလို ဆက်ဆံမှုမျိုးရှိရင် ဒါဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာ ဖြစ်လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု ဘက်ကတော့ မြန်မာနိုင်ငံကို သတိပေးထားပါတယ်။

ဒါကြောင့်လည်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို အထူးဂရုပြု အနီးကပ် စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ အထူးကိုယ်စားလှယ်ထားရေး ကိစ္စကတော့ အခုအချိန်အထိ မကြေညာနိုင်သေးဘူးလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက သတင်းထောက်တွေကို ဖြေဆိုခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာကျောင်းသူ ၇ ဦး- ဗမာပြည်အတွက် ပြေးမည်

6:02 AM | Posted by Anonymous
မူရင်း (မိုးမခ)

ဗမာပြည်အတွက် ပြေးမည် - ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာကျောင်းသူ ၇ ဦး
မိုးမခအထောက်တော် ၀၀၂
ဇူလိုင် ၁၃၊ ၂၀၁၀
နှစ်စဉ် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပနေကျဖြစ်သည့် Charity Marathon (အလှူဒါန ပြေးကြသူငှာ) ပွဲတော်တွင် အလှူရှင်အဖွဲ့အစည်းများ၏ ထည့်ဝင်မှု၊ လုပ်အားပေး စေတနာရှင်များ၏ ပါဝင် ရိုင်းပင်းဆောင်ရွက်မှုတို့ဖြင့် အမေရိကန်နှင့် နိုင်ငံတကာက စေတနာ့ဝန်ထမ်းလုပ်ငန်းများအတွက် အလှူငွေများ ရရှိစေရန်အတွက် မာရသွန်ပြေးပွဲများကို ကျင်းပလေ့ရှိသည်။
ယခုနှစ်တွင် မြန်မာကျောင်းသူ ၇ ဦးကလည်း Charity Marathon ၏ ကဏ္ဍတခုဖြစ်သော Run for Burma အတွက် ရန်ပုံငွေများ ရရှိစေရန် ၃ မိုင်ခရီးတာ ၀င်ရောက် ပြေးကြမည်ဟု သိရှိရသည်။ ၎င်းတို့အနက် ၁ ဦးမှာ မနှစ်ကတည်းက မာရသွန်တ၀က် (၁၃ မိုင်) ခရီး - မြန်မာပြည်အတွက် ပြေးခဲ့ပြီး ဖြစ်သည်။ ယခုနှစ်တွင်လည်း အဆိုပါ မြန်မာကျောင်းသူက မာရသွန်တ၀က် ထပ်ပြေးဦးမည် ဖြစ်သည်။ Albany High School သို့ တက်ရောက်တော့မည့် ဟန်စုယဉ်က သူမသူငယ်ချင်း ၆ ဦးကို ယခုနှစ် ၃ မိုင် ခရီးတိုဖြင့် ဗမာပြည်အတွက် ပြေးကြရန် ကြိုတင်လေ့ကျင့်ခန်းများ ညွှန်ကြားပေးနေသည်ဟု သိရသည်။
ဗမာပြည်အရှေ့ခြမ်း နယ်စပ်ဒေသများတွင် ဆေးကျောပိုးအိတ်များနှင့် စေတနာဝန်ထမ်း စောင့်ရှောက်ကူညီမှုများ ပြုလုပ်နေသော Burma Humanitarian Mission (BMH) အသင်းက အထက်ပါ Charity Marathon ပွဲတော်တွင် Run for Burma ရန်ပုံငွေလှုပ်ရှားမှု ပြုလုပ်ခြင်း ဖြစ်ပြီး၊ ထိုလှုပ်ရှားမှုတွင် ဘေးဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူအဖွဲ့တခုဖြစ်သော BADA က ၀ိုင်းဝန်းသည်ဟု သိရသည်။
ယခုနှစ် ၃ မိုင် ပြေးပွဲတွင် ပါဝင်ကြသည့် မြန်မာကျောင်းသူများမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာတွင် နေထိုင်ကြသော မြန်မာမိသားစုများမှ ဖြစ်သည်။ ၎င်းတို့သည် သူငယ်ချင်း အစုအဝေးဖြင့် လှုပ်ရှားဆောင်ရွက်ရခြင်းကို ပျော်ရွှင်ကြောင်း၊ ဘေးဧရိယာတ၀ိုက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ၏ ပွဲတော်များတွင် တေးသီချင်းယိမ်းအကတို့ဖြင့် ပါဝင် ကပြဖျော်ဖြေလေ့ရှိကြောင်း၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်၏ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းတို့ကို ငယ်စဉ်ကလေးဘ၀ကတည်း တက်ရောက်လေ့ရှိကြောင်း၊ လွန်ခဲ့သည့်လ နာရေးကူညီမှုအသင်း (ရန်ကုန်) ရေအလှူအတွက် ဈေးရောင်းပွဲတော်တွင်လည်း ၎င်းတို့၏ မိဘများအကူအညီနှင့် အအေးစုံရောင်းချပြီး လုပ်အားပေးအလှူပြုခဲ့ကြကြောင်း သိရှိရသည်။
ယခုတခေါက် ဗမာပြည်အရေး ကူညီမှုတစုံတရာဖြစ်စေရန်အတွက် အပြေးပွဲတော်တွင် ပါဝင်ဆင်နွှဲရသည့်အတွက် သူတို့အနေနှင့် တက်ကြွ ပျော်ရွှင်လျက် ရှိသည်ဟု မိုးမခသို့ ပြောကြားသည်။
“သူတို့ပျော်တဲ့အထဲမှာ ဗမာပြည်အတွက် ပြေးရတာလည်း ပါတယ်။ သူတို့အုပ်စုလိုက် လှုပ်ရှားမှုကို မိဘတွေက ၀ိုင်းပြီး အားပေးရတဲ့အတွက် သူတို့ စားချင်တာတွေကို မိဘတွေက ငြင်းလို့ မရတော့တာလည်း တကြောင်းပေါ့” ဟု မိဘတဦးက ရယ်ရယ်မောမောနှင့် ပြောသည်။
(ဓာတ်ပုံစာ - ဘယ်မှ ညာ - သဇင်မေနိုင် (Sunnyvale Middle School, Sunnyvale)
ဟန်စုယဉ် (Albany High School, Albany) ။ မြယမုံသော် (Dartmouth Middle School, San Jose)
ပန်းသီရိစံ (Irvington High School, Fremont) ။Jessica ( Horner Middle School, Fremont)
Jennifer (Irvington High School, Fremont) ။ ပွင့်ဖြူနန္ဒာ (A.P. Giannini Middle School, San Francisco))

သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံကုမ္မဏီများ

5:46 AM | Posted by Anonymous

မူရင်း (ဗွီအိုအေ-မြန်မာပိုင်း)

ဒီမိုကရေစီရေးရာ

မြန်မာစစ်အစိုးရဟာ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရောင်းချရတဲ့ ဝင်ငွေတွေကို နိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး စတဲ့ အကျိုးပြုလုပ်ငန်းတွေမှာ အသုံးမပြုဘဲ စစ်အစိုးရ အာဏာတည်မြဲရေးလုပ်ငန်းတွေမှာပဲ အသုံးပြုနေတယ်လို့ Earth Rights International လို့ခေါ်တဲ့ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ပြင်သစ် Total ရေနံကုမ္မဏီ၊ အမေရိကန် Chevron ကုမ္မဏီ နဲ့ ထိုင်းနိုင်ငံရဲ့  PTTEP ကုမ္မဏီတို့နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရတနာဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းမှာ လက်ရှိအချိန်အထိ ရရှိခဲ့ပြီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ လောက်ဟာ ပြည်တွင်းကို မရောက်ရှိဘဲ စင်္ကာပူနိုင်ငံ ဘဏ်တိုက်တွေကို လွှဲပြောင်းထားရှိကြောင်း။ ဒီငွေတွေဟာ စစ်အစိုးရရဲ့  နျူကလီးယား စီမံကိန်းကို အထောက်အကူဖြစ်နိုင်ကြောင်း Earth Rights International အဖွဲ့က ပြောဆိုပါတယ်။ ဒီအဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တာဝန်ခံ ဦးနိုင်ထူး ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။



ဦးနိုင်ထူး ။ ။ ကျနော်တို့ အတိအကျ ပြောလို့ရတာတခုရှိတာကတော့ ၂၀၀၈ အတွင်းမှာ စစ်အစိုးရက (၁) ဘီလီယံနီးပါး ရခဲ့တယ်။ ရတနာ သဘာဝဓါတ်ငွေ့ဂတ်စ် နဲ့ ရတဲ့ ပိုက်ဆံ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တုန်းက ဂတ်စ်နှုန်းနည်းပြီး နောက်ပိုင်း ဂတ်စ်ဈေးတွေ တက်သွားတဲ့အတွက်ကြောင့် သူတို့ဝင်ငွေတွေ ပိုများလာခဲ့တယ်။ စပြီးရောင်းတဲ့အချိန်နဲ့ အခုအချိန်အထိ အားလုံးပေါင်းလိုက်မယ်ဆိုရင် မြန်မာစစ်အစိုးရရတဲ့ ဝင်ငွေက ၄.၅ ဘီလီယံကျော် ရခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက သဘာဝဓါတ်ငွေ့ ထုတ်လုပ်တဲ့နေရာမှာ ရတနာ နဲ့ ရခိုင်ဘက်မှာရှိတဲ့ ရွှေသဘာဝဓါတ်ငွေ့တို့က ရတယ်လို့ ဆိုလိုတာလား။

ဦးနိုင်ထူး ။ ။ မဟုတ်ဘူး။ အခု ကျနော်တို့ ပြောနေတဲ့တခုက ရတနာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတခုထဲပါ။ ရွှေ သဘာဝဓါတ်ငွေ့ က မပါသေးဘူး။ နောက်ပြီး ရဲတခွန်လည်း မပါသေးဘူး။ ရတနာ သဘာဝဓါတ်ငွေ့တခုတည်းကို ပြောနေတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ရွှေသဘာဝဓါတ်ငွေ့ နဲ့ ရဲတခွန်တို့ က မထွက်သေးဘူးလား။

ဦးနိုင်ထူး ။ ။ ရဲတခွန်တော့ ထွက်ပြီ။ ဒါပေမဲ့ ကျနော်တို့ရဲ့  အဓိက focus ဖြစ်တာကတော့ ရတနာ ဖြစ်တယ်။ ရွှေကြတော့ မရောင်းရသေးဘူး။ ရွှေကြတော့ အခုမှ စတင် ဆောက်လုပ်နေဆဲ အနေအထားမှာ ရှိနေတုန်းပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ရတနာတခုတည်းကို ပြောတယ်ဆိုရင် ရတနာသဘာဝဓါတ်ငွေ့ က လုပ်နေတာက ၁၉၉၈ ခုနှစ်လောက်ကတည်းက လုပ်နေတယ်ဆိုတော့ သူတို့နဲ့တွဲပြီး လုပ်နေတာကလည်း ပြင်သစ် Total ကုမ္မဏီ၊ Chevron ကုမ္မဏီ နဲ့ ထိုင်းနိုင်ငံရဲ့  PTTEP ကုမ္မဏီတွေက မြန်မာစစ်အစိုးရနဲ့ အရောင်းအဝယ် ဘယ်လောက်ရှိသလဲဆိုတာ တရားဝင် ထုတ်ပြန်ချက်တွေ မရှိဘူးလား။

ဦးနိုင်ထူး ။ ။ သူတို့အနေနဲ့ တရားဝင် ထုတ်ပြန်ထားတာတော့ မရှိပါဘူး။ အမှန်မှာကြတော့ ဒီပိုက်လိုင်း စီမံကိန်းတွေက ၉၈ က စပြီးတော့ ဂတ်စ် တွေကို ရောင်းဖို့ ပြောထားတာပါ။ ဒါပေမဲ့ ၉၈ မှာကြတော့ ထိုင်းဘက်မှာ လျှပ်စစ်စက်ရုံက မပြီးသေးတော့ နှစ် ၂၀၀၀ မှ စခဲ့တယ်။ အဲဒီအချိန်မှ ဂတ်စ် တွေကို ပို့ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ အခုပြောနေတဲ့ revenue transparent လုပ်ဖို့ဆိုရင် ၉၂ တည်းက စီမံကိန်း စလုပ်ပြီး အစိုးရနဲ့ ညှိနှိုင်းတဲ့အချိန်ကတည်းကစပြီး အဲဒီအချိန်အထိ ကျနော်တို့က ပြန်လည်ကြည့်ချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို စပြီးညှိနှိုင်းအချိန်ကတည်းက မြန်မာစစ်အစိုးရကို စာချုပ်တွေ စာတမ်းတွေအတွက်ကို ငွေတွေ ကြိုပေးနေရတဲ့သဘောပေါ့။

ဦးနိုင်ထူး ။ ။ ဟုတ်ပါတယ်။ ဆောက်လုပ်ရေးအတွက်ဖြစ်ဖြစ် သူတို့ခေါ်တဲ့ liability တို့ - မှာ အများကြီး ပေးရတယ်။ ထုတ်လုပ်နေတဲ့ အချိန်မဟုတ်သေးပေမဲ့ စပြီးစလုပ်နေတဲ့အချိန် exploration စလုပ်နေတဲ့အချိန်ကပေါ့။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရက ရရှိတဲ့ ဝင်ငွေဟာ ဦးနိုင်ထူး ပြောတဲ့အတိုင်းဆိုရင် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ လောက်ရှိတယ်။ ဟုတ်လား။

ဦးနိုင်ထူး ။ ။ ဟုတ်ကဲ့ ဒါကတော့ ဘယ်လိုပြောမလဲ ဒီအားလုံးက အစိုးရရတာ နှစ်ခု ရှိပါတယ်။ တခုက ငွေသားနဲ့ ရတာရှိတယ်။ နောက်တခုက cash တို့ ဖြစ်တယ်။ ငွေသားနဲ့ ရတာက ၄.၅ ဘီလီယံကျော် ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ၄.၅ သန်းဆိုတာက မြန်မာအစိုးရရဲ့  ဘဏ်တိုက်တွေထဲကို တိုက်ရိုက် direct ရောက်ရှိသွားတဲ့ ငွေတွေလို့ ဆိုချင်တာလား။

ဦးနိုင်ထူး ။ ။ ကျနော်တို့ သိသလောက်ဆိုရင် ဒီငွေတွေ အတော်များများက ဗမာအစိုးရရဲ့  ဘဏ်တိုက်ထဲကို ပြန်မဝင်သွားဘဲ စင်္ကာပူကို သွားနေတာကို မြင်တွေ့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ IMF ထဲမှာ ငွေတွေက ဗမာပြည်ထဲကို ပြန်မရောက်ဘူးဆိုတာကို တွေ့ရတယ်။ သူတို့ ဗမာပြည်ထဲကို ရောက်တဲ့ငွေ ဒေါ်လာငွေ (၆) ကျပ်နဲ့ ပြန်တွက်လိုက်တော့ ၄.၅ ဘီလီယံလောက်က ပျောက်နေပြီးတော့ ၃ သန်းလောက်သာ ဒီအထဲကို ပြန်ဝင်လာတာကို တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နိုင်ငံရပ်ခြားက ရတဲ့ဒေါ်လာငွေတွေကို ဗမာအစိုးရအနေနဲ့က တစ်ဒေါ်လာကို ခြောက်ကျပ်နှုန်းနဲ့ စာရင်းပြပြီးတော့ ဗမာပြည်ထဲကို ရောက်တဲ့ငွေက နည်းနည်းပဲရှိမယ်။ ကျန်တဲ့ ပိုလာတဲ့ငွေတွေကြတော့ နိုင်ငံရပ်ခြား စင်္ကာပူမှာရှိတဲ့ ဘဏ်တွေမှာ သီးသန့်စုဆောင်းထားတယ်လို့ Earth Rights International က စွပ်စွဲထားတာပေါ့။

ဦးနိုင်ထူး ။ ။ ဟုတ်ကဲ့ အဲဒါ ကျနော်တို့ ရှာဖွေတွေ့ရှိထားတဲ့ အရပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ အထောက်အထားတွေက ဘယ်လောက်အထိ ခိုင်မာပါသလဲ။ ကျနော်တို့ ကြားသလောက်ကတော့ စင်္ကာပူဘဏ်တွေကလည်း သူတို့အနေနဲ့ ဒီဗမာစစ်အစိုးရနဲ့ ဘဏ်စာရင်း ဖွင့်ပေးထားတာ မရှိပါဘူးလို့ ငြင်းဆိုထားတာတွေ ရှိနေတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘာများ နောက်ထပ်အထောက်အထားတွေ ရှိနေသေးသလဲ။

ဦးနိုင်ထူး ။ ။ ဟုတ်ကဲ့ ကျနော်တို့ဆီမှာတော့ ဒီအပြင် အထောက်အထားရှိတယ်ဆိုတာကို confidential statement ဖြစ်နေတယ်။ ပြီးတော့လည်း ကျနော်တို့ စင်္ကာပူအစိုးရ ကို ပြောထားတာက ဒီ ဂတ်စ် သဘာဝဓါတ်ငွေ့က ရတဲ့ငွေတွေက စင်္ကာပူဘဏ်ထဲကို ရောက်သွားတယ်လို့ ပြောတဲ့အချိန်မှာ မြန်မာပြည်အစိုးရအမည်နဲ့ ဝင်တယ်ဆိုတာတော့ ပြောထားတာ မရှိပါဘူး။ ဒီငွေတွေက အစိုးရအမည်နဲ့ ဝင်မထားဘဲ တသီးပုဂ္ဂလိက အမည်တွေနဲ့ ဝင်ထားတဲ့အတွက်ကြောင့် စင်္ကာပူဘဏ်တွေ ငြင်းသလို သူတို့က အစိုးရအမည်နဲ့ သွားထည့်ထားတယ်လို့ ပြောတာ မရှိဘူး။ သေချာတာ တခု ကျနော်တို့ဆီမှာ ထုတ်ဖော်ပြောလို့မရတဲ့ အထောက်အထားတွေက ကျနော်တို့မှာ သက်သေအခိုင်အမာနဲ့ ပြောထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု စွပ်စွဲချက်ထဲမှာက Earth Rights International ရဲ့  စွပ်စွဲချက်ထဲမှာက မြန်မာစစ်အစိုးရက သဘာဝဓါတ်ငွေ့ စီမံကိန်းတွေကရတဲ့ အမြတ်အစွန်းတွေကို နိုင်ငံတော်ဘတ်ဂျက်ထဲကို မထည့်သလို တခြား နျူကလီးယားလုပ်ငန်းတွေမှာ သုံးနေပုံရတယ်ဆိုပြီး ဖော်ပြထားတာတွေ ရှိနေတယ်။ စစ်အစိုးရအနေနဲ့ နိုင်ငံတော် ဘတ်ဂျက်ထဲကို မထည့်ဘူးဆိုရင် ဒါကို သူတို့အနေနဲ့ ကိုယ်ပိုင်အဖြစ် အသုံးပြုချင်တယ်ဆိုရင် ဘာကြောင့်မို့လို့ ဒီငွေတွေကို နျူကလီးယားတည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးဖို့ အစီအစဉ် ရှိနေတာလဲ။

ဦးနိုင်ထူး ။ ။ ကျနော်တို့ မြင်နေတာတခု ရှိတာက အခုန ပြောသလို နျူကလီးယားတွေ တည်ဆောက်တယ်၊ လိုဏ်ဂူတွေ တည်ဆောက်တယ်ဆိုတာကလည်း စစ်အစိုးရက သူတို့ အာဏာတည်တန့် ခိုင်မြဲရေး၊ အာဏာဆက်လက် ထိန်းချုပ်ထားဖို့ အတွက် တနည်းနည်းနဲ့ ဒီပိုက်ဆံတွေက အကျိုးဖြစ်စေတယ်။ အဲဒါ ကျနော်တို့ မြင်တာက ဒီ စီမံကိန်းတွေ လုပ်ဖို့က ပိုက်ဆံအများကြီး ကုန်ကျဖြစ်မယ့်အချိန်မှာ အစိုးရက သူမှာ နိုင်ငံခြားကို တင်ပြရောင်းချလို့ရတဲ့ ဝင်ငွေက ဒီ cash ဝင်ငွေက အများဆုံးဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ပြောချင်တာက ဒီလို ကြီးမားတဲ့ စီမံကိန်းတွေကို လုပ်နေတဲ့အချိန်မှာ ဒီငွေတွေက ဖြစ်နိုင်ချေများတာက ဒီ cash က လာတယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ ဂတ်စ် လုပ်ငန်းတွေကို ဝယ်ယူနေတဲ့ ထုတ်လုပ်နေတဲ့ ကုမ္မဏီတွေအနေနဲ့ ဒီကိစ္စကို နားလည်းသဘောပေါက်ထားတာ မရှိဘူးလား။

ဦးနိုင်ထူး ။ ။ ကုမ္မဏီတွေကတော့ အမြဲတမ်း ငြင်းပယ်ထားတာ သူတို့ဘာလုပ်လုပ် ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူးလို့ ပြောထားတယ်။ တဆက်တည်းမှာ ကျနော်တို့ ပြောဆိုချင်တာက သူတို့လုပ်တာ မသက်ဆိုင်ပေမယ့် ဒီ ကုမ္မဏီတွေ ဗမာပြည်အတွင်းမှာ လာလုပ်ကြတာ အစိုးရကို အားပေးအားမြောက်ရ ရောက်တယ်လို့ ကျနော်တို့ ပြောတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ စီမံကိန်းတွေ ဖြစ်လာခဲ့တယ်။ ဒီစီမံကိန်းကြောင့် စီမံကိန်းလုံခြုံရေးအတွက် စစ်တပ်တွေ ဒေသတွေမှာ ဒေသခံတိုင်းရင်းသားတွေကို အနှောက်အယှက် ပေးတယ်။ ဒေသခံတိုင်းရင်းသားတွေကို သတ်ဖျက်မှုတွေ ရှိခဲ့တယ်။ အတင်းအဓမ္မ လုပ်အားပေးတွေ ရှိခဲ့တယ်။ အဲဒါမို့ ကုမ္မဏီတွေက ပတ်သက်မှု မရှိဘူးလို့ ပြောလို့မရဘူး။ သူတို့ကလည်း ဒီစီမံကိန်း ပိုက်လိုင်းကာကွယ်ရေးဆိုပြီး စစ်တပ်တွေက လုပ်လိုက်တဲ့အချိန်မှာ သူတို့အတွက်လည်း အကျိုးအမြတ်ရတယ်လို့ ကျနော်မြင်တယ်။ ကုမ္မဏီတွေအနေနဲ့ ငြင်းလို့ရတာတော့ ရှိတာပေါ့။ အစိုးရက ဘာသုံးသုံး ပြောလို့ရပေမယ့် ကျနော်တို့မြင်တာက သဘာဝ သံယဇာတက ထွက်တဲ့ပစ္စည်းတွေကို ရောင်းထုတ်တဲ့အချိန်မှာ ရရှိတဲ့အကျိုးအမြတ်တွေက ပြည်သူတွေအတွက် ဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်ပြောထားတာက revenue transparency က ကုမ္မဏီရဲ့  ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ပြောထားတယ်။ ဒါကြောင့်မို့ ကျနော်တို့ကလည်း ဗမာပြည်မှာလည်း တခြားတိုင်းပြည်မှာ လုပ်ခဲ့တဲ့ transparency ကို ဘာဖြစ်လို့ ဗမာပြည်မှာ မလုပ်တာလည်းဆိုတာကို ကျနော်တို့ မေးခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကုမ္မဏီကြီးတွေအနေနဲ့က သူတို့နဲ့ ဆက်ဆံလို့ ရရှိတဲ့အမြတ်ငွေတွေကို သက်ဆိုင်ရာ အစိုးရတွေက ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာရှိအောင် ဘယ်လိုအသုံးချသလဲဆိုတဲ့ အချက်ဟာ သူတို့ကုမ္မဏီရဲ့  ဂုဏ်သိက္ခာကိုလည်း တိုးတက်စေတယ်ဆိုတော့ အခြားနိုင်ငံများမှာဆိုရင် ဘယ်အစိုးရတွေက အသုံးပြုသလည်းဆိုတာကို သိတယ်။ ထုတ်ပြန်ပေးတာ ရှိတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင်တော့ ဒီကိစ္စတွေကို ထုတ်ဖော်မပြောဘူးဆိုတော့ ဒါက ဘာကြောင့်လို့ ထင်သလဲ။ အခု အထူးသဖြင့် အမေရိကန်မှာ အခြေစိုက်တဲ့ Chevron ကုမ္မဏီတို့ ထိုင်းနိုင်ငံ PTTEP တို့ အနေနဲ့ တခြားဘယ်လို အကျိုးရလဒ်တွေကို မျှော်ကိုးနေလို့ အကာအကွယ်ပေးနေရတာလဲ။

ဦးနိုင်ထူး ။ ။ သူတို့အဲဒီလို ထုတ်ဖော်ပြောဆိုဖို့ ပြောတဲ့အခါ သူတို့က ငြင်းဆိုခဲ့တယ်။ ငြင်းဆိုတဲ့ပုံစံက အမျိုးမျိုးရှိတယ်။ ဥပမာ Total က ပြောတယ်။ သူတို့ ထုတ်ဖော်ပြောဆိုလိုက်ရင် စစ်အစိုးရ ကြိုက်မှာမဟုတ်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ Chevron က ပြန်ငြင်းထားတာက သူတို့မှာ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးလို့ စာချုပ်ချုပ်ဆိုထားတယ်။ ဒါပေမဲ့ ကျနော်တို့ ရထားတဲ့ UNOCAL ကို တရားစွဲထားတုန်းက documents ထဲမှာဆိုရင် သူတို့ ထုတ်ဖော်လို့ မရဘူးဆိုတာ မရှိဘူးလေ။ ကျနော်တို့ မြင်တာက သူတို့မှာ ထုတ်ဖော်လို့ရတယ်၊ ထုတ်ဖော်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ စီမံကိန်းက သူတို့အတွက်လည်း အကျိုးကြီးပွားဖြစ်နေတဲ့ အပေါ်မှာ အစိုးရက တားမြစ်ထားလို့ မထုတ်ဖော်တာ။ တကယ်လို့ သူတို့ ထုတ်ဖော်ပြောခဲ့မယ်ဆိုရင် အစိုးရကို ဖိအားပေးလာနိုင်တဲ့ နည်းလမ်းတွေကို အပြည်ပြည်ဆိုင်ရာကလည်း တွေ့လာလိမ့်မယ်လို့ ကျနော်တို့ မြင်တယ်။ ပိုပြီး targeted ဖြစ်လာလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသအတွင်းမှာ သူတို့ ကုမ္မဏီတွေရဲ့  လုပ်ငန်းတွေကြောင့်ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ၊ ပေါ်တာဆွဲမှုတွေ၊ ရွှေ့ ပြောင်းမှုတွေကို အခု Earth Rights International က စွပ်စွဲလာတဲ့ ပုံစံအသစ်အရဆိုရင် မြန်မာစစ်အစိုးရက နျူကလီးယား မပြန့်ပွါးမှုကိုပါ ဖောက်ဖျက်ပြီးတော့ လက်နက်ထုတ်ကိုင်မှုတွေ အဆင့်အထိ အသုံးပြုဖို့ ခြေလှမ်းကျဲလာတယ်ဆိုတော့ ဒေသအတွင်းရဲ့  လုံခြုံရေးကိုပါ ထိခိုက်စေတယ်လို့ စွပ်စွဲလာတယ်။ အဲဒီအချိန်မှာ အဲဒီအတွက်ကြောင့် ကုမ္မဏီတွေအနေနဲ့ ဖိအားပေးမှုတွေကို ပိုပြီးရလာနိုင်မယ့် အလားအလာရှိသလား။

ဦးနိုင်ထူး ။ ။ ကျနော်တို့အနေနဲ့ မြင်တာက ကုမ္မဏီတွေရဲ့  လုပ်ရပ်တွေ မမှန်ဘူးလို့မြင်တယ်။ အဲဒါကြောင့် ဗမာတခုတည်းလည်း မဟုတ်ဘူး တခြားတိုင်းပြည်၊ ဒေသတွေမှာကြည့်ကြည့် ရင်းနှီးမြုပ်နှံမှုတွေ သွားလုပ်တာရှိခဲ့ရင် အကျိုးအမြတ်တခုတည်းကို မဟုတ်ဘဲနဲ့ ဒီတိုင်းပြည်နဲ့ လုပ်သင့်မလုပ်သင့် အဲဒီလို စဉ်းစားလာဖို့ ကျနော်တို့က တိုက်တွန်းချင်ပါတယ်။ ဗမာပြည်တခုတည်း မဟုတ်ပါဘူး တခြားတိုင်းပြည်၊ တခြားဒေသတွေမှာလည်း သွားပြီးရင်းနှီးမြုပ်နှံမှု လုပ်ခဲ့မယ်ဆိုရင် ကျနော်တို့ လိုချင်တာက ရင်းနှီးမြုပ်နှံမှုလုပ်တဲ့ နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဓိက မဖြစ်ဖို့ ဖြစ်တယ်။

ရာဇ၀တ်ဘေးက ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံကရာဇ၀တ်ကောင်တွေကို အရေးယူအပြစ်ပေးကြပါစို့

5:42 AM | Posted by Anonymous
မူရင်း (ခေတ်ပြိုင်)

ဖိုးဇော် (ဘာသာပြန်) / ၁၂ ဇူလိုင် ၂၀၁၀

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကင်တာနာက မြန်မာနိုင်ငံစစ်အစိုးရဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်တဲ့ရာဇ၀တ်မှုတွေ ကျူးလွန်ဖွယ်ရာ ရှိနေတဲ့အကြောင်းနဲ့ အဲဒီလို နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါကို ကျနော်သဘောတူပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်းလောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ ချိုးဖောက်ကျူလွန်မှုတွေအပေါ် ကမ္ဘာကြီးက ယခင့်ယခင်နဲ့ မတူအောင် အာရုံစိုက်လာခဲ့ပါတယ်။ မြန်မာစစ်အာဏာရှင် သန်းရွှေကတော့ ဒါတွေကို ကမ္ဘာကြီးက မကြာခင် မေ့ပျောက်သွားစေဖို့ ရည်ရွယ်မျှော်လင့်ပြီး သူ့ရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်အောင် အရောင်တင်ပေးမယ့် ဟန်ပြရွေးကောက်ပွဲတရပ်ကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေရဲ့ ရဲစွမ်းသတ္တိရှိစွာ ဦးဆောင်ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်။ ဂျပန်ဓာတ်ပုံ သတင်းထောက် ကင်ဂျိနာဂါအိကို သတ်ဖြတ်ခဲ့မှုအပါအ၀င် အဲဒီ ဆန္ဒပြပွဲတွေအပေါ် မြန်မာစစ်အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွင်းမှုတွေက သူ့ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်အခါတုန်းကနဲ့မှ မတူအောင် ရှင်းရှင်းလင်းလင်း ပွင့်ကျသွားစေခဲ့တယ်။

နောက်ရှစ်လအကြာမှာတော့ နာဂစ်မုန်တိုင်းကြီးက မြန်မာပြည်ကို ဖြတ်သန်းတိုက်ခတ် ချေမွပစ်ခဲ့တယ်။ ဒီမုန်တိုင်းကြောင့် အသက်အိုးအိမ် စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။ အဲဒီ မုန်တိုင်းဘေးဒုက္ခသည်တွေအပေါ် နိုင်ငံတကာရဲ့ စာနာထောက်ထားကူညီမှုတွေကို မြန်မာစစ်အစိုးရက စောစောပိုင်းကာလမှာ လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ ဒါဟာ ဒီစစ်အစိုးရရဲ့ လူသားမဆန်မှုကို ထင်ထင်ရှားရှား သက်သေပြခဲ့တာပဲဖြစ်တယ်။

တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသတွေ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသမှာ မြန်မာစစ်အစိုးရက ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်။ ထင်ရှားအရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင် အနည်းဆုံးတဦးလောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အခြားခေါင်းဆောင်တွေကိုလည်း အလားတူလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ချင်းပြည်နယ်မှာ လူတွေအငတ်ဘေးဆိုက်ပြီး အတိဒုက္ခရောက်နေမှုအပေါ် အကြင်နာတရားကင်းမဲ့စွာ ဥပက္ခာပြုထားခဲ့တယ်။ ဒါတွေအားလုံးဟာ တိုင်းရင်းသားလူနည်းစု တွေကို ရှင်းလင်းသုတ်သင်ပစ်ဖို့ ဒီအစိုးရမှာ အစီအစဉ်ရှိနေတယ်ဆိုတာ ဖော်ထုတ်ပြသနေတာပဲဖြစ်တယ်။

ဒီအစိုးရက အခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်မျိုးမှာ ကမ္ဘာကြီးအနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နောက်ခံအခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ မမေ့သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဟားဗတ် ဥပဒေကျောင်းတော်ကြီးက “မြန်မာနိုင်ငံတွင်းက ရာဇ၀တ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။

အမေရိကန်တရားသူကြီး ပက်ထရီရှာဝဲလ်ဒ်၊ မွန်ဂိုးလီးယားက ဂန်ဇိုရစ်ဂွန်ဘိုဆူရင်၊ အင်္ဂလန်က ဆာဂျက်ဖရီနိုက်စ်ကျူစီ၊ တောင်အာဖရိကက တရားသူကြီး ရစ်ချက်ဂိုးလ်စတုန်းနဲ့ ဗင်နီဇွဲလားက တရားသူကြီး ပီထရို နစ်ကင်းန်တို့ အပါအ၀င် ကမ္ဘာတလွှားက ထင်ရှားအရေးပါတဲ့ ဥပဒေပညာရှင်အချို့ တာဝန်ယူကြီးကြပ်ပြုစုထုတ်ဝေခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်ဖောက်ဖျက် ကျူးလွန်တဲ့ အတိုင်းအတာအထိ ရှိနိုင်ကြောင်းနဲ့ အဲဒီ ကျူးလွန်ဖောက်ဖျက်မှုတွေကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း သုံးသပ်ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း တယောက်အနေနဲ့ ကျနော် ဒါကို သဘောတူပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကျနော် တာဝန်ယူခဲ့စဉ်ကာလက အဓမ္မအလုပ်စေခိုင်းမှု၊ အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မုဒိန်းကျင့်မှုကို စစ်လက်နက်တခုသဖွယ် အသုံးချမှု စတာတွေကို မြန်မာနိုင်ငံတ၀ှမ်းမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာမလိုတဲ့ အထောက်အထားတွေ ကျနော်ရရှိခဲ့တယ်။ အဲဒီအချိန်ကစလို့ နောက်ထပ်ရရှိတဲ့ အထောက်ထားတွေက ခိုင်မာသထက် ခိုင်မာလာနေပါပြီ။ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ရဲ့ အဆိုအရ ၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဒေသတွေမှာ ကျေးရွာပေါင်း (၃,၅၀၀) လောက် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေကိုလည်း လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးချခဲ့ကြတယ်လို့ ဆိုတယ်။ စစ်ရေး လိုအပ်ချက်အရ မိုင်းကွင်းတွေကို ရှင်းလင်းဖို့အတွက် မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားရာ မိုင်းကွင်းတွေအတွင်း ကျေးရွာသားတွေကို ရှေ့ကနေ အတင်းအဓမ္မဖြတ်လျှောက်ခိုင်းပြီး လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခဲ့ကြလို့ မကြာခဏဆိုသလို ကျေးရွာသားတွေ အသက်ဆုံးရှုံးခဲ့ရတာတွေ ခြေတွေ လက်တွေ ပြတ်ခဲ့ရတာတွေ ရှိခဲ့တယ်။

ကျနော် မြန်မာပြည်ကထောင်တွေ တော်တော်များများကို ရောက်ခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းမှုပုံစံမျိုးစုံကိုလည်း ကြားနာသိရှိခဲ့ရတယ်။ ယခုအချိန်မှာ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော်လောက် မြန်မာအကျဉ်းထောင်တွေထဲမှာ ရှိနေတယ်လို့ ယုံကြည်ရပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ရှိနေဆဲပါပဲ။ သူမဟာ လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်းမှာ (၁၄) နှစ်ကျော်မျှ အထိန်းသိမ်းခံဘ၀နဲ့ နေနေရသူပါ။

မြန်မာနိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပါ။ မြန်မာစစ်အစိုးရဟာ မြန်မာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင် လူနည်းစုတွေအပေါ် ညှာတာထောက်ထားမှု လုံးဝမရှိပါဘူး။ ချင်းလူမျိုးနဲ့ ကချင်လူမျိုး တိုင်းရင်းသားအများစုပါဝင်တဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အလားတူ ကရင်နဲ့ ကရင်နီလူမျိုး ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားရှိခိုးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခံရမှုအပါအ၀င် ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေခံနေရတယ်။ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ် လက်ဝါးကပ်တိုင်တွေကို အတင်းဖြိုချ ဖယ်ရှားခိုင်းပြီး အဲဒီနေရာမှာ ဗုဒ္ဓဘာသာဘုရားပုထိုး စေတီတွေ တည်ခိုင်းတယ်။ ဒါတွေကို သေနတ်နဲ့ချိန်ပြီး အတင်းအဓမ္မ လုပ်ခိုင်းနေတာပါ။ မွတ်စလင် ရိုဟင်ဂျာတွေလည်း အလားတူ ဖိနှိပ်ခံနေရပြီး မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြပေမယ့် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံသားဖြစ်ခွင့်မရဘဲ ငြင်းပယ်ခံနေကြရတယ်။ ဒီလို ငြင်းပယ်ခံရတာကြောင့် သူတို့ဟာ သွားလာလှုပ်ရှားမှုနဲ့ လက်ထပ်ထိမ်းမြားမှုတွေမှာ အကြီးအကျယ် ကန့်သတ်ထိန်းချုပ်ခံနေရပြီး ပညာသင်ကြားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ဆုံးရှုံးနေရတယ်။

ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီးသားပါ။ ကျနော့်မိတ်ဆွေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ရာဇူးမားလားလားက ဒီကျူးလွန်ဖောက်ဖျက်မှုတွေဟာ “နိုင်ငံရေးအရရော ဥပဒေအရပါ တာဝန်ရှိတဲ့ အမြင့်ဆုံး အာဏာပိုင်အဆင့်က ချမှတ်ထားတဲ့ မူဝါဒ၊ ပေါ်လစီတွေကြောင့်သာဖြစ်တယ်” ဆိုတာကို ၁၉၉၆ ခုနှစ်ကတည်းက သုံးသပ်ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ နိုင်ငံတကာဥပဒေ ချိုးဖောက်နေမှုတွေကို ရပ်ဆိုင်းပစ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းတောင်းဆိုထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံကို လူသားမျိုးတုံး သုတ်သင်မှု ရှိမရှိ စောင့်ကြည့်ရမယ့် နိုင်ငံတနိုင်ငံအဖြစ် စာရင်းသွင်းထားပြီး လူသားမျိုးတုံးသုတ်သင်မှု အန္တရာယ်ညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံကို ဆူဒန်နိုင်ငံနဲ့အတူ အန္တရာယ်အရှိဆုံး နိုင်ငံနှစ်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အလားတူပဲ သုံးသပ်အကဲဖြတ်ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရရဲ့ ကျူးလွန်မှုတွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအဖြစ် သတ်မှတ်ဖော်ပြထားပြီး လူနည်းစု အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကလည်း တိုင်းရင်းသားလူနည်းစုတွေအပေါ် အန္တရာယ်ပြုခြိမ်းခြောက်ခံနေရဆုံးနိုင်ငံ (၅) နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ထားပါတယ်။ ဖရီးဒမ်းဟောက်စ်အဖွဲ့ကတော့ မြန်မာနိုင်ငံကို “အဆိုးတကာ့ အဆိုးဆုံး” နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ နိုင်ငံတကာအသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့တို့ကလည်း အလားတူ သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ “ရွေးကောက်ပွဲကိစ္စတွေ” နေရာယူလွှမ်းမိုးနေမှုနဲ့အတူ သူ့ရဲ့စိုးမိုးအုပ်ချုပ်မှုအပေါ် တိုင်းရင်းသားလူနည်းစုတွေရဲ့ ဆန့်ကျင်တွန်းလှန်မှုမှန်သမျှကို လက်စတုံးချေမှုန်းပစ်ရေးဆိုတဲ့ သန်းရွှေရဲ့လုပ်ရပ်ကြောင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေ ပျံ့နှံ့တိုးပွားလာနေတဲ့အချိန်အခါပါ။ ခုလိုအချိန်အခါမျိုးမှာ နောက်ထပ်အသက်တွေ မဆုံးရှုံးရခင်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် အရေးယူဆောင်ရွက်ဖို့လိုနေပါပြီ။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအပေါ် အရေးယူအပြစ်ပေးမခံရဘဲ လွတ်ကင်းမှုတွေ နေရာအနှံ့ရှိနေပါတယ်။ ဒီရာဇ၀တ်မှုတွေကို ပပျောက်သွားစေမယ့် အရေးယူဆောင်ရွက်မှုတွေလည်း ဘာတမှုမှမရှိပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထောက်ခံတင်ပြထားချက်အပေါ် တုံ့ပြန်ဆောင်ရွက်ဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်စုအပေါ် ဖောက်ဖျက်ကျူးလွန်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ရတဲ့ အကြောင်းရင်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာစစ်အစိုးရအပေါ် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို နိုင်ငံအားလုံးက လိုက်နာဆောင်ရွက်စေမယ့် အရေးယူပိတ်ဆို့မှုမျိုး ချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။

မြန်မာစစ်အစိုးရဟာ ဒီရာဇ၀တ်မှုတွေကို ကျူးလွန်ခွင့်ရရှိနေခဲ့တာ နှစ်ကာလအလွန် ကြာညောင်းခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး ဘာတခုမှ အရေးယူ အပြစ်ပေးမခံရဘဲ ရာဇ၀တ်မှုတွေ ဆက်လက်ကျူးလွန်နေမယ့် အခြေအနေမျိုးကိုတော့ ကျွန်တော်တို့ လက်ပိုက်ကြည့်မနေသင့်တော့ပါဘူး။

မှတ်ချက်။ ။
၂၀၁၀ ခု ဇူလိုင် (၆) ရက်ထုတ် The Jakarta Post သတင်းစာပါ Yozo Yokota ၏ Challenge impunity in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

စာရေးသူ Yozo Yokota သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးရသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကုလသမဂ္ဂကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်အဖြစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။

အဘတို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ အားပေးနေ

5:36 AM | Posted by Anonymous

(





13.7.2010 ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦး + အတွင်းရေးမှူး ဦးဝင်းတင် ဦးဆောင်သော အဖွဲ့သည်
နိုင်ငံရေးအကျဉ်းကျမိသားစုများ အားသွားရောက်တွေ့ဆုံခဲ့သည်။



ထိုသို့သွားရောက် ရာတွင် ပထမဦးစွာ၊ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုခိတာ(၄) လမ်း၊ အိမ်အမှတ်(၁၁၅)ရှိ ကိုပဏ္ဍိတ်ထွန်း၏ နေအိမ်တွင် နိုင်ငံရေးအကျဉ်းကျများဖြစ်ကြသော ကြည်သာထွန်း၊ အေးသီတာ၊ထွန်းထွန်းနိုင် ၊မောင်မောင်မြင့်၊ဦးသိန်းလွင်ဦး၊ဦးရဲမြင့်၊ဦးတင်ဦး၊တို့၏ မိသားစုဝင်များ အား မနက်(၁၀း၄၅) နာရီတွင်တွေ့ဆုံသော အားပေးစကားပြောကြားခဲ့ သည်။



ဆက်လက်ပြီး ရန်ကုန်တိုင်းအင်းစိန်မြို့၊ဖော့ကန်ရပ်ကွက်၊ဂျပန်လမ်းမကြီးဘေးရှိနိုင်ငံရေးအကျဉ်းသားဒေါက်တာနေ၀င်း၏နေအိမ်တွင် ဒေါက်တာနေ၀င်း၏ဇနီးဖြစ်သူ ဒေါ်သန္တာဝင်းနှင့်အတူ၊ မဖြိုးဖြိုးအောင်၊ ကိုဇော်ဇော်အောင်၊ ကိုဒီငြိမ်းလင်း၊ ရဲမြတ်ဟိန်း၊ ကိုထွန်းထွန်းနိုင်တို့၏ မိသားစုဝင်များအားသွားရောက်တွေ့ဆုံခဲ့သည်။ကိုဇော်ဇော်အောင်၏ဇနီး ၊ ကိုဒီငြိမ်းလင်း၏ မိခင်၊ ဒေါ်ဌေးဌေးဝင်း မိသားစုဝင်များအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။



ယင်းသို့ တွေ့ဆုံရာတွင်၊အကျဉ်းကျမိသားစုဝင်များ ၏ မိသားစုဝင်များကလည်း အဘတို့ယခုလို လာရောက်ခြင်းကို လွန်စွာ ကျေနပ်မိပါကြောင်း နှင့် အားဖြစ်စေပါကြောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

လူထုစိန်ဝင်းက နိုင်ငံရေး ဆောင်းပါးများ ရေးသားခြင်း ယာယီ ရပ်တန့်၊ ဒီမိုကရေစီယိမ်းထဲ မပါလို၍ ဟုဆို

Sunday, June 27, 2010 10:09 PM | Posted by Anonymous

(မိုးမခ)


လူထုစိန်ဝင်းက နိုင်ငံရေး ဆောင်းပါးများ ရေးသားခြင်း ယာယီ ရပ်တန့်၊
ဒီမိုကရေစီယိမ်းထဲ မပါလို၍ ဟုဆို
ဝင်းမြတ် ၊ ရန်ကုန်
ဇွန် ၂၅၊ ၂ဝ၁ဝ လူထုစိန်ဝင်း (ဓာတ်ပုံ-မိုးမခ)

ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိမလာခင်ကတည်းက ၂ဝဝ၈ အခြေခံ ဥပဒေကို ဘာကြောင့် လက်ခံသင့်ကြောင်း၊ ရွေးကောက်ပွဲသည်သာ တစ်ခုတည်းသော မြန်မာ့ နိုင်ငံရေး ထွက်ပေါက် ဖြစ်တဲ့အကြောင်း စည်းရုံးသူ စည်းရုံး၊ ရေးသူက ရေးခဲ့ကြပါတယ်။ အထူးသဖြင့်တော့ The Voice ဂျာနယ် ပိုင်ရှင် ဒေါက်တာနေဝင်းမောင် နဲ့ သူ့ဂျာနယ်ကနေ ဖော်ပြခဲ့တဲ့ စာရေးဆရာ မောင်စူးစမ်း၊ စာရေးဆရာ ကျော်ဝင်းတို့ပဲ ဖြစ်ပါတယ်။

သူတို့က စစ်အစိုးရရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ဒီအတိုင်း လက်ခံဖို့ အခြား ရွေးစရာမရှိဘဲ တစ်ခုတည်းသော ရွေးစရာ ဖြစ်ကြောင်း အကြိမ်ကြိမ်၊ အကိုးအကား အမျိုးမျိုးနဲ့ ရေးသားခဲ့ကြတာပါ။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ဆောင်ရတဲ့ အနုပညာတရပ် ဖြစ်တယ်လို့တောင် စာရေးဆရာ မောင်စူးစမ်းက ရေးသားခဲ့ပါတယ်။

သူတို့ရဲ့ အမြင်တွေနဲ့ မတူညီတဲ့ အမြင်ကို ဖော်ထုတ်တာ၊ ချေပရေးသားတာမျိုးကိုတော့ စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲကို ထောက်ခံတာကိုပဲ ဖော်ပြခွင့် ပြုခဲ့တာပါ။ ထိုကာလတွေက အထက်ပါ အုပ်စုကို ဆရာ လူထုစိန်ဝင်းက ပြန်လည်ချေပ ရေးသားတဲ့ စာတွေက အများစု ဖော်ပြခွင့် မရခဲ့လို့ စာဖတ်ပရိတ်သတ် အနေနဲ့ တဖက်သတ် အမြင်တွေပဲ ဖတ်ရှုခွင့် ရခဲ့ကြပါတယ်။

မတ်လမှာ စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ကြေညာခဲ့ပြီးနောက်မှာတော့ ပါတီထောင်မယ့်သူတွေလည်း ဂျာနယ် စာမျက်နှာတွေပေါ်မှာ တရားဝင် ပြောဆိုလာကြပါတယ်။ စိစစ်ရေးက ဖြတ်တာဖြတ် ဖြုတ်တာဖြုတ်ပြီးနောက်မှာ ဒီမိုကရေစီရေး၊ ခေါင်းဆောင်ကောင်းကို ရွေးဖို့၊ တိုင်းပြည်အတွက် ကောင်းအောင် လုပ်သွားမယ် ဆိုတာတို့တွေ ဖတ်ရှုလာရပါတယ်။

ရွေးကောက်ပွဲ ဥပဒေ တရားမျှတမှု မရှိတာ၊ အာဏာ လက်ရှိယူထားသူတွေ အာဏာမစွန့်ဘဲ ကြံ့ဖွံပါတီ မှတ်ပုံတင်လျှောက်တော့လည်း ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးသမား အတော်များများက မဝေဘန်ရဲခဲ့ကြပါဘူး။

ဒါကြောင့် တဘက်သတ် ပြောခွင့်သာ ရနေတဲ့ မဂ္ဂဇင်း ဂျာနယ် စာမျက်နှာများပေါ်မှာ လူထုကို နိုင်ငံရေးပညာပေးလို ဆောင်းပါးမျိုးတွေ မရေးတော့ဘူးလို့ ဆရာ လူထုစိန်ဝင်းက ကြေညာလိုက်တာ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ ဆောင်းပါးဟာ ယခုတစ်ပတ်ထုတ် ပေါ်ပြူလာ နယူးစ် ဂျာနယ်မှာ ဖော်ပြထားတဲ့ လူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ပြန်လည် ကူးယူ ဖော်ပြလိုက်တာပါ။

ယိမ်းကတဲ့ထဲ မပါတော့ဘူး

လူထု စိန်ဝင်း

ပေါ်ပြူလာ နယူးစ် အတွဲ ၂ အမှတ် ၂၄၊ ဇွန် ၂၄၊ ၂ဝ၁ဝ

ဂျာနယ် မဂ္ဂဇင်းပေါင်းများစွာ အတွက် စာတွေ အဆက်မပြတ်ရေး နေတာနဲ့ ပတ်သက်ပြီး တချို့လူငယ် စာနယ်ဇင်းသမားတွေက မေးခွန်း တစ်ခုကို မကြခဏ မေးတတ်ကြတယ်။ ဂျာနယ်နဲ့ လိုက်တဲ့အကြောင်းအရာကို ရွေးတာလား၊ ရေးချင်တာ ရေးပေးတာလားဆိုတဲ့ မေးခွန်းဖြစ်တယ်။

ပြောချင်လို့ရေးတာ

ကိုယ်ကြိုက်တာ ကိုယ်ရေးပါတယ်လို့ပဲ ခပ်သွက်သွက် ပြန်ဖြေ လိုက်တာချည်းပါပဲ။ စဉ်းစားမနေရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စာရေးတဲ့ အလုပ်ကို လုပ်တဲ့ အကြောင်းရင်းကိုက ကိုယ့်ထင်မြင် ယူဆချက်နဲ့ ကိုယ့်သဘောထားတွေကို ပြောချင်လို့ပဲဖြစ်တယ်။ စာစောင်တွေနဲ့ လိုက်အောင် တမင်ရှာကြံပြီးရေးတာမျိုး မရှိသလို စာစောင်တွေက ရေးခိုင်းတဲ့ `အပ်ထည်´ဆိုတာမျိုးလည်း ဘယ်တုန်းကမှ မရေးခဲ့ဖူးပါဘူး။ တချို့အကြောင်းမသိတဲ့ စာစောင်တွေက သူတို့လုပ်နေကျပုံစံ အတိုင်း နိုင်ငံခြားသတင်းစာနဲ့ စာစောင်တွေထဲက ဒါမှမဟုတ် အင်တာနက်ထဲက သူတို့ကြိုက်တဲ့ စာတွေကို ကော်ပီကူးပြီး လာပေးတတ်တယ်။ သူများကြိုက်တိုင်း ကိုယ်လိုက်မကြိုက်ဘူး၊ ကိုယ်ကြိုက်တာရွေးပြီး ရေးတယ်လို့ ပြောပြီး ပြန်ပေးလိုက်တယ်။ နောက်ဆို အဲဒီလိုလာပေးတာမျိုး မလုပ်တော့ဘူး။

မက်ဆေ့ခ်ျ မပါတာမရှိ

နေ့စဉ် တစ်နေ့ နှစ်ပုဒ်နှုန်း ရေးတဲ့ စာတွေထဲမှာ အဓိက အနေနဲ့ စာနယ်ဇင်း အတတ်ပညာနဲ့ စာနယ်ဇင်းကျင့်ဝတ် အကြောင်းရယ် လူငယ်နဲ့ အမျိုးသမီး အကြောင်းရယ် တို့ကအများဆုံးဖြစ်တယ်။ လိုအပ်ရင် လိုအပ်သလို နိုင်ငံတကာရေးရာ ဆောင်းပါး တွေနဲ့ နိုင်ငံရေး ဆောင်းပါးတွေ ရေးဖြစ်သလို၊ စာပေရေးရာ ဆောင်းပါးတွေလည်း ရေးဖြစ်ပါတယ်။ ရေးသမျှကတော့ ဆိုင်ရာ ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ့်ထင်မြင် ယူဆချက်၊ ကိုယ့်အာဘော်ကို ပြောချင်တဲ့အတွက် ရေးခဲ့တာချည်းပါပဲ။ စာကောင်းဖြစ် မဖြစ်သာရှိမယ်။ ပြောချင်တဲ့ စကား (မက်ဆေ့ခ်ျ)မပါတဲ့ စာရယ်လို့တော့ တစ်ခုမှ မရှိပါဘူး။

စာစောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တာတွေ

စာစောင်တွေက စာမူတောင်းတယ် ဆိုကတည်းက ဘယ်လို ဆောင်းပါးမျိုး ရမယ် ဆိုတာ သိပြီးသားဖြစ်တယ်။ ဒါကြောင့် ကိုယ်ရေးနေကျ ဆောင်းပါးမျိုးတွေ ရေးပေးလိုက်တာပါပဲ။ စာစောင်နဲ့ လိုက်အောင် စဉ်းစားပြီးရေးရတာမျိုး မရှိပါဘူး။ ကိုယ်ရေးလိုက်တဲ့စာက စာစောင်သွားနေတဲ့ လမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာမျိုးတွေလည်း အများကြီးရှိတယ်။ သည်းခြေခိုက် (sensational) ဖြစ်အောင် လှုပ်လှုပ်ခတ်ခတ် လုပ်တတ်တဲ့ စာစောင်မျိုးမှာ သည်းခြေခိုက်လုပ်တာ စာနယ်ဇင်းသမားကောင်းတို့ရဲ့ လုပ်ရပ်မဟုတ်ကြောင်း ရေးတာမျိုးဖြစ်တယ်။

ဖားအော်သံတွေ ကြားရသလို

အသက် ၇ဝ တန်း ရောက်နေပြီ ဖြစ်တော့ ငွေကြေးချမ်းသာဖို့တို့ ၊ နာမည်ကြီးဖို့တို့လည်း မလိုတော့ပါဘူး။ အဲဒီတော့ လူကြိုက်အောင် အထင်ကြီးအောင်၊ ပိုက်ဆံရအောင် မရေးအပ်တော့ဘူး။ မှန်တာပြောပြီး မှန်တာပဲ ရေးသင့်တော့တယ်။ ငါးပွက်ရာ ငါးစာချတာမျိုးလည်း နကိုကတည်းက ဝါသနာမပါဘူး။ နိုင်ငံရေးစကား၊ ဒီမိုကရေစီစကားများကို ဂျာနယ်စာမျက်နှာတွေပေါ်မှာ တရားဝင်တင်ခွင့်ရလာတဲ့ အချိန်မှာ မိုးသံကြားရင် ဖားအော်သံတွေ ဆူညံလာသလို၊ ဒီမိုကရေစီသံတွေ ကျယ်လောင်စွာ ကြားလာရတယ်။ ရွေးကောက်ပွဲ လုပ်မယ်လို့ တရားဝင်ကြေညာ လိုက်တဲ့ အချိန်မှာ နိုင်ငံရေးသမားတွေလည်း ခေါင်းထောင်လာကြတယ်။

ဒီမိုယိမ်းကနေကြ

အဲဒီအခါ ဂျာနယ်တွေအားလုံး ဒီမိုကရေစီယိမ်းကသလို အားလုံး ဒီမိုကရေစီ ဖြစ်ကုန်ကြတာ တွေ့ရတယ်။ တချို့က ဒီမိုကရေစီကို နှစ်နှစ်ကာကာ ယုံကြည်လို့ ဝင်ပါတာ။ တော်တော်များများကတော့ မိုးရွာတုန်းရေဝင်ခံကြတာ။ ဘာယုံကြည်ချက်၊ ခံယူချက်မှ ရှိကြတာမဟုတ်ဘူး။ နိုင်ငံရေး သမားတွေ ခေါင်းထောင်ထလာတယ် ဆိုရာမှာလည်း တိုင်းပြည်အတွက်၊ ဒီမိုကရေစီအတွက် တကယ်ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူတွေပါသလို ပွဲလန့်တုန်း ဖျာဝင်ခင်းသူတွေလည်း အများကြီးပါကြတယ်။ ခေတ်တစ်ခေတ် ပြောင်းရင် အရောင်တစ်ခါ ပြောင်းလေ့ရှိတဲ့ ပုတ်သင်ညို နိုင်ငံရေးသမားတွေလည်း ပါတယ်။ တစ်သက်လုံး ကိုင်မကြည့်ဘူးတဲ့ နိုင်ငံရေး စာအုပ်တွေကို အခုမှ အမောတကော လိုက်ရှာပြီး နိုင်ငံရေး ဂုရုလုပ်နေသူတွေလည်း မျက်စေ့နောက်လောက်အောင် တွေ့ရတယ်။

စကားထဲက ဇာတိပြ

အဲဒါကြောင့် ဘယ်သူတွေဟာ လေးစားထိုက်သူတွေဖြစ်ပြီး ဘယ်သူတွေကတော့ ပုတ်သင်ညိုတွေနဲ့ စားဖားတွေ ဖြစ်တယ် ဆိုတာတွေကို ကွဲပြားခြားနား သိရှိစေဖို့အတွက် ၂ဝဝ၈ နဲ့ ၂ဝဝ၉ နှစ်နှစ်လုံးလုံး နိုင်ငံရေး၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စာတွေ အများကြီးရေးဖြစ်ခဲ့တယ်။ လုံးချင်းစာအုပ်တစ်အုပ် အဖြစ်စုပေါင်းထုတ်နိုင်တဲ့ အထိ များခဲ့တယ်။ အခုတော့ ရပ်လိုက်ပြီ။ ဆက်မရေးတော့ဘူး။ ဘယ်သူတွေဟာ ဘာတွေလဲ ဆိုတာကို စာဖတ်ပရိသတ်က ကောင်းကောင်းကြီးသိသွားပြီ လို့ယူဆတာကြောင့် မရေးတော့တာပါ။ `စကားထဲက ဇာတိပြ´ ဆိုတဲ့စကားအတိုင်း သူတို့ပြောတာ ရေးတာတွေများလာတာနဲ့ အမျှ သူတို့ဇာတိရုပ်တွေကို ရှင်းရှင်းလင်းလင်းကြီး မြင်တွေ့သွားကြပြီလေ။

မြန်မာတွေ သိပ်အကင်းပါးတယ်

မြန်မာစာဖတ် ပရိသတ်က သိပ်အကင်းပါးတယ်။ ပါးစပ်ဟလိုက်တာနဲ့ အူမအထိ ဖောက်ထွင်း မြင်နိုင်တဲ့ လူမျိုးဖြစ်တယ်။ သူတို့ပြောတာတွေ နားထောင် ၊ သူတို့ရေးတာတွေဖတ် လုပ်လိုက်တာနဲ့ သူတို့ဘာကို ရည်ရွယ်ပြီး ဘာကိုမျှော်ကိုးပြီး လုပ်နေကြတယ် ဆိုတာ ကောင်းကောင်းသိကြတယ်။

ယိမ်းသမား အထင်ခံရနိုင်

အဲဒါကြောင့် ဆက်မရေးတော့ဘဲ ရပ်လိုက်တာ။ ဒီမိုကရေစီယိမ်းထဲ ကြာကြာ ဆက်ပါနေရင် ကိုယ်ပါ ယိမ်းသမား ဖြစ်သွားပြီလားလို့ စာဖတ်ပရိသတ်က ထင်သွားနိုင်တယ်လေ။ စာဖတ်ပရိသတ်ဆိုတာ စာရေးသူများအတွက် အသက်ဝိညာဉ်ဖြစ်တယ်။ စာဖတ်ပရိသတ်က စွန့်ပစ်လိုက်ခြင်းဟာ စာရေးသူ အတွက်အသက်ဝိညာဉ် နှုတ်ယူခံလိုက်ရတာနဲ့ အတူတူဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီယိမ်းထဲ ဆက်ပြီးမပါတော့တာ ဖြစ်ပါတယ်။

(မိုးမခ)